Notice -

Written in Myanmar3 unicode font. If you want to know about the unicode download and installation, please click on here for more detail informations.

Sunday, October 30, 2011

ကြယ်စင်သူရဲကောင်း


သို့
ကြယ်စင်ချစ်သူ။

ငါ...
ကြယ်စင်ပါ
မင်းတို့ ချစ်သူတွေအတွက် ငါ စတေးပါ့မယ်၊
(ဒါပေမဲ့)
တုံ့ပြန်မှုတွေ မလိုပါဘူး။

ငါ...
ကြယ်စင်ပါ
မင်းတို့ဘဝတွေ အတွက် ငါ လည်စင်းပါ့မယ်၊
(ဒါပေမဲ့)
ပေးဆပ်မှုတွေ မလိုပါဘူး။

(တကယ်တော့)
ငါ...
ကြယ်စင်ပါ ချစ်သူ၊
ခန္ဓာမဆဲခင်မှာ မှာခဲ့ချင်တယ်
ချစ်ခြင်းတရားရဲ့ ဆုံဆည်းခွင့်ဟာ
ကြယ်စင်သူရဲကောင်းတွေရဲ့
ထာဝရ ထွက်သက်တွေပါဘဲ။

(၁)

အိပ်တန်းပြန် ငှက်တို့က အုပ်စုဖွဲ့ ပျံသန်းနေကြပြီ။ သူတို့ကို ငေးမောကြည့်ရင်း လွတ်လပ်မှုအရသာကို ကျွန်တော် တမ်းတနေမိသည်။ သူတို့လို လွတ်လပ်ပေါ့ပါးသော ကိုယ်ဖြင့် အနှောင်အတွယ်မဲ့စွာ ပျံသန်းချင်နေမိသည်။ သူတို့မှာ အတောင်ပံ တစ်စုံမှလွဲ၍ ဘာပိုင်ဆိုင်မှုမျှ မရှိ၊ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ လူတို့မှာသာ လောဘ၊ ဒေါသ၊ မောဟ စသည့် အရာတို့တွင် စီးမြော လိုက်ပါရင်း ဥစ္စာပစ္စည်းတို့ကို အလူးအလဲ ရှာဖွေနေကြသည်ဘဲ။

"ဟင်း... "

သက်ပြင်းရှည် တစ်ခုကို အမှတ်မထင် ချမိသည်။ အိပ်တန်းပြန် ငှက်တို့နှင့်အတူ လိုက်ပါသွားခဲ့သော အတွေးတို့က ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရီပျိုးတော့မှ ပြန်ရောက်လာကြသည်။ ဆည်းဆာအချိန်သည် တိတ်ဆိတ်လျှက်ပင်ဖြစ်သည်။ နေ့အခါက အာဏာအရှိန်အဝါကို အစွမ်းကုန် အသုံးချကာ ထွန်းလင်းဝံ့ကြွားခဲ့သော သူရိန်နေမင်းသည် ယခုအခါ တောင်စွယ်တွင် ညှိုးငယ်စွာ တိမ်းဝပ်နေရပြီ။ မှောင်ရိပ်သန်းသော ကောင်းကင်ပြင်တွင် တောင်ပသောကြယ်တို့က ဟိုတစ်စ၊ ဒီတစ်စ ထွက်ပေါ်စ ပြုနေသည်။ ပူလောင်ခြောက်သွေ့သော လေတို့၏ နေရာတွင် စိမ့်သက်အေးမြသော လေပြည်တို့က အစားထိုး ဝင်ရောက်လာနေပြီ။ တစ်လောကလုံး အလင်းရောင် ပျောက်သွားသော်လည်း လမင်းသည် ပေါ်ထွက်မလာသေး၊ လနတ်သမီး အိပ်ယာထ နောက်နေပြီ ထင်၏။

"သား... သား ဘာတွေ တွေးနေတာလဲ"

အဘက ကျွန်တော့်၏ အတွေးတို့ကို တချို့တဝက် ပိုင်ဆိုင်ချင်သော မျက်နှာအမူအယာဖြင့် တီးတိုးညင်သာစွာ မေးလေ၏။ အဘကို ကျွန်တော် မော့ကြည့်လိုက်သည်။ အဘ၏ မျက်နှာသည် အိုမင်းမှု၊ ဇရာ၏ မညှာမတာ ကုတ်ခြစ်မှုတို့ကြောင့် အရေးအကြောင်းတို့ဖြင့် သိသာထင်ရှားစွာ နွမ်းလျနေသည်။ သို့သော်လည်း ထိုအရေးအကြောင်းတို့ အကြားတွင် လျှို့ဝှက်သော အပြုံးတစ်ခုက ရီးလေခိုနေသည်ကို ကျွန်တော် သိလိုက်သည်။ အဘက ကျွန်တော့်ကို ရီဝေစွာ ငေးစိုက်ကြည့်နေပြန်တော့သည်။

"ဒီညက လမိုက်ညနော်..."

အဘက ပြောသည်။ ကျွန်တော့် အသိစိတ် ခံစားမှုနယ်ပယ်တွင် တစ်စုံတရာကို လက်လွှတ်ဆုံးရှုံး ရတော့မည့်အလား ခံစားလိုက်ရသည်။ ဒီညအဖို့ရာ လနတ်သမိး၏ မျက်နှာဝင်းပပကို မြင်ရဖို့ အခွင့်အလမ်း မရှိတော့။ ညှိုးငယ်သွားသော ကျွန်တော့်မျက်နှာကို အဘက မြင်လိုက်ပုံ ရပါသည်။

"ဒီ့အတွက် အားမငယ်ပါနဲ့ကွာ၊ လမင်း မရှိပေမဲ့ ဟောဟိုက ကြယ်ကလေးတွေ ရှိနေတာဘဲ..."

အဘက နှစ်သိမ့်စကား ဆိုပါသည်။ လမိုက်ညတို့၏ ထုံးစံအတိုင်း ကြယ်စင်များက စုံညီစွာ လင်းလက်နေကြသည်။ ကြယ်တွေက လင်းလက်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နဲ့။ တချို့သော ကြယ်တွေက မှိတ်တုတ်မှိတ်တုတ် မဟုတ်မူဘဲ တစ်သတ်မှတ်တည်း လင်းလက်တောက်ပနေကြသည်။ ကျွန်တော့် စိတ်ထဲတွင် မေးခွန်းတစ်ခုက ရုတ်ချည်းဆိုသလို ဝင်ရောက်လာသည်။ အဘကို ကြည့်လိုက်ပြန်တော့ အဘက ကြယ်တွေကို ရေတွက်နေပုံ ရသည်။

"အဘ ကြယ်တွေက တမျိုးဘဲနော်၊ တချို့ ကြယ်ကလေးတွေကျ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြပြီး၊ တချို့ကြယ်တွေကျတော့ တစ်သတ်မှတ်တည်း လင်းလက်နေကြတယ်၊ အဲဒါ ဘာဖြစ်လို့လဲဟင် အဘ"

"ဟားဟား"

အဘက လွတ်လပ်ပွင့်လင်းစွာ ရယ်မောလိုက်သည်။ လှောင်ပြောင်လိုသော သဘောနှင့် ရယ်မောခြင်း မဟုတ်မှန်း ကျွန်တော် သိသည်။ အဘသည် လှောင်ပြောင် ရယ်မောတတ်သူ တစ်ယောက်မဟုတ်မှန်း ကျွန်တော် သိပါသည်။ အဘက ကျွန်တော့်ကို ကလေးတစ်ယောက်လို ကြင်နာစွာ ကြည့်ပြန်၏။ အဘ၏ လက်တစ်ဖက်က ကျွန်တော့် ပခုံးကို နွေးထွေးစွာ လာဖက်သည်။ နုနယ် ပျိုမျစ်ခြင်းတို့သည် အဘ၏ ခန္ဓာကိုယ်ဆီမှ နှုတ်ဆက်လက်ပြကာ ထွက်ခွာသွားခဲ့သည့်မှာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပြီဘဲ။ သို့သော် အသိဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝမှု တို့ကတော့ အဘ၏ မီးဖိုချောင် ကျဉ်းကျဉ်းကလေး၏ ထောင့်တစ်နေရာတွင် အမြဲနေရာယူထားလေ့ ရှိသော ကျပ်ခိုးတို့ကဲ့သို့ အထပ်လိုက် အလွှားလိုက် ရှိနေကြပေလိမ့်မည်။

"ဒီလို ဖြစ်ရတာ ကြယ်တွေကြောင့် မဟုတ်ဘူး သား"

အဘ၏ လျော့တွဲကျနေသော နှုတ်ခမ်းတစ်စုံထက်မှ ထွက်ကျလာမည့် စကားစတို့ကို ကျွန်တော် နားစွင့်နေမိသည်။ အဘသည် ကျွန်တော့်အား ကြင်နာသော အားဖြင့် "သား" ဟူ၍ ခေါ်ဝေါ်သုံးနှုံးတတ်ပါသည်။ တကယ်တော့ လောက အလယ်တွင် တစ်ကောင်ကြွက်၊ တစ်မျက်နှာ ဖြစ်နေရသည့် ကျွန်တော့်ကို အဘက မွေးစား၍ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဘဲ။ အဘတွင် သားသမီး မရှိခဲ့၊ ယခု အချိန်တွင် အဘက "သား" ဟုဆိုစဉ်၌ ကျွန်တော့် နှလုံးသားထက်တွင် ဖော်မပြနိုင်သော နွေးထွေးမှုတို့က စီးဝင်လာခဲ့ကြသည်။ အဘက ဆက်ပြောသည်။

"အခု သား ရှုရှိုက်နေတဲ့ လေထုကြောင့်ဘဲ၊ လေတွေဟာ အပူအအေးပေါ် မူတည်ပြီး ပြောင်းလဲတတ်တယ် သားရဲ့၊ အေး ပူတဲ့ လေတွေက အထက်ကို ဆန်ထက်ပြီး အေးတဲ့ လေတွေကတော့ အောက်ကို စုန်ဆင်းလာတတ်ကြတယ်။

တို့ အခု မြင်နေရတဲ့ ကြယ်တွေရဲ့ အလင်းဟာ အင်မတန်ကွာဝေးလှတဲ့ ဟိုးအဝေးကြီးကနေ ဒီကမ္ဘာထိ ရောက်အောင် လာခဲ့ကြရတယ်။ သူတို့ရဲ့ အလင်းဟာ စုန်ချည်၊ ဆန်ချည် လှုပ်ရှားနေတဲ့ လေထုကြီက တဆင့် ဖြတ်သန်း လာကြရတယ်၊ ဒီတော့ကာ... "

ပြောလက်စ စကားကို အဘက ခဏရပ်လိုက်သည်။ အဘ အနည်းငယ် မောသွားဟန် တူသည်။ ကျွန်တော်က ကြိမ်နှင့် ရစ်ပတ်ထားသော ကိုင်းတပ် ရေနွေးကရားကို ယူ၍ ရေနွေးတချို့တဝက်ကို ခွက်ထဲသို့ အလိုက်တသိဖြင့် ငှဲ့ပေး လိုက်သည်။ မွှေးပျံ့သော လက်ဖက်ခြောက်အနံ့ သင်းသင်းကလေးက အဘပြောသော လေထုထဲတွင် သင်းပျံ့နေသည်။ အဖန်ရည်ကို တဂွပ်ဂွပ်နှင့် အားပါးတရ မော့သောက်နေသော အဘကို ကျွန်တော် ငေးမော ကြည့်နေမိသည်။ လည်ချောင်း ရှင်းသွားသော အခါ အဘက ပြောလက်စ စကားကို ပြန်လည် ကောက်ယူသည်။ ကျွန်တော် ပြံုးလိုက်မိပါသည်။ အဘ၏ လှုပ်ရှားပုံတို့က တီဗွီအစီအစဉ်တစ်ခု အကြားတွင် ဝင်ထိုးသော ကြော်ငြာ တစ်ခုပမာဖြစ်သည်ဟု ကျွန်တော် တွေးမိသောကြောင့် ဖြစ်သည်။ အဘက ဆက်ပြောနေသည်။

"ဒီတော့ လေထုထဲမှာ ခဲ၊ သလဲ၊ ဖုံမှုန့်တွေ၊ အစိုင်အခဲ အမှုံအမွှားတွေက လေစီးကြောင်းနဲ့ အတူ လိုက်ပါလို့ အထက်ကို တက်လိုက်၊ အောက်ကို ဆင်းလိုက်နဲ့ ဖြစ်နေပြီး ကြယ်တွေဆီက လာတဲ့ အလင်းတန်းကို အနှောက်အယှက် ပေးတော့တယ် သား။ အဲ အလင်းအားကောင်းတဲ့ ကြယ်တွေကိုတော့ မနှောက်ယှက်နိုင်ပေမဲ့ အလင်းအား သိမ်ငယ်တဲ့ ကြယ်ကလေးတွေကိုတော့ မှိတ်တုတ်မှိတ်တုတ် ဖြစ်စေတာပေါ့ကွယ်။ ဒါကြောင့်မို့ အဘတို့ ကြည့်တဲ့ အခါ တချို့သော ကြယ်တွေက တသတ်မှတ်တည်း လင်းလက်နေကြပြီး၊ တချို့သော ကြယ်တွေကတော့ ဒီလို အမှုံအမွှားတွေကြောင့် ပေါ်ချည်တခါ ပျောက်ချည်တလှည့်နဲ့ မှေးမှိန်နေကြရတာပေါ့။ ဒါပေမဲ့ ကောင်းကင်မှာ လင်းလက်နေတိုင်း ကြယ်လို့ မသတ်မှတ်တတ်ကြပြန်ဘူး။ တသတ်မှတ်တည်း လင်းနေတဲ့ အလင်းပိုင်ရှင်တွေကိုတော့ ဂြိုလ်လို့ ခေါ်ကြပြီး မှိတ်တုတ်မှိတ်တုတ် မျက်စပစ်နေကြတဲ့ အလင်းပိုင်ရှင်တွေကိုတော့ ကြယ်လို့ ခေါ်သတဲ့"

အဘက ရှည်လျားစွာ ရှင်းပြပြီး နောက်ထပ် အဖန်ရည်ကို ငှဲ့ကာ တစ်ကျိုက်မော့ လိုက်တော့၏။ ကျွန်တော်က အတွေးစတို့ကို ဆက်စပ်နေတဲ့ ခဏမှာ အဘကတော့ ထန်းလျက်ခဲကို ကိုက်လိုက်၊ အဖန်ရည်ကို မော့လိုက်နှင့် အမောဖြေ နေတော့သည်။ ကြယ်စင်တို့သည် အလွန်တရာ ဝေးကွာသော အရပ်ဒေသတို့မှ ဤကမ္ဘာဖြေသို့ မည်သည့် အကြောင်းကြောင့် လာရပါသနည်း။ အဘကို မမေးမိတော့ပါ။ ထိုအဖြေကို ကျွန်တော့်လည်း သိနေနိုင်သည်ဟု မရဲတရဲ တွေးနေမိရင်း အဘကိုသာ ငေးမောကြည့်နေမိတော့သည်။ ကြယ်စင်များသည် အဖော်မဲ့ ဘဝဖြင့် တစ်ကိုယ်ရည် ဖြစ်နေသော ကျွန်တော့်ကို အားပေးနှစ်သိမ့် နွေးထွေးစေဖို့ အတွက် ရောက်လာကြခြင်း ဖြစ်မည်ဟု စိတ်တွင်း ယုံကြည်လိုက်တော့သည်။

(၂)

ယခုလို ညတွင် လနတ်သမီးသည် နှစ်ခြိုက်စွာ အိပ်မောကျနေတတ်သည် ဖြစ်၍ ကြယ်စင်တို့ကို ကျွန်တော် ပိုမို ကျေးဇူးတင်နေမိသည်။ ထိုကြယ်ကလေးများတွင် ကိုယ်ပိုင်အလင်းရောင် ရှိသည်/ မရှိသည်ကို ကျွန်တော် စိတ်မဝင်စား၊ သိလည်း မသိချင်ပါ။ တကယ်တမ်းတွင် ကိုယ်ပိုင်အလင်းရောင် ရှိသော နေမင်း၏ ပူလောင်မှုဒဏ်ကို ခံစားနားလည်ခဲ့ရသော ကျွန်တော်သည် ကျွန်တော် ချစ်သော ကြယ်စင်ကလေးများကို ကိုယ်ပိုင်အလင်းရောင် မရှိစေချင်။ ထို့ကြောင့်ပင်လား မသိ ကိုယ်ပိုင်အလင်းရောင် မရှိရှာသော လနတ်သမီးကို ကျွန်တော် ခင်မင်နေမိခြင်း ဖြစ်သည်။

တချိန်က လနတ်သမီးသည် ကျွန်တော့်ကို ခင်မင်ခွင့်ရရန် ကမ်းလှမ်းခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် လနတ်သမီး၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် လနတ်သမိးသည် နေမင်းထံမှ အလင်းရောင်ဖြင့် တဖန် ထွန်းလင်းတောက်ပရသူ ဖြစ်နေသောကြောင်ပင်။ အလွန်ဝေးကွာသော အရပ်ဒေသမှ ကြယ်စင်များ၏ ကမ်းလှမ်းမှုကိုတော့ ကျွန်တော် ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုခဲ့မိသည်။ လနတ်သမီး၏ ပွဲတော်နေ့ ဆိုလျှင် ကြယ်စင်များမှာ သိသိသာသာပင် အားနည်း သိမ်ငယ်နေတတ်ကြသည်ကို ကျွန်တော် ကိုယ်ချင်းစာမိသည်။ လနတ်သမီးက သူ့ကိုယ်ရောင်ကိုယ်ဝါကို ပစ်ချစွန့်ပယ်ကာ သူမ၌ ကိုယ်ပိုင်အလင်းရောင် မရှိပါဟု ဝပ်တွား တောင်းပန်လာစဉ်မှာတော့ ဂရုဏာသက်စွာ လက်ခံပါရန် ကြယ်စင်ကလေးများက ကျွန်တော့်ကို တိုက်တွန်းလာခဲ့ကြသည်။ ဤနည်းနှယ်ဖြင့် ကျွန်တော်နှင့် လနတ်သမီးသည် ခင်မင်ရင်းနှီးခဲ့ကြပေသည်။

မည်သို့ ဆိုစေ ယခုည၌ လနတ်သမီးမှာ ကျွန်တော်နှင့် စကားမဆိုနိုင်အောင်ပင် အိပ်မောကျနေပြီ ဖြစ်သည်။ ကျွန်တော့် ကြယ်စင်များက လနတ်သမီးလောက် မထည်ဝါ၊ မကြီးမား၊ မတောက်ပ၊ သို့ပါသော်လည်း သူတို့ မအိပ်စက် တတ်ကြပေ။ ကျွန်တော် အိပ်စက်သည့်တိုင် သူတို့ မအိပ်စက်နိုင်ပဲ ဂရုဏာသက်စွာဖြင့် အရိပ်တကြည့်ကြည့် စောင့်ရှောက်တတ်ကြသည်။ သို့ပါသော်လည်း အရုဏ်ချိန်ရောက်၍ ကိုယ်ပိုင်အလင်းရောင်ရှင် နေမင်းသူရိန် ရောက်ရှိလာလျှင်မူ ကြင်နာသနားတတ်သော ကြယ်စင်များ တပ်ပျက်ရရှာသည်။ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ရရှာတော့သည်။ သူတို့ ဘယ်ဆီကို ရှောင်ပုန်းနေသလဲ ကျွန်တော် မသိရ။ နေမင်း စိုးမိုးမင်းမူသည့် နေ့ကာလတွင် ကျွန်တော်သည် အဖော်မဲ့စွာ တစ်ကိုယ်တည်း အားငယ်နေခဲ့ရရှာသည်။ ထိုအချိန်တွင် လနတ်သမီးသည်လည်း ပျောက်ကွယ်နေခဲ့ပြီ။

ကျွန်တော် အတွေးနယ် ကျွံနေရပြန်သည်။ ဘာကြောင့်ရယ် မသိ ကျွန်တော့်တွင် အိပ်စက်ရန်ပင် ခွန်အား မရှိ။ အိပ်စက်ရန်ပင် ခွန်အားလိုပါသလားဟု မေးခဲ့သည် ရှိသော် ကျွန်တော် ဖြေနိုင်အံ့မထင်။ တချို့သော လူများကတော့ အိပ်စက်မှ ခွန်အားကို ရသည်ဟု ပြောတတ်ကြသည်။ လက်ရှိညတွင်မူ ကျွန်တော့်တွင် အဖော်ဟူ၍ အဘနှင့် ကြယ်ကလေးများသာ ရှိပါသည်။ ကျွန်တော် အိပ်စက်လိုက်လျှင် ကျွန်တော် မတမ်းတသော ကိုယ်ပိုင် အလင်းရောင်ရှင်နှင့် ဆုံဆည်းရဦးမည်။ ကျွန်တော့် အားပေးဖော် ကြယ်ကလေးများ ထွက်ပြေးကြဦးမည်။ အဘသည်လည်း ဝမ်းရေးအတွက် ဂျာနယ်အတိုအထွာကလေးများကို ရောင်းဖို့ စျေးကလေးသို့ သွားပေလိမ့်မည်။ သေးငယ်သော တဲအိမ်ကလေးထဲတွင် ပြင်းထန်သော အရေပြားရောဂါ ဝေဒနာတစ်ရပ်ကို ခံစားနေရသော ကျွန်တော် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ရလိမ့်ဦးမည်။ ကျွန်တော် မအိပ်စက်နိုင်ပါ။ ကျွန်တော် မအိပ်စက်ရဲပါ။

"အိပ်ကြစို့ သားရယ်..."

"ကျွန်တော် ကြယ်တွေကို ချစ်တယ် အဘ၊ ကြယ်တွေဟာ ကျွန်တော့်ဘဝရဲ့ အားပေးဖော်တွေလို့ ကျွန်တော့် စိတ်ထဲ ခံစားနေရတယ်၊ အဘလိုပေါ့။ အဲလို ခံစားနေမိတာ ကျွန်တော် မှားများနေသလား"

အမေးနှင့် အဖြေက လွဲမှားနေသည်မို့ အဘ၏ မျက်နှာတွင် အံသြရိပ်များ ယှက်သမ်းသွားတော့သည်။ ကျွန်တော့် မျက်နှာကို အောက်စိုက်ချထားပေလင့်ကစား ကျွန်တော့်ကို ကြင်နာစွာ စိုက်ကြည့်နေသော မျက်ဝန်းများကို မြင်နေရဆဲ ဖြစ်ပါသည်။

"သား... ဒီကြယ်တွေ၊ နက္ခတ်တွေဟာ လူတွေရဲ့ ကံကြမ္မာတွေနဲ့ ပတ်သက်သက်ဆိုင်နေတတ်တယ်လို့ ယုံကြည်ကြတာ သား ကြားဖူးလား"

ပြဿနာတစ်ရပ်၏ မျက်နှာစာကို ထုဆစ်ဖွင့်လှစ်လိုက်သလို ညင်သာသိမ်မွေ့လွန်းသော အသံဖြင့် အဘက ပြောသည်။ ထိုစကားကြောင့် ကျွန်တော့် မျက်နှာတွင် မည်သို့သော အရိပ်အငွေ့ယှက်သမ်းသွားမည်ကို သိလိုသော သဘောဖြင့် အဘက လှမ်းအကဲခတ်သည်။ အဘက မည်သို့ပင် အကဲခတ်သော်လည်း အဝေးတစ်နေရာမှာ ကြယ်စင်တစ်စုံဆီသို့သာ ကျွန်တော် မျက်နှာလွှဲနေလိုက်မိသည်။ ကျွန်တော့် မျက်နှာကို အဘမြင်ခွင့် ရမည် မဟုတ်ပါ။ ထိုအမူအယာကိုပင် အဘက မသိကျိုးကျွံပြု၍ ပြောလက်စ စကားကို ဆက်ပြောသည်။ အဘရှေ့တွင် ငှဲ့ထားသော ရေနွေးအဖန်ရည်သည် မြောက်ပိုင်းအတ္တလန်တိတ် သမုဒ္ဒရာမှ ပင်လယ်ရေများလို အေးစက်နေခဲ့ကြသည်မှာ ကြာခဲ့ပြီ။

"သား မင်းချစ်တဲ့ ကြယ်တွေဟာ လူတွေရဲ့ ကံကြမ္မာကို ဖတ်ရှုဖို့ မာတိကာ စာအုပ်တစ်အုပ်လို ဖြစ်ခဲ့ဖူးတယ်၊ နောက်ပြီး ဟိုးရှေးခေတ်က ပင်လယ်ရေကြောင်း သွားလာ အသက်မွေးတဲ့သူတွေအတွက် အဖိုးဖြတ်မရ အင်မတန် တိကျတဲ့ လမ်းပြမြေပုံ တစ်ခုဘဲ၊ နောက်ပြီး ကြယ်စင်တွေဟာ အဘအတွက်တော့ အနစ်နာခံသူတွေပါဘဲ... ဟုတ်တယ် ကြယ်စင်တွေဟာ လူတွေရဲ့ ခံစားချက်ကို နားလည်ကြတယ်၊ အထူးသဖြင့် အဘရဲ့ ခံစားချက်ကိုပေါ့..."

ရုတ်တရက် အဘကို ကျွန်တော် လှည့်ကြည့်မိသည် အထိ ကျွန်တော် အံသြသွားခဲ့သည်။ ကျွန်တော် ချစ်သော ကြယ်တွေနှင့် ကျွန်တော် ချစ်သော အဘတို့ မည်သို့ ပတ်သက်မှု ရှိသနည်း။ အဘ၏ မျက်နှာတွင် ဆွေးမြေ့မှု၊ ကြည်နူးမှု၊ အံသြတကြီး ဖြစ်မှု စသော ခံစားမှုအရိပ်အယောင်တို့က ရောပြွှမ်းယှက်သမ်း၍ ပြေးလွှားနေကြသည်။ ဆွေးမြေ့မှုများသည် ကြယ်စင်များအတွက်လား။ ကြည်နူးမှုများသည် ကြယ်စင်များ အတွက်လား အဘတစ်ယောက်တည်းသာ သိနိုင်ပါလိမ့်မည်။

(၃)

တုန်ရီအက်ထနေသော အသံဖြင့် အဘက ဆက်ပြောသည်။ ကျွန်တော့် နှလုံးသားသည် တုန်ရင်နေသော အဘ၏ စကားသံထဲတွင် နစ်ပါစီးမြော၍ ပျောက်ကွယ်စ ပြုနေပေတော့သည်။

"အဘ ပြောပြမယ် သား၊ အဘငယ်ငယ်က ကြယ်စင်တွေ စုံလင်တဲ့ ညတစ်ညမှာ ဆုတောင်းခဲ့ဖူးတယ်၊ အဲဒီ့အချိန်မှာ အဘဟာ အဘချစ်တဲ့ ချစ်သူနဲ့ ကွေကွင်းနေရတဲ့ အချိန်ပေါ့။ ဒီလို ညလိုမျိုး လမိုက်တစ်ညမှာ အလင်းရောင်ဟာ ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ပဲ အသက်ဆက်နေရတယ်၊ တိုင်တည်စရာ လမင်း မရှိခဲ့ဘူး၊ အောင်သွယ်စရာ ငွေစန္ဒာ ကင်းမဲ့တဲ့ ညပေါ့ သားရယ်၊ အားငယ်နေတဲ့ အဘဟာ ကြယ်စင်တွေကို သက်သေထားပြီး ချစ်သောသူနဲ့ ဆုံဆည်းရပါစေလို့ ဘုရားမှာ ဆုတောင်းလိုက်မိတယ်၊ ကြယ်စင်တွေကို ချစ်သူရှိရာဆီ လမ်းပြပါလို့ ဆုတောင်းလိုက်တဲ့ အချိန်မှာ ကြယ်စင်တစ်လုံးက ဖျတ်ကနဲ ကြွေဆင်းသွားခဲ့တယ်၊ အဘ စိတ်မကောင်း ဖြစ်လိုက်ရတာ သားရယ်၊ ကြယ်စင်ပွင့်က သူ့ ခန္ဓာကိုယ်ကို စတေးပြီး သက်သေတည် လမ်းပြခဲ့တယ်။ ဒီလိုနဲ့ ကြယ်စင်လေး ကြွေဆင်းပြသွားတဲ့ဘက်ကို ဦးတည်ပြီး အဘချစ်သူနောက်ကို လိုက်ခဲ့တယ်။ တကယ်ပါ အဘဟာ အဘချစ်သူကို အဲဒီအရပ်မှာပဲ တွေ့ခဲ့တယ်။ ချစ်သူဟာ သူတပါးရဲ့ အနှောင်အဖွဲ့မှာ ကွန်မှာ မိတဲ့ ငါးကလေးလို ငြိတွယ်နေခဲ့တယ်။ ဒီလို အခက်အခဲတွေ ကြားက ချစ်သူကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ တဖက်လူတွေက အဘရဲ့ ကြိုးစားမှုကို သိရှိသွားကြတယ်။ သူတို့ဆိုတာကတော့ အဘချစ်သူရဲ့ မိဘအသိုင်းအဝိုင်းပဲပေါ့ သား၊ ချစ်သူကို တွေ့တဲ့အခါ အဘလည်း ဘာမှ မတတ်နိုင်ဘူးသား၊ ကြယ်စင်တွေကိုလည်း မျက်နှာမပြရဲတော့ဘူး၊ အဘ အသုံးမကျတော့ဘူးလေ။ အဲသည့် အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ချစ်သူရဲ့ အသိုင်းအဝိုင်းဖက်က စကားစ ဆိုလာတယ်။ သူတို့က ဒီလမိုက်ည ညဉ့်သန်းခေါင်အချိန်မှာ ငွေကြယ်တစ်ပွင့် ကြွေခဲ့လို့ ရှိရင် အဘတို့ ချစ်သူနှစ်ဦးကို သဘောတူမယ်ဆိုတဲ့ စကားကို ဆိုလာတယ်။ ကြယ်တစ်လုံးဟာ ဘယ်အချိန်မှာ ကြွေမယ်၊ ဘယ်အချိန်မှာ မကြွေဘူးဆိုတာ ဘယ်သူမှ အတိအကျ မခန့်မှန်းနိုင်ဘူးသား၊ မတိမကျလည်း မခန့်မှန်းနိုင်သလို၊ အတိအကျလည်း မခန့်မှန်းနိုင်ဘူး။ အခုလို သူတို့ဖက်က တစ်ဖက်စောင်းနင်း ပြောတာကို အဘလည်း ဘာမှ မတတ်နိုင်တော့ဘူး၊ သူတို့က ဆိုသေးရဲ့ တကယ်လို့ ကြယ်မကြွေခဲ့ရင် ချစ်သူကို စွန့်လွှတ်ပေးဖို့၊ တခြားသူတို့ စီစဉ်သူရဲ့လက်ထဲ ထိုးအပ်တာကို လက်ခံပေးဖို့ တောင်းဆိုသေးတယ်။ သား စဉ်းစားကြည့်ပါ အဘရင်မှာ ဘယ်လောက် ခံစားရမလဲ။ အဘရဲ့ ချစ်သူဆိုရင် ဒီတစ်သက်တော့ ရှင်ကွဲ ကွဲလို့ ဝေးကြရပါပြီ ဆိုပြီး ငိုကြွေးလို့သာ နေတာပါဘဲ"

အဘ အသံက ဆိုနင့်လို့ နေသည်။ မျက်ရည်စတို့က အဘ၏ မျက်ဝန်းဖျော့ဖျော့တို့ထက်တွင် ပြည့်လျှံနေသည်ဘဲ။ အဘက သူ့အကြောင်း ဆက်ပြောသည်။ ကျွန်တော့် ခံစားမှုများကတော့ စကြာဝဠာကြီး အတွင်းလို့ မြောလွှင့်နေတော့သည်ပေါ့။

"ဒီလိုနဲ့ ဘအတို့ဟာ စည်းချက်မမှန်တဲ့ ရင်ခုန်သံတွေကို ပိုက်ထွေးပြီး အဲဒီ့လမိုက်ညရဲ့ ညဉ့်ယံကို စောင်းဆိုင်းနေကြရတယ်။ ဒီလို စောင့်စားရတာဟာ ကွပ်မျက်ခံရတော့မယ့် ရာဇဝတ်သားဟာ တောင်စွယ်နေကွယ်ချိန်ကို စောင့်နေသလိုပါဘဲ။ အဘက ကြယ်တွေကို မော့ကြည့်လိုက်တော့ အဘတို့ အဖြစ်အပျက်ဆိုးကို သူတို့ မသိကြသေးဘူး။ ကြယ်တွေဟာ ကောင်းကင်မှာ ပျော်ရွှင်နေတယ် သား။ သူတို့ဟာ အဘတို့ နှစ်ယောက်ရဲ့ ခံစားချက်ဝေဒနာတွေကို ညဉ့်အလယ် မကုန်ဆုံးခင်အထိ မသိကြသေးဘူး။ အဘချစ်သူရဲ့ ငိုရှိုက်သံဟာ တိုးမသွားပဲ ပိုလို့ ပိုလို့သာ ကျယ်လာတယ်။ အဘလည်း ဒီတစ်သက် ဝေးကြရပြီ ဆိုပြီး အံကို ကြိတ်လို့ မျက်ရည် ဝိုင်းနေမိတယ်။"

အဘ အသံက တိတ်ဆိတ်သွားသည်။ ထိုအခါ၌မှသာ ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကျွန်တော် သတိထားမိသည်။ ကျွန်တော်ကိုယ်တိုင် အဖြစ်အပျက်၏ အင်အားကြောင့် လေဟုန်စီးနေရသူ တစ်ယောက်လိုပင် ခံစားနေရသည်။ ကြယ်စင်တို့သည် မည်သို့ ရှိကြမည်နည်း။

"အဲသည့် အချိန်မှာ သား၊ ကြယ်စင်တွေဟာ အဘတို့ ချစ်သူနှစ်ဦးရဲ့ ငိုရှိုက်သံကို ကြားသွားကြတယ်။ ကြယ်စင်တွေဟာ အဘရဲ့ သက်သေစကားကို အလေးထားခဲ့ကြသူတွေ ဖြစ်တယ်။ ဒီကမ္ဘာမြေပေါ်က ချစ်သူနှစ်ဦးရဲ့ ဆုံဆည်းမှု အတွက် သူတို့ ပေါင်းကူးပေးချင်ကြတယ်။ ဒါပေမဲ့ သား သူတို့ စတေးကြရမှာ။ ကြယ်စင်တွေရဲ့ ပွဲတော်ဟာ ရုတ်ချည်း တိတ်ဆိတ်သွားတာကို အဘ သတိပြုလိုက်မိတယ်။ အဲဒီ့အချိန်မှာ သားရယ် ကောင်းကင်ကို မော့ကြည့်မိတော့ ထင်မှတ်မထားပဲ ဗြုန်းဆို ကြယ်စင်တွေ ထိုးဆင်းနေလိုက်တာ... ထိုးဆင်းနေလိုက်ကြတာဟာ အပြိုင်းအရိုင်းပဲ၊ အဲလို ထိုးဆင်းနေတုန်း နာကျင်တဲ့ ဝေဒနာကို ကြယ်စင်တွေ ကြိတ်မှိတ်ခံစားရင်း နှုတ်ဆက်သွားတဲ့ စကားတစ်ခွန်းကို အဘ ကြားလိုက်မိတယ်၊ အဲသည့် စကားက ...."

"ဒီလောကမှာ ချစ်သူတွေ ဆုံဆည်းကြဖို့ ငါတို့ဘဝကို စတေးပါတယ်၊ ဒီအတွက် ဘယ်လိုတုံ့ပြန်မှုမျိုးမှ မပေးပါနဲ့၊ ဒါပေမဲ့ ဒီလို ပေးဆပ်ခဲ့တဲ့ ဘဝတွေ ရှိတယ်ဆိုတာ ကြယ်စင်ချစ်သူတွေကို ပြောကြားပေးပါ.... တဲ့"

"အဘဟာ ထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့် ရူးမတတ် ဖြစ်ရတယ်၊ ကြယ်စင်တွေရဲ့ အနစ်နာခံမှုကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုလိုက်မိတယ်၊ ကြယ်စင်တွေအတွက် ဆွေးမြေ့ကြေကွဲရင်းနဲ့ တစ်ဖက်က ချစ်သူနဲ့ ဆုံဆည်းခွင့် ရတဲ့အတွက် ကြည်နူးနေမိတယ်၊ အဘရဲ့ ဘဝမှာ ဒီတစ်ခါတည်း ခံစားချက် နှစ်ရပ်ကို တစ်ပြိုင်နက် ခံစားခဲ့ရဖူးတော့တယ် သား၊ ဒါကြောင့် အဘ နားလည်မိတယ်၊ သဘောပေါက် မိတယ်။ ကြယ်စင်တွေဟာ လူသားတွေရဲ့ ခံစားချက်ကို နားလည်တယ်၊ ကိုယ်တိုင် ခံစားနိုင်တယ်၊ ထိတွေ့နိုင်တယ်၊ အနစ်နာခံနိုင်တယ်၊ နောက်ဆုံး အဘအတွက်တော့ ကြယ်စင်တွေဟာ အချစ်ရဲ့ သူရဲကောင်းတွေပါဘဲ"

ရှည်လျားလှသော စကားစုတို့ကို အဘက ရပ်တန့်လိုက်တော့သည်။ ထိုအကြောင်းကို အတိုင်းသား ကြားနေရသော ကြယ်စင်များက ငိုကြွေးနေကြလေသည်။ ကျွန်တော့်ကို အားပေးနှစ်သိမ့်တတ်လေသော ကြယ်စင်များ ငိုကြွေးလေသော အခါ ကျွန်တော်ပါ လိုက်ပါ ငိုကြွေးမိတော့၏။ အဘသည် ဝမ်းနည်းမှုနှင့် တစ်ဆို့နေသော ချောင်းသံကို ပြုသည်။ ကျွန်တော်နှင့် အဘတို့ မတိုင်ပင်မိပဲ ငိုကြွေးသံတို့ဖြင့် ပြည့်လျှံနေသော ကောင်းကင်ပြင်ကို ပြိုင်တူ မော့ကြည့်လိုက်မိသည်။

ဖျတ်ကနဲ ကြယ်စင်တစ်လုံး ကြွေကျသွားသည်။ ကြွေကျသွားသော ကြယ်စင်သည် လက်ပြနှုတ်ဆက်ကာ သူ့ ဆန္ဒကို တီးတိုးရွတ်ဆိုသွားလေ၏။ အသံသည် မည်မျှပင် တိုးညင်သာပါစေ ကျွန်တော်နှင့် အဘတို့ ကောင်းစွာ ကြားလိုက်ပေသည်။

"ကျေးဇူးတင်ပါတယ် ကြယ်စင်ချစ်သူတို့၊ ငါတို့ ကြယ်စင်တွေဟာ ခံစားချက် အပြည့်နဲ့ပါ၊ ဟိုးဝေးကွာတဲ့ အရပ်က လာရပေမဲ့ ငါတို့ မမောကြပါဘူး၊ ရေကြည်တစ်ပေါက် တိုက်ကျွေးမယ့်သူ မရှိပေမဲ့ ငါတို့ ပြံုးနေနိုင်ပါတယ်၊ ဒါဟာ ဘာဖြစ်လို့လည်း၊ ဒီကမ္ဘာကြီးပေါ်က ချစ်သူတွေရဲ့ ဆုံဆည်းမှုကို ငါတို့ ဖန်တီးပေးဆပ်နိုင်ခဲ့လို့ပါဘဲ၊ ငါတို့ဟာ ကြယ်စင်ချစ်သူတွေဖက်က ထာဝရရပ်တည်မယ့် ကြယ်စင်သူရဲကောင်းတွေပါကွယ်"

(၄)

အဘသည် အိပ်စက်သွားပြီ ဖြစ်သည်။ ကျွန်တော်သည်လည်း အိပ်ယာထက်ဆီသို့ ဦးတည်လိုက်သည်။ ကျွန်တော် ကောင်းမွန်စွာ အိပ်စက်ရမည်။ သို့မှသာ ကျွန်တော် ချစ်သော ကြယ်စင်များထံသို့ အရောက် သွားနိုင်မည်။ သူတို့၏ ပေးဆပ်မှုကို အသိအမှတ်ပြုရလိမ့်ဦးမည်။ ကျွန်တော် အိပ်စက်လိုက်ပါသည်။

အိပ်မက်ထဲတွင် ကျွန်တော်သည် ကြယ်စင်များထံသို့ ခရီးနှင်နေပါသည်။ ကြယ်စင်များကလည်း ဝမ်းသာအဲလဲ လက်ကမ်းကြိုနေကြသည်။ ကျွန်တော် ဤကမ္ဘာမြေကို နှုတ်ဆက်၍ ကြယ်စင်များထံသို့ ငြိမ်းချမ်းစွာ ထာဝရ ထွက်ခွာသွားပါတော့မည်။ ။


အိပ်မက်ရှင်
4:05 am
12 March 2000

Sunday, April 10, 2011

ခြင်္သေ့မိုက်နှင့် ပညာရှိယုန်ကလေး

Photobucket

ခြင်္သေ့မိုက်နှင့် ပညာရှိယုန်ကလေး

ဟိုးခါရှေးစဉ် တောအုပ်တွင်ကား
သစ်ပင်အုံ့ဆိုင်း တောနက်ပိုင်း၌
တောဘုရင်လုပ် တောအုပ်ချုပ်ကာ
ဆိုးသွမ်းမိုက်ပွေ "ငတွေဝေ" ဟု
မည်ကာခေါ်ကြ ကြောက်နေရသည့်
လည်ဆံဖွကျဲ ခြင်္သေ့ရဲသည်
တောမှီရပ်ကိုင်း သတ္တတိုင်းကို
စိတ်ဆိုင်းထင်ရာ ယူငင်လာပြီး
ဝါးမျိုသောက်စား မင်းမူထားကာနေလေ၏။

အနှီဖြစ်ပုံ ထိုတောအုံတွင်
မှီကျင်ကျက်စား သမင်များနှင့်
ဒရယ်စိုင်ဖွတ် ချေငယ်ရွတ်တို့
ထိတ်ထိတ်လန့်ကြဲ တုန်လှုပ်ကဲကာ
စိတ်ထဲမပျော် သွားသော်မလှမ်း
လှမ်းသော်မကြွ စိတ်ညစ်ကြ၍
များစုံစုမှီး တိုင်ပင်ပြီးလျှင်
ခြင်္သေ့ထံပါး ငိုက်စိုက်သွားကာ
ဤသို့လျှောက်ထားဆိုကြ၏။

"ရှင်ခြင်္သေ့မင်း တောသနင်းသည်
အကျွန်ကျွန်ုပ် ဤတောအုပ်ကို
သနားမဲ့ကင်း ရက်စက်နှင်းကာ
စိတ်တွင်သမုတ် ရိက္ခာလုပ်၍
ဖမ်းဆီသောက်စား များသော်ကားတည့်
လွန်ကြာရှိလျှင် တောတွင်းကျက်စား
တောကောင်များသည် မရှိနည်းပါး
ပျောက်ကွယ်သွားမည် စိုးမိသည်မို့
အရှင့်ဆန္ဒ ထပ်တူကျလျှင်
နေ့စဉ်တစ်ကောင် ဆက်သဆောင်မည်
အရှင်ကျေနပ်ပါမည်လော့
အရှင်နေတတ်ပါမည်လော့"

ထိုထိုစကား ခြင်္သေ့ကြားသော်
အမွှေးကိုလျှက် လျှာကိုသပ်၍
"သင်တို့စကား တည်စေကားဘိ
မုသားငြိလျှင် မွန်းသင့်နေကျော်
ရောက်မတော်က တောနေအုပ်တွင်း
သတ္တဝါချင်းကို ဖမ်းကာသောက်စား
ဝါးမြိုသွားမည် နှုတ်ထား မကျွံသွားလေနှင့်
စကားလွန်ထား မစေသင့်"

ဤသို့ကတိ ဆိုထားရှိ၍
တောနေသတ္တဝါ စိတ်အေးစွာဖြင့်
ကျက်စားနေတော် မွန်းတည်ကျော်က
တစ်ကောင်တောသား ပို့ဆောင်သွားပြီး
ဆက်သစားတော် ခြင်္သေ့ခေါ်ဖို့
နေ့စဉ်လှည့်ကျ ရွေးချယ်ကြဘိ
တစ်နေ့ရှိလျှင် ပုကွသေးကွေး
ယုန်ငယ်လေးထံ အမိန့်သံကျ
ဆိုက်ရောက်ရ၏။

တောသတ္တဝါ ထိုများစွာက
စိတ်တွင်မကောင်း ခေါင်းငိုက်စောင်း၍
"ဘဝင်စွန်းငြိ စိတ်မရှိနှင့်
အသင်ယုန်ငယ် ယနေ့မယ်ကား
အသင်သွား၍ ခြင်္သေ့အရှုပ်
တောအအုပ်ကို ဆက်လုပ်နေ့စာ
ဆောင်နှင်းပါ" ဟု
ပြောဆိုတိုက်တွန်း သွားဖို့ညွှန်းသည်
ယုန်ကား ကြောက်အားပိုမည်လော့
ကြောက်သွား ယုန်ကား ငိုမည်လော့။

သိုသော်ယုန်ငယ် ကြောက်မလွယ်သား
တည်ငြိမ်သွား၍ တွေးဆကြံလုပ်
ဦးနှောက်ထုတ်ကာ ဤနှယ််စဉ်းစား
ယုံကြည်ထားကာ ပရိယာယ်ကြွ
ပညာ ဝ သော် ခြင်္သေ့အမော်
ဤအဇော်ကို အောင်မြင်နိုင်နည်း
ပုံဖော်ပြီးလျှင် ဖြည်းဖြည်းမှန်မှန်
မလျှောက်ပြန်ပဲ တပေါင်ထော့ကျိုး
ခြေခုန်ပျိုးလို့ ရိုးရိုးလှည့်ကာသွားလေ၏။

ဤသို့ခုန်ဆွ သွားနေရ၍
ခြင်္သေထံရောက် မွန်းတည့်လောက်တွင်
တောအရှင်သည် မပီဖောက်ပြန်
ဒေါသမာန်ညီး ထထွက်ပြီးလျှင်
တောနေလှေအောင်း မြင်းစောင်းမကျန်
စားသောက်ဟန်ဖွဲ့ ယုန်ငယ်သဲ့ကို
မြင်လျှင်မြင်ကား စိတ်မျက်ထား၍
ကြိမ်းဝါး စကားဆိုလေ၏။

"အသင်ယုန်ငယ် နောက်ကျပြန်ဟဲ့
သင့်အလှည့်တွင် အဘယ်အသို့
ရှိပေလို့လဲ ငါကိုယ်တော်မြတ်
ဆာလောင်လှပ်မို့ကြောင်းရင်းထုချေ
လျှောက်တင်လေလော့ ဆိုလေတော့ကွဲ့
အမောင်သေးကွေး ယုန်ဖြူလေး"

ထိုခါယုန်လေး ဝပ်ချပေး၍
ကြောက်ဘေးကိုရှောင် နားရွက်ထောင်ကာ
တည့်တည့်ကြည့်ရှု လက်ကိုစုလျှက်
ဤနှယ်စကား လျှောက်တင်ထားသည်
"အရှင်မင်းမြတ် နားဆင်အပ်လော့
သခင့်ထံလာ ခုလတ်မှာကား
ရပ်ဖို့တားသည် အသွေးအမျှင်
ဆင်းအသွင်နှင့် အသင့်ပုံဆောင်
ခြင်္သေ့ကောင်သည် ကျွနု်ပ်သွေးသား
စားလိုငြား၍ ဟိန်းထုတ်မာန်ထောင်
ဖမ်းဆီးဆောင်စဉ် အကျွန်ကျွနု်ပ်
လက်စုံဆုပ်လို့ တောင်းပန်ညွှတ်တွား
ခယထားသည် သတင်းစုံအား ရှင့်ထံကြားဖို့
ခွင့်လို့ဆိုကာ ရောက်ရရှာဘိ
ထိုအရှိကြောင့် သခင့်ရိက္ခာ
ကျွနု်ပ်မှာကား နောက်ကျအသွား လွန်ရ၏
နောက်ကျအထား ကျွံရ၏"

ဤတွင်ခြင်္သေ့ စားရန်မေ့၍
အံကြိတ်မာန်ထောင် ထိုတောကောင်က
အသွင်မာန်လုပ် ငါ့ဟန်ထုတ်လို့
သည်တောကိုဆောင် ကျူးကျော်လှောင်ဖို့
အကဲလာလှမ်း သွေးတိုးစမ်းပြီ
သည်းချီလက်ဝင့် ခမောင်းဆင့်သို့
ဖြောင်းဖြောင်းပုတ်သီ ပမာညီသွား
နှုတ်ဖွင့်ထားလျှက် ဟိန်းလားဟောက်ချီ မြည်လေပြီ။

ဆိုပါခြင်္သေ့ ဒေါမာန်ပွေ့ကာ
"ယုန်လေ့သူငယ် လမ်းပြနှယ်သို့
သဘောဝယ်ပိုက် အာရုံစိုက်ကာ
ထိုသတ္တဝါ ဆိုးမိုက်ရာကို
ဖွင့်ဆိုညွှန်ပြ လိုက်ပို့ကြတော့
တော၏သနင်း ခြင်္သေ့မင်းကား
တစ်ဂူတစ်တော နှစ်ကောင်ရော၍
နေပုံချင့်ကိုင်း သမိုင်းရိုင်းသည်
ယှဉ်နှိုင်းဟုတ်ဟုတ် သတ်တိုင်းပုတ်ဖို့
တမဟုတ်ခြင်း ဆောင်ပို့နှင်းလော့
နုနယ်သေးကွေး ယုန်ကလေး"

ဆိုပါယုန်ငယ် ဆောင်ပို့ရွယ်သွား
တောစပ်ကြားတွင် အနက်နားတောင်
ခန့်မှန်းဆောင်ဖို့ မသိခက်ခဲ
လွန်နက်ကဲသည့် ရေတွင်းရှိရာ
လိုက်ပို့လာပြီး ထိုအနီးတွင်
ခြင်္သေ့ထံဆင့် လက်ကိုဝင့်၍
"သခင်ကြည့်အပ် ထိုအရပ်တွင်
အကျွန့်ဟန့်တား ထိုတစ်ပါးသည်
ခန့်ညားပုံထောင် ကွန်းခိုရှောင်၏
အရှင်ကြည့်လော့ မြင်ပေလော့" ဟု
နက်ရှိုင်းရေတွင်း လက်ကိုသွင်း၍
ထင်းထင်းညွှန်ချ ပြောဆိုပြသော်။

ခြင်္သေ့မိုက်မဲ တောကောင်ရဲသည်
အဟုတ်အတည် ထင်မှတ်မည်ကာ
တွင်းလယ်ရေဆီ ငုံကာသီ၍
ဒေါချီကြည့်အပ် မြင်တွေ့လတ်သော်
ရေပေါ်ဟပ်ထင် သူ့အသွင်ကို
အခြားတပါး ခြင်္သေ့များဟု
ယုံမှားမှတ်ထင် ဒေါသဆင်ကာ
ခြင်္သေ့မိုက်မဲ ဉာဏ်ငမွဲသည်
ခုန်ကာဆင်းချ ရေထဲကျ၍
ဆုံးရှုံးသက်ဝယ် ပျောက်လေ၏။

အနှီယုန်ပါး သေးငယ်အားလည်း
ဉာဏ်ကားမသေး စဉ်းစားတွေး၍
တောင်စဉ်သုံးထောင် တောကိုဆောင်သည့်
မြိုင်ရပ်သနင်း သီဟမင်းကို
အရှင်းနိုင်ဖြုတ် သုတ်သင်ထုတ်သည်
တောအုပ်အေးချမ်းအပ်လေ၏
တောရပ်ဘေးသန်း ပြတ်လေ၏

ထိုပမာပေး ပုံပြင်လေးကို
ရေးထုတ်ပြောဆို ဆရာအိုကား
လွန်ကျော်ကြားဘိ များလူသိမို့
နာမညွှန်းဆင် မင်းသုဝဏ်ဟု
သိစဉ်မှတ်သား ပြောပြသွားသည်
သင်ကား မှတ်ယူထားလေတော့
သင်ကား မှတ်သားပွားစေတော့။ ။

(ဆရာကြီး မင်းသုဝဏ်ရေးသားသည့် "ငတွေဝေနှင့်ယုန်ကလေး" ကလေးပုံပြင်လေးအား မှီငြမ်း၍ ကဗျာအသွင်ရေးဖွဲ့ဆင်ယင်အပ်ပါသည်)

အိပ်မက်ရှင်
2:37 AM
10-4-2011

Thursday, April 7, 2011

Facebook စွဲလမ်းမှုပြဿနာကို ရင်ဆိုင်ဖြေရှင်းခြင်း

Photobucket

Facebook စွဲလမ်းမှုပြဿနာကို ရင်ဆိုင်ဖြေရှင်းခြင်း


ယခုအချိန်ကာလ ကမ္ဘာတလွှားမှာ အောင်မြင်နေတဲ့ Facebook ဟာဆိုရင် မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည်ဆုံဆည်းဖို့၊ လုပ်ငန်းဆောင်တာကိစ္စဝိစ္စတွေ အစီအစဉ်ချဖို့၊ အွန်လိုင်းဂိမ်းတွေ ကစားဖို့နဲ့ နှုတ်ခွန်းဆက်စကားတွေ၊ အပြန်အလှန်လက်ဆောင်တွေ ပေးပို့ဖို့အတွက် အဆင်ပြေအသုံးတည့်လှတာကြောင့် တဖြည်းဖြည်း လူကြိုက်များ တွင်ကျယ်လျှက် ရှိလာပါတယ်။ ဒါပေမဲ့ သင်ဟာ လိုအပ်တဲ့အချိန်၊ သုံးသင့်တဲ့ အချိန်ထက်ပိုမိုပြီး အွန်လိုင်းမှာ ဒါမှမဟုတ် Facebook မှာ ရှိနေတာမျိုး ကြုံလာနေခဲ့ရင်တော့ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ လိုကောင်းလိုအပ်လာပါလိမ့်မယ်။

အထူးသဖြင့် ကျောင်းသားလူငယ်အများစုဟာ ပေါင်းသင်းဆက်ဆံမှု လူမှုကွန်ယက်တစ်ခုအသွင်ထက် ပိုမိုပြီး Facebook ရူးသွပ်စွဲလမ်းသူများအဖြစ်ကို ရောက်ရှိလို့လာနေပါတယ်။ စိတ်ပိုင်းဆိုင်ရာသုတေသနပညာရှင်များက ဒီအချက်ကို လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အနေနဲ့ စတင်သတိပေး ပြောကြားလာကြပြီ ဖြစ်ပါတယ်။

သင့်ရဲ့ ပြင်ပကမ္ဘာက ကိုယ်ရေးကိုယ်တာ လုပ်ဆောင်စရာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေဟာ ဒုတိယဦးစားပေးနေရာကို ရောက်လာနေပြီလား။ သင် Offline အနေနဲ့ ရှိနေတဲ့ အခိုက်တွေမှာ Facebook ထဲက အကြောင်းအရာတွေကို တွေးတောတတ်နေပြီလား။ သင့်ရဲ့အလုပ်ကိစ္စတွေ၊ ပြဿနာတွေ၊ အရှုပ်အရှင်းတွေ၊ အိမ်မှုကိစ္စတွေကနေ စိတ်ထွက်ပေါက်အနေနဲ့ ရှောင်တိမ်းဖို့ရာ Facebook ကို အသုံးပြုတတ်နေပြီလား။ သင်လိုအပ်တဲ့ အတိုင်းအတာကို ကျော်လွန်ပြီး အချိန်ကြာမြင့်စွာ သုံးစွဲတတ်နေပြီလား။ Facebook အသုံးပြုမှုမှာ သင့်ကိုယ်သင် မြုပ်နှံပစ်လိုက်ပြီလား။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာနေပါတယ်။

အကယ်၍များ အထက်က မေးခွန်းတွေအားလုံးအတွက် သင်ဖြေတဲ့ အဖြေဟာ "ဟုတ်ပါတယ်" ဒါမှမဟုတ် "ဟုတ်ခဲ့တယ်" ဆိုရင်တော့ သင်ဟာ Facebook စွဲလမ်းသူတစ်ယောက်အသွင် ကူးပြောင်းဖို့ရာ နယ်နိမိတ်ပေါ်ကို ချဉ်းနင်းရောက်ရှိနေပြီလို့ ဆိုရပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာသုတေသနပညာရှင်တွေရဲ့ အဆိုအရ Facebook ကို ရံဖန်ရံခါ ဝင်ရောက် အသုံးပြုခြင်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်လက်မအီမသာဖြစ်မှုကို ပြေလျှော့စေပြီး စိတ်လက်အပန်းပြေမှုကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

Facebook ရဲ့ နာမည်ကြီး သွင်ပြင်လက္ခဏာရပ်တွေ ဖြစ်တဲ့ Notifications တွေ၊ messages နဲ့ invites တွေဟာ သင့်ရဲ့ စိတ်ကို မခန့်မှန်း၊ မတွက်ချက်နိုင်တဲ့ အခြေအနေတစ်ရပ်အထိ မြင့်မားတဲ့ ကျေနပ်နှစ်သိမ့်မှုတွေကို တိုးပွားလာစေပြီး ဒီအဖြစ်ဟာ လောင်းကစားမှုတစ်ရပ်ပေါ်မှာ အရူးအမူး စွဲလမ်းနေတဲ့ အဖြစ်နဲ့ မခြားနားဘူးလို့ ဆိုကြပါတယ်။

ဗစ်တိုးရီးယားတက္ကသိုလ်မှာ စိတ်ပိုင်းဆိုင်ရာသုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပရော်ဖက်ဆာ Dr.Rob Bedi က အခုလို ပြောပြပါတယ်။

"အခုဆိုရင် တက္ကသိုလ်ကျောင်းဝန်းတွေမှာ ပေးထားတဲ့ Free Internet Access တွေ၊ WiFi Zone တွေကြောင့်ရယ်၊ web-based ကို အခြေခံတဲ့ သင်ရိုးတွေ၊ ပြဌာန်းချက်တွေကြောင့်ရယ်၊ လိုအပ်တဲ့ အချက်အလက်တွေကို အင်တာနက်ကတဆင့် ကိုးကားရှာဖွေဖို့ လိုအပ်တာတွေရယ်ကြောင့် ကျောင်းသားအများစုက အင်တာနက်သုံးရတာကို ခုံမင်နှစ်သက်လာနေကြတယ်။ ဒါပေမဲ့ ထူးခြားတာက ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုထက် ပိုလာနေတယ်။ ကျောင်းသားအများစုဟာ အင်တာနက်ကို လိုအပ်တဲ့အချိန်၊ ပေးသင့်တဲ့ အချိန်ထက် ပိုပြီး သုံးစွဲနေတာကို တွေ့ရတယ်၊ ဒီလို အချိန်ကြာကြာ သုံးစွဲလာတဲ့အတွက် အချိန်ကိုက်တင်ရမယ့် စာတမ်းတွေ၊ စာကျက်မှတ်ချိန်တွေကို သိသိသာသာထိခိုက်လာပါတယ်။ စာတမ်းတင်ဖို့ အချိန်မီ မပြီးစီးတာတွေ၊ အဆိုင်းမန့်တင်ဖို့ နောက်ကျတာတွေ စတဲ့ ပြဿနာတွေကို ကျွန်တော်တို့ ကြံုလာရတယ်၊ ဒါဟာ လုပ်သင့်လုပ်ထိုက်တာနဲ့ စိတ်ခုံမင်နှစ်သက်တာရဲ့ ကြားထဲက ခြားနားမှုကို ဖော်ပြနေတာပဲ"

ဒီပြဿနာကို ဖြေရှင်းဖို့ရာက အင်မတန် ရိုးရှင်းလှပါတယ်၊ သင့်ရဲ့ စွဲလမ်းစပြုလာတဲ့ အမူအကျင့်တွေကို ပြန်လည်ဆန်းစစ်ပြီး တဖြည်းဖြည်း ပြောင်းလဲပစ်ဖို့ပါပဲ။ ဒီနေရာမှာ Dr.Rob ကပဲ အခုလို အကြံပြုထားပါတယ်။

"ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ရာ လမ်းစကတော့ မိမိဘဝမှာ ဘယ်အရာတွေ ဆုံးရှုံးနေသလဲဆိုတာ ပထမဆုံး ရှာဖွေတတ်ဖို့ လိုပါတယ်၊ Facebook စွဲလမ်းမှုပြဿနာလို အဖြစ်တွေက ကိုယ့်ရဲ့ အားလပ်ချိန်တွေကို သိပ်ကို သုံးစွဲပစ်လိုက်တယ်၊ မိမိရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ၊ တစ်နေ့တာလုပ်ဆောင်စရာရှိတာတွေကို သောက်စားဝါးမျိုပစ်လိုက်တယ်၊ မိမိရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ရမယ်အချိန်တွေကို ဖြုန်းတီးပစ်လိုက်တယ်၊ ဒါကြောင့် ဒီလိုအဖြစ်တွေက ရှောင်ရှားဖို့ အင်တာနက်သုံးစွဲတဲ့ အချိန်ကာလကို အတိုင်းအတာနဲ့ ကန့်သတ်ပစ်လိုက်ဖို့ လိုလိမ့်မယ်၊ တကယ်လို့ Facebook စာမျက်နှာတွေမှာ မိမိစိတ်ကို ဆွဲဆောင်တော့မယ့် အကြောင်းအခြင်း တစ်စုံတစ်ရာကို မြင်တွေ့လိုက်တာနဲ့ ခုကျွန်တော် ပြောမယ့် အချက်တွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါ"

(၁) မိမိရဲ့ Facebook သုံးရခြင်း အကြောင်းအရင်းများကို စာရင်းပြုစုထားပါ။
(၂) ဘာကြောင့် Facebook ကို sign up လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို မမေ့ပါနဲ့။
(၃) Facebook ပေါ်မှာ မိမိတကယ်လုပ်ဆောင်မယ့် ရည်ရွယ်ချက်နဲ့ အကြောင်းအရာကို အချိန်ဇယားရေးဆွဲ ကန့်သတ်ထားပါ။
(၄) မိမိကန့်သတ်ထားတဲ့ အကန့်အသတ်အတိုင်း Facebook ကို အသုံးပြုပါ။
(၅) Facebook မှ ဝင်လာသော Message များကို အလေးထား ဖွင့်ကြည့်နေခြင်းမှ ရှောင်လွဲနိုင်ရန် မိမိမေလ်းလိပ်စာကို ပြောင်းလွှဲထားပါ။
(၆) Facebook password အား အလွယ်တကူမရှိသော၊ မရင်းနှီးသော စာလုံးများ၊ နံပါတ်များဖြင့် ပေးထားပါ။

အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကြိမ်ဖန်များစွာ အလေ့အကျင့်လုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ Facebook နဲ့ အင်တာနက်စွဲလမ်းမှုပြဿနာကို လျှော့ချ ဖြေရှင်းနိုင်လာလိမ့်မယ်လို့ Dr.Rob က အကြံပြု ပြောဆိုသွားပါတယ်။ တချို့သူတွေ အတွက်ကတော့ စိတ်စွဲလမ်းမှုပြဿနာဆိုင်ရာ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ အခုဆိုရင် တက္ကသိုလ်ပေါင်းများစွာက Student Services ဌာနတွေ ဖွင့်လှစ်ပေးထားပြီး Facebook စွဲလမ်းမှုပြဿနာအတွက် ထိုဌာနတွေကနေတဆင့် ဆွေးနွေးဖြေရှင်းနိုင်နေပြီ ဖြစ်ပါတယ်။

(Danielle Pope, The Muse ရဲ့ Dealing with your Facebook addiction ကို ဆီလျှော်အောင် ပြန်ဆိုပါတယ်။)
မူရင်း - http://www.addictioninfo.org/articles/2171/1/Potential-Facebook-addiction/Page1.html


အိပ်မက်ရှင်

Monday, April 4, 2011

"အမေ" ဆိုတာ

Photobucket

--------------------
"အမေ" ဆိုတာ
--------------------

အမေ ...

အမေ များနေ့မှာ ...ကမ္ဘာပေါ်မှာ ရှိရှိသမျှသော မိခင်များရဲ့ မေတ္တာကို ဂုဏ်ပြုသော အားဖြင့် “အမေဆိုတာ” ပိုစ့်လေးနဲ့ အမေ့ကို တိုင်တည်ရင်း အမေ့ကို သတိရရင်း၊ လွမ်းဆွတ်ရင်း သားခံစားရသမျှတွေ ပြောပြခွင့်ပြုပါ အမေ ... ။

အမေ ...

သားသမီးများအပေါ်မှာ ထားတဲ့ မိခင်တိုင်းရဲ့ မေတ္တာဟာ မြင့်မိုရ်တောင်ဦးထက် မက မြင့်မားကြီးမားလှပါတယ် သား နားလည်ခဲ့တယ် အမေ...။ အမေ ကိုးလလွယ်ဆယ်လဖွားရတဲ့ ဒုက္ခ၊ မိမိကိုဝမ်းနဲ့လွယ်ထားတဲ့ကာလမှ အစစအရာရာ

စားချင်တာ၊ သောက်ချင်တာတောင်မှ ဆန္ဒကို သားသမီး ဥပဒ့်သင့်မှာ စိုးလို့ ချုပ်တီးရတဲ့ ဒုက္ခ၊ မွေးဖွားရာမှာ သားသမီးရဲ့အသက်ရှင်သန်ရေးအတွက် မိမိအသက်ကိုမမှုပဲ သေမင်းနဲ့ စစ်ပြိုင်ခင်းရတဲ့အဖြစ်...။ ဒီလိုခက်ခဲပင်ပန်းမှုတွေ

ကြုံခဲ့ရတာတောင်မှ သားသမီးရဲ့ မျက်နှာကလေးကို မြင်ရုံကလေးမျှနဲ့အမေဟာ ကြီးမားတဲ့မေတ္တာတရားတွေ အပြည့်အနှက်ပါတဲ့ အလှပဆုံးအပြံုးကို ပြံုးနိုင်ခဲ့ကြတယ် မဟုတ်လား အမေ ...။ အဲအပြံုးကို ကမ္ဘာပေါ်မှာ ရှိရှိသမျှ

အပြံုးတွေထက် အမြင့်မြတ်ဆုံးသော အပြံုးလို့ ကျွန်တော် တင်စားချင်ပါ တယ် အမေ ... ။

အမေ...

လူတိုင်းလူတိုင်းမှာ အမေ ဆိုတာ ရှိကြပါတယ်၊ အမေ ဆိုတဲ့ တစ်ဦးတစ်ယောက်မရှိခဲ့ရင် လူတိုင်းလူတိုင်းဆိုတဲ့ စကားနဲ့ သားဆိုတာလည်း ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ပါဘူး...။ အမေကမ္ဘာပေါ်မှာ လူမျိုးကွဲ၊ ဘာသာကွဲ၊ ဓလေ့ထုံးစံကွဲ၊

ရေမြေဒေသ၊ အသားအရောင်တွေကွဲပြားချင်တိုင်း ကွဲပြားနိုင်ပေမယ့် အမေ ဆိုတဲ့ ဂုဏ်ဒြပ် ကတော့ ကွဲပြားခြင်း အလျဉ်းမရှိပါဘူး... ။ အမေ ရဲ့ မေတ္တာထုသိပ်သည်းမှု ကွဲပြားခြင်း အလျဉ်းမရှိပါဘူး ... အမေ ရဲ့ နို့ချိုကတော့ အနံ့၊

အရသာ ကွဲပြားခြင်း အလျဉ်းမရှိပါဘူး...။ အမေ ရဲ့ယုယစွာ ပိုက်ထွေးမှုကတော့ ကွဲပြားခြင်း အလျဉ်းမရှိပါဘူး အမေ..။

အမေ...

လူမျိုးတွေ ကွဲပြားပေမယ့် အမေ့ရဲ့ ယုယပိုက်ထွေးမှုက တူညီနေတုန်းပဲ... ။ ဘာသာစကားတွေ ကွဲပြားပေမယ့် အမေ့ရဲ့ သားချော့တေးကတော့ တူညီနေတုန်းပဲ...။ ဓလေ့ထုံးစံတွေ ကွဲပြားပေမယ့်. အမေ့ရဲ့ပုခက်အလွှဲဟာ

ဟန်ချက်ညီနေတုန်းပဲ...။ ရေမြေဒေသတွေ ကွဲပြားပေမယ့်... အမေ့ရဲ့ နို့ရည်ဟာ ဖြူစင်နေတုန်းပဲ ...။ အသားအရောင်တွေ ကွဲပြားပေမယ့် ... အမေရဲ့ အပြံုးက လင်းလက်နေတုန်းပါပဲ ... အမေ ... ။

အမေ...

သားတို့ရဲ့ ခြေအစုံနဲ့ ရုန်းရင်းကန်ကျောက်ခဲ့တာတွေကို ချစ်စရာ အဖြစ်လို့ သတ်မှတ်ထားတယ်တဲ့လား အမေ ...။ သားတို့ရဲ့ တဒင်္ဂမဟုတ်တဲ့ မို်က်မဲမှုတွေ ကို ခွင့်လွှတ်ထားတယ်တဲ့လားအမေ...။ သားတို့ရဲ့ မဖြစ်ညစ်ကျယ်တဲ့

ဉာဏ်နဲ့ ဟိတ်ဟန်ကြွားမှုတွေကို ပြံုးပြီး ကြည့်နေသတဲ့လားအမေ...။ သားတို့ရဲ့ မသိနားမလည်မှုတွေနဲ့ ရှေ့လမ်းခရီးဆက်လွဲတာတွေကို စေတနာမီးအိမ်နဲ့လမ်းမှန်ပြပေးမတဲ့လား အမေ။ သားတို့ရဲ့ နောင်တတရားတွေကို ခွင့်လွှတ်မှု

အပြံုးတွေနဲ့ ဆီးကြိုနေမတဲ့လား... အမေ ...။

အမေ...

သားတို့မျက်ရည်တွေ ကျခဲ့သမျှ အမေ ချစ်ခဲ့ရတာတွေကို သိပါပြီ အမေ ...။ သားတို့ ဒုက္ခတွေရောက်ခဲ့သမျှ အမေ ပဲ့ပြင်ခဲ့တာတွေကို လက်ခံမိပါပြီအမေ ...။ သားတို့တွေ လမ်းမှားခဲ့သမျှ အမေ လမ်းမှန်ပြခဲ့တာတွေကို လျှောက်ပါပြီ

အမေ...။ သားတို့တွေ ဘဝလမ်းမှာ အထမ်းဆိုလည်းဟုတ်၊ လမ်းဆိုလည်း ဟုတ်တဲ့အမေ့ကို သား... မနွမ်းပါစေနဲ့လို့ ဆုတောင်းတတ်ပါပြီ... အမေ ...။

အမေ...

ကြီးမားတဲ့ မေတ္တာထုတွေနဲ့ သားတို့အပေါ် လွှမ်းခြံုလှည့်ပါတော့.အမေ ...။ နက်ရှိုင်းတဲ့ စေတနာအားတွေနဲ့ သားတို့အနားမှာ အားပေးလှည့်ပါတော့ အမေ...။ အေးမြတဲ့ ဂရုဏာတရားတွေနဲ့ သားတို့အနွမ်း အပန်းပြေလှည့်ပါတော့

အမေ...။ နှိုင်းမရတဲ့ မုဒိတာအပွားတွေနဲ့ သားတို့အား အနားပေးလှည့်ပါတော့... အမေ... ။

(အမေ့ကို မျက်ရည်များစွာဖြင့်တိုင်တည်ရင်း အမေများနေ့ကို ဂုဏ်ပြုရေးဖွဲ တင်ပြထားခဲ့ပါတယ် အမေ)

အိပ်မက်ရှင်
လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်ကာလက အမေများနေ့နဲ့ ပတ်သက်လို့ ရေးဖွဲ့ခဲ့တဲ့ စာစုကလေးကို ယခုကျရောက်တဲ့ အမေများနေ့အတွက် အမှတ်တရ ဂုဏ်ပြုတင်ပြလိုက်ပါတယ်။

Sunday, April 3, 2011

မြည်းတစ်ကောင်နှင့် သားအဖ နှစ်ယောက်

Photobucket

မြည်းတစ်ကောင်နှင့် သားအဖ နှစ်ယောက်

ဟိုခါရှေးရှေး
ကြားဖူးသေးသည်
ဟုတ်ထွေ ဇာတ်လမ်း
ပြယုဂ်ဆန်းကြယ်
ထိုထိုဘဝ
ဤဌာနတွင်
သားနဲ့ အဖ
ရှိလေ၏ ... ။

တစ်နေ့သောအခါ
ထို သား၊ အဖ
တိုင်ပင်ကြ၍
ဤဤကုန်နှီး
သယ်ပိုးစီးရန်
မြည်းဝယ်ခရီး
ထွက်ကြ၏ ... ။

ထိုသို့အခါ
ထွက်ကြရာဝယ်
တောကိုဖြတ်သန်း
ရွာငယ်လမ်းနဲ့
ရွာကြီးကို လျှောက်
မြို့သို့ ပေါက်ရန်
တွင်တွင်ခရီး
ဆက်ကြ၏ ... ။

ရွှေမြို့ကို ရောက်
တစ်ထောက်တစ်နား
ခဏနား၍
မြည်းစျေးကိုသွား
စုံစမ်းထားပြီး
တိုင်ပင် သားဖ
စိတ်ကြိုက်ရမှ
ငွေချေပေးကာ
၀ယ်ကြ၏ ... ။

အပြန်ခရီး
ကိစ္စပြီး၍
သားသည်မြည်းပေါ်
အဖေကား အောက်
လမ်းဆင်းလျှောက်သော်
တွေ့ကြထွေထွေ
များလူတွေက
ငေါက်ငေါက်လက်ညိုး
ဆတ်ဆတ်ထိုး၍
မထောက်မညှာ
လူ့ဗာလာကား
အဖ အောက်ထား
နေလေ၏ ... ။

ဤနှယ်စကား
သားဖ ကြားသော်
ပြောင်းကာ ပြင်ကြ
သားရွှေလှက
မြေတွင်ဆင်းသွား
သူ့အဖကား
မြည်းထက် ခွစီး
လမ်းခရီးတွင်
တွေ့ကြပြန်လေ
များလူတွေက
ရှုံ့တွမေးရိုး
ငေါ့ငေါ့ထိုး၍
အဖ လုပ်ညား
ရက်စက်အားသည်
နုနယ်ငယ်သေး
သားလူလေးကို
ဆင်းခိုင်းလမ်းလျှောက်
သူတစ်ယောက်မူ
ခန့်လူလူဖြင့်
မြည်းထက်အေးဆေး
နေလေ၏ ...။

အသို့အနှီ
ကြားလာသည်တွင်
အဖနှင့်သား
ပြန်စဉ်းစား၍
ပြောင်းကာရွှေ့ပြင်
ပုံစံခွင်နှင့်
မြည်းကို ကြိုးဆွဲ
နှစ်ယောက်တစ်တွဲ
လမ်းလျှောက်ဆဲတွင်
ဘေးပန်းမြင်ကြ
ထိုလူများက
ဤ သားအဖ
တုံးအကြသည်
မြည်းရှိသည်ကို
မစီးလမ်းလျှောက်
ဟားတိုက်လောက်သည်
ဦးနှောက်ပျက်ကာနေကြ၏ ... ။

ဤသို့ ဤပုံ
ကြားပြန်ဆုံရ
ပြောင်း၍သွားမည်
မြည်းထက်ဆီသို့
အဖအရှေ့ ခွ၍ထိုင်မည်
သားလှသည်လည်း
ဖ ခါးစွဲ၍
တူတူစီးသွား
သင့်တော်ငြားမြည်
ဆုံးဖြတ်ညီကာ
သွားကြရာဝယ်
လမ်းဘေးဖြတ်သွား
လူအများက
အနှီသားဖ
ညှင်းပန်းကြသည်
မြည်းပိန်ဆီသို့
တက်ကာစီးခွ
နှိပ်စက်ကြလို့
ဂရုဏာဝေး
ရှောင်ကြဟေးလို့
ပြောဆိုတုပ်ကွ
ကဲ့ရဲ့ကြပြီ
ရှုံ့ချ၍လည်း
ဆိုကြ၏ ... ။

ဤတွင် သားဖ
စဉ်းစားရပြီ
ခက်လှသည်ပင်
တွင်တွင်ခေါင်းကုတ်
ဦးနှောက်ရှုပ်သည်
ညည်းသံစီလျှက်
ငါ့သားလူလေး
ကြိုးကိုပေးဟု
တောင်းကာချည်နှောင်
မြည်းကိုထောင်၍
ခြေချောင်းကိုတုပ်
လက်ကိုချုပ်ကာ
ပင့်ဆောင်ရွက်ထမ်း
ရှေ့သို့လှမ်းသော်
လမ်းဘေးရပ်သွား
ဘေးလူများက
တသောသောဟား
လူမိုက်များဟု
၀ိုင်းကာရယ်လှောင်
ဦးနှောက်ကြောင်၍
မြည်းကိုုထုပ်ပိုး
ထမ်းလေရိုးဟု
ပြောကြသည်ရှိ
ဆိုကြ၏ ... ။

အနှီဖြစ်ရပ်
အပ်ကြောင်းထပ်လည်း
ကိုယ့်ထမင်းနှင့်
ကိုယ့်ဟင်းကိုစား
အခြားမနေ
လူ့ဘောင်ပွေထွေ
များလူတွေသည်
အမှန်ရှိရိုး
တမျိုးမထင်
ဤဖြစ်အင်ကို
ကဗျာဖွဲ့စည်း
တင်ပြပြီး၍
ဖတ်လေသမျှ
မှတ်ဝေမျှကာ
သံဝေဂပွား
ဉာဏ်ယှဉ်သွားကြည့်
လောက အသိ
မြင်ရ၏ ... ။


အိမ်မက်ရှင်
www.eainmatshin.info
[ဒီကဗျာလေးကို ၂၀၀၈ နိုဝင်ဘာ ၈ ရက်နေ့က ရေးဖွဲ့ခဲ့တာပါ၊ အခုဆို 3 နှစ်ကျော် ကြာခဲ့ပြီပေါ့၊ အခုထိ မရိုးဘူးထင်မိလို့ ပြန်တင်လိုက်တာပါ ... ။]

Tuesday, February 15, 2011

သံသယစိတ်

Photobucket

သံသယစိတ်

လူတစ်ဦးတစ်ယောက်အပေါ်မှာ ကိုယ်ထင်ထားသလို၊ ကိုယ်ယုံကြည်ထားသလို၊ ကိုယ်မျှော်လင့်ထားသလို ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးမိတဲ့စိတ်က သံသယစိတ်လို့ ဆိုချင်ပါတယ်၊ လူတွေမှာ သံသယစိတ်ဝင်လာတတ်ခြင်းနဲ့ ပတ်သက်လို့ လူတိုင်းလိုလို ခံစားဖူးကြမှာပါ၊ အဲ့ဒီ့စိတ်က နယ်ပယ်အစုံမှာ ရှိနိုင်ပါတယ် သူငယ်ချင်း၊ မိတ်ဆွေတွေမှာ ရှိနိုင်တယ်၊ ချစ်သူစုံတွဲတွေနောက် လင်မယားတွေအကြားမှာလည်း သံသယစိတ်တွေ ဝင်လာနိုင်ပါတယ်၊ သူငယ်ချင်း တစ်ယောက်ကတော့ အခုလို ပြောပါတယ်၊ "သံသယ ဆိုတာ လက်လွတ်ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်ကမွေးဖွားလာတာ" တဲ့။ သူက အကောင်းဘက်ကနေ သံသယကို မြင်ပြီးတော့ ပြောတာပါ။ ကျွန်တော့်အမြင်ပြောရရင် သံသယဝင်ခြင်းဟာ နားလည်မှုလွဲချော်ရာက စတင်လာတယ်လို့ ယူဆချင်ပါတယ်။

သံသယလို့ ဆိုလိုက်ရင် လူအတော်များများက အကောင်းမမြင်နိုင်ကြပါဘူး။ ဒါကလည်း ဟုတ်ပါတယ်။ သံသယစိတ်ဝင်ရောက်လာပြီးရင် အဆုံးသတ်တွေက ဘယ်တော့မှ လှလှပပနဲ့ အဆုံးသတ်သွားခဲ့တယ်ဆိုတာမရှိပါဘူး။ တကယ့်ကို ပူလောင်စေတဲ့ သံသယစိတ်ပါပဲ၊ ထိတွေ့ဆက်ဆံမှု၊ နွေးထွေးမှု၊ လေးစားမြတ်နိုးမှုနဲ့ ယုံကြည်စိတ်ချမှုတွေကို အက်ကြောင်းထအောင် လုပ်တတ်တာလည်း သံသယစိတ်ပါပဲ၊ လူ့ဘဝတွေထဲက သူငယ်ချင်း၊ မိတ်ဆွေသံယောဇဉ်၊ ချစ်သူစုံတွဲသံယောဇဉ်၊ လင်မယားသံယောဇဉ်တွေက တော်ရုံတန်ရုံ ဖြတ်တောက်မရနိုင်ဘူးရယ်လို့ ယုံကြည်ထားတတ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်တွေဆိုတာ ဘယ်လောက်ပဲ ခိုင်မြဲ၊ ခိုင်မြဲ၊ အဲ့ဒီ့သံယောဇဉ်ကြားထဲကို သံသယ ဆိုတဲ့ အရာက ဝင်ရောက် လောင်ကျွမ်းလာရင် ဖြတ်မရတဲ့ သံယောဇဉ်လည်း အလကားပါပဲ ...။

သံသယဝင်ရောက်ခြင်းအပေါ်မှာ ကာကွယ်တားဆည်းနိုင်မယ့် အရာကတော့ အကြွင်းမဲ့ ယုံကြည်ခြင်းပါ။ သို့ပေမယ့်လည်း အကြွင်းမဲ့ ယုံကြည်ခြင်းမှာ အကန့်အသတ်တွေ ရှိနေပြန်သေးတော့ သံယယဆိုတာ ဝင်လာဖို့ ယိုပေါက်တွေ ရှိနေပါသေးတယ်လို့ ယူဆနိုင်ပါတယ်။ လူသားတွေရဲ့ စိတ်သဏ္ဍာန်မှာ အတ္တစိတ်တွေရှိနေသရွေ့တော့ ချစ်ခြင်း၊ မုန်းခြင်း၊ သံသယဝင်ခြင်း စတာတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြဦးမှာပါ။ လူတစ်ဦးတစ်ယောက်အပေါ် ထားမိတဲ့ သံသယတွေကြားက လွတ်မြောက်နိုင်ဖို့ တစ်ဦးနဲ့တစ်ဦး လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံမှုတွေကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ထားရမယ်လို့ စဉ်းစားမိပါတယ်၊ မိမိရဲ့ လုပ်ရပ်တွေအပေါ်မှာ တစ်ဖက်လူက သံသယထားမိတဲ့ အဖြစ်တွေ လျှော့ချဖို့ အတတ်နိုင်ဆုံး ရိုးသားမှုကို ထူထောင်ဖို့ လိုအပ်တယ်လို့ တွေးမိပါတယ်၊ လုံးဝမယုံကြည်ခြင်းနဲ့ အကြွင်းမဲ့ ယုံကြည်ခြင်းတို့ အကြားထဲက ချိန်ခွင်လျှာကို ထိန်းညှိ နိုင်ခြင်းအားဖြင့် သံသယစိတ်ကို ထိန်းချုပ်ကွပ်ကဲ နိုင်မယ်လို့ မျှော်လင့်မိပါတယ်၊ အလျှံတညီးညီးနဲ့တောက်လောင်နေတဲ့ မီးတောက်တွေ လောင်မြိုက်လို့ လောင်ကျွမ်းပျက်စီးသွားခဲ့ရင် ပြာဆိုတာ ကျန်ရစ်နိုင်ပေမယ့်၊ သံသယမီးလောင်ကျွမ်းခံရလို့ ပျက်စီးရရင် ပြာမှုံတောင်မကျန်ပဲ အရာရာက အလုံးစုံပျက်စီးဆုံးရှုံးသွားနိုင်ပါကြောင်း ... ။

သံသယမီး လောင်ကျွမ်းခံရခြင်းမှ ထာဝရကင်းလွတ်ပါစေ ...


အိပ်မက်ရှင်
Photo From: http://www.freefoto.com

Tuesday, February 8, 2011

စာခြောက်ရုပ်

Photobucket

စာခြောက်ရုပ်


အဖော်မဲ့တေးဆိုမယ့်သူ ... လာပါ
ငါ့ ဟင်းလင်းပြင်ကြီးထဲမှာ ငါနဲ့ ငါသာအဖော်
ငါ့ လက်တွေလည်း မပိုက်ခဲ့
ငါ့ ခေါင်းဟာလည်း မစိုက်ခဲ့
ခြေတစ်ချောင်းနဲ့ ရပ်နေတိုင်းလည်း ...
ဖြူဖွေးညွှတ်ကိုင်း
ဆည်ဝက ဗျိုင်း မဟုတ်ခဲ့ ... ။

ပိုက်ထွေးဖို့ ဆန့်ထားတဲ့ လက်အစုံကြားက
ကောက်ရိုးနဲ့ သီတဲ့ ငါ့ နှလုံးသားမှာ
ဘဝင်ကြွမယ့် ဗျောဂီတတွေ ရှိတယ် ...
စိမ်းလဲ့သန့်စင်တဲ့ ပျိုးခင်းပျိုတွေ ရှိတယ် ...
မည်းညစ်ညိုမွဲ ရွာစည်းရိုးကျဲကျဲတွေ ရှိတယ် ...
ဟောဟိုက ပြာလွင်တဲ့ ကောင်းကင်ပြင်ကျယ် ရှိတယ် ...
ရွာဦးကျောင်းက တုံးမောင်းသံ အိုဟောင်းဟောင်းတွေ ရှိတယ် ...
ဝေလီဝေလင်း မိုးမလင်းခင်ထတွန်တတ်တဲ့ လင်းကြက်နှိုးစက်တွေ ရှိတယ် ...
မကျည်းပင်ခပ်စောင်းစောင်းအောက်က ပြစ်ချိုနွဲ့နှောင်းတဲ့ နွားကျောင်းသားရဲ့ ပလွေသံရှိတယ် ...
ရထားဖြတ်တိုင်း ဆူညံဟစ်ကြွေးလို့လိုက်မယ့် ကလေးတစ်သိုက်ရှိတယ် ...
ထန်းပင်ရိပ်ဆိုင်း နေညိုချိန်တိုင်းမှာ မြူအိုးခတ်ထိသံလှိုင်းတွေ ရှိတယ် ...
လယ်ထဲ ငုတ်တုတ်ဖွဲ့ထိုင် ဓနိဦးထုပ်စတိုင်နဲ့ တဲစုတ်တွေ ရှိတယ် ...
မိုးရေတွေ စီးဝင်မျောမယ့် မြေကြီးရဲ့ သွေးပြန်ကြောတွေ ရှိတယ် ...
သနပ်ခါးဘဲကြားအလှ ကောက်စိုက်ပျိုသမတွေ ရှိတယ် ...
ထမင်းအိုးရွက်ထမ်း အိမ်ရှင်မခြေလှမ်းတွေ ရှိတယ် ...
ဂျိုကုတ်၊ ဂျိုထောင်နဲ့ တံစဉ်ဆောင် ဦးကြီးတွေ ရှိတယ် ...
ပကျီပကျီဟစ်သီတဲ့ ငါ့ကို မကြိုက် စာတစ်သိုက်လည်း ရှိတယ် ...
အဲဒီ့အရာတွေကို ခင်တွယ်အားကိုး မြတ်နိုးလို့နေတဲ့
ငါ တစ်ယောက်လည်း ... ရှိတယ်် ။

အိုးအခွံတစ်လုံးနဲ့ ဖုံးအုပ်ခဲ့ ဦးနှောက်က ငါ့ အသိတွေ
အရှိတွေလို ဖြစ်ရဲ့
ငါ ဒီမှာ ပြောပစ်ခဲ့မယ် ...
ဗျောဂီတနဲ့လည်း ငါ သီက ခဲ့ဖူးတယ်
လင်းကြက်တွေကိုလည်း နှင်းစက်တွေအကြား ငါ နှိုးခဲ့ဖူးတယ် ....
ပျိုးခင်းပျို ရင့်မှည့်ချိန်ဆိုလည်း ငါ ကြိုခဲ့ဖူးတယ် ...
ရွာစည်းရိုးကျဲကျဲမှာ ငါ ခြေရိုးတွေဟာလည်း စွဲခဲ့ဖူးတယ် ...
ကောင်းကင်ပြင်ယံမှာ ငါ အသက်ရှုသံလည်း မြန်ခဲ့ဖူးတယ် ...
တုံးမောင်းသံကြားတိုင်း ငါ့မနက်ရိုင်းတွေမှာ ထုံထိုင်းစွာနဲ့ ထခဲ့ဖူးတယ် ...
မကျည်းပင်အောက်က ပုလွေတေးနဲ့ ငါ့လွမ်းရေးတွေလည်း ဆိုခဲ့ဖူးတယ် ...
ရထားပြေးလိုက် အဲဒီ့ ကလေးတစ်သိုက်ကိုလည်း မာန်ခဲ့ဖူးတယ် ...
ကောက်စိုက်ပျိုမ သနပ်ခါးဘဲကြားအလှကိုလည်း ငမ်းခဲ့ဖူးတယ် ...
ထွန်တုံးလယ်ချ ဂျိုထောင်ဂျိုကုတ်ဘဝကိုလည်း စာ ခဲ့ဖူးတယ် ...
မိုးရေစီးဆင်း ရေနှုတ်ဘောင်ကသင်းမှာလည်း ရပ်ခဲ့ဖူးတယ် ...
ငါ့ရဲ့ ရန်သူ စာဖြူဖြူတွေကိုလည်း ဟောက်ခဲ့ဖူးတယ် ...
မြူအိုးသံမြိုင် ပင်ကျရည်လှိုင်လှိုင်နဲ့လည်း စွဲ ခဲ့ဖူးတယ် ...
ဓနိဦးထုပ် ငါ့အဖော်တဲစုတ်တွေနဲ့လည်း ငြင်းခဲ့ဖူးတယ် ...
အိုးရွက်တောင်းချ ထမင်းဝိုင်းအစမှာလည်း ပါခဲ့ဖူးတယ် ... ။

အခုတော့ ငါ ...
ဇရာ ဓါးသွားထိ ... ခြေတစ်ချောင်းရှိတာ ကျိုး
ငါ့နေရာကို ငါ့လို အစားထိုးခဲ့
ငါ နားလည်နေရဲ့လေ ...
(တကယ်တော့)
နှင်းပန်းတစ်ပွင့်လို သင်္ခ ါရဟာလဲ ...
အတိုင်းအဆမရှိ ကြွေလွယ် ပျက်လွယ် ...။

ဒီမှာဟေ့ ... ငါဆိုတဲ့ကောင်ရဲ့ဘဝမှာ
ပျက်သုန်းကြေမွ စုန်းစုန်းမြုပ် မြေခရင်တောင်
ငါ့ကိုယ်ငါ ... ပုခုံးပုတ်
ဂုဏ်ယူဖို့ လုပ်နေမယ့်ကောင် ... ။ ။



အိမ်မက်ရှင်

မှတ်ချက် . ဒီကဗျာလေးကို ၃ ရက် ဒီဇင်ဘာ ၂၀၀၈ တုန်းက ရေးခဲ့တာပါ ၊ ကျွန်တော့် အနှစ်သက်ဆုံး ကဗျာလေးတွေရဲ့ ထိပ်မှာ ရှိတဲ့ ကဗျာလေး တစ်ပုဒ်ပေါ့ ဗျာ ... ။

Thursday, February 3, 2011

ဇီးကွက်တစ်ကောင်၏ အဖော်လုပ်ခြင်း

Photobucket

ဇီးကွက်တစ်ကောင်၏ အဖော်လုပ်ခြင်း


ည တိုင်းညတိုင်း သူ စောစော အိပ်တတ်တာကို ကျွန်တော်သိနေမိတယ် ... ။

ကျွန်တော် သူကို သတိထားနေမိတာ တော်တော် ကြာပြီ။ အရင်က သူ ဒီအချိန်လောက်ဆို အိပ်ပျော် နေတတ်တာ၊ အခုတော့ ခပ်ကျဲကျဲ မီးရောင်ထဲ သူ့ကို ငုတ်တုတ်မြင်နေခဲ့တာဟာ ဒီတစ်ညတည်း မကတော့ ... ။ အရင်ကဆို ကျွန်တော်အတွက် အာရုဏ်တက် (သူ့အတွက်တော့ ညဦးပိုင်း အချိန်တွေပေါ့) ဆိုရင် သူက အိပ်စက်ဖို့ ပြင်ဆင်နေတတ်သူလေ။ ပထမတော့ ကျွန်တော်လည်း သတိမထားမိခဲ့ပါဘူး။ သူ့အခန်းဆီက မီးရောင်က ကျွန်တော် မနက်စာ စားအပြီးလောက်ဆို ပိတ်ပြီး သူ အိပ်စက်နေတတ်ပြီလေ။ အခုတော့ ကျွန်တော် ကိုယ်လက်လှုပ်ရှားမှုပြုတဲ့အချိန်ထိအောင် သူ မအိပ်စက်သေးဘူး။ ဒါအပြင် အရင်က မကြားဖူးတဲ့ သူ့ရဲ့ သက်ပြင်းချသံတွေကိုလည်း ကျွန်တော် အမှတ်မထင်ကြားလာနေရတယ်။ သူ့ကို ကျွန်တော် အရင်ကထက်တော့ ပိုပြီးသတိပြုမိခဲ့ခြင်းရဲ့ အစပေါ့ ... ။

သူ့အခန်းက ဒီယူကလစ်ပင်ကြီးရဲ့ ညာဘက်ကိုင်း ခပ်ကြီးကြီးအောက်မှာ ရှိတာမို့ ကျွန်တော် တံခါးဝနဲ့ဆို တန်းကနဲမြင်နိုင်လောက်တဲ့နေရာမှာပေါ့။ အရင်က အဲအခန်းလေးမှာ ဘယ်သူမှ မနေပဲ သော့ခတ်ထားတတ်ပြီး မှောင်အတိကျနေတဲ့ မြင်ကွင်းက ကျွန်တော့်အတွက် အသားကျနေတတ်ခဲ့တာ။ သိပ်မကြာခင်မှာပဲ သူ ဒီအခန်းလေးထဲကို ရောက်လာခဲ့တာ။ အစကတော့ သူရဲ့ နိုးထချိန်၊ လှုပ်ရှားသွားလာချိန်တွေဟာ ကျွန်တော့်ရဲ့ အိပ်စက်ချိန်တွေဖြစ်နေခဲ့တယ်လေ။ ဒါပေမယ့် သူကို ကျွန်တော်သတိထားမိခဲ့တာက ကျွန်တော့် အိမ်သစ်ခေါင်းပေါက်ရဲ့အောက်တည့်တည့်မှာ သူ လာရပ်ပြီး ဖုန်းပြောနေခဲ့တဲ့ တစ်ညပေါ့၊ အဲတုန်းက ဖုန်းထဲက တစ်ဖက်လူကို ပြောပြနေတဲ့ သူ့ရဲ့အသံတွေက တက်ကြွစွာနဲ့ အားအင်တွေပြည့်နေခဲ့တာ။ သူရောက်စမှာ ကြုံတွေ့ရတဲ့အဖြစ်တွေ၊ ဘတ်စ်ကားစီးရတဲ့အကြောင်းတွေ သူ့အရင် ရပ်ရွာနဲ့ ဘယ်လိုဘယ်ဝါကွဲပြား ခြားနားတယ်ဆိုတာတွေကို စိတ်အားထက်သန်စွာနဲ့ ပြောပြနေခဲ့တာ အတိုင်းသားပဲ ကျွန်တော်ကြားနေခဲ့ ရတယ် ... ။

“အမေ ... သားနေတဲ့နေရာကတော့ သိပ်တော့အဆင်မပြေဘူးအမေ၊ ဒါပေမယ့် ခံနိုင်ရည်ရှိပါတယ်၊ အခုတော့ ရှိသမျှဟာတွေ အကုန်တော့ လိုက်တင်နေတယ်အမေ၊ ဒါပေမယ့် ဒီနေရာက အင်တာနက်မရဘူး၊ သားမြို့ထဲအထိသွားပြီး တင်နေရတယ်၊ အော် ... ဟုတ် ... အမေ အမေပေးတဲ့စားစရာတွေ ကျန်သေးတယ် အမေရ၊ မကုန်သေးဘူး၊ ဟုတ် ... အဆင်ပြေပါတယ်အမေရာ၊ သူငယ်ချင်းတွေလည်း ကူညီကြပါတယ်၊ သားဖုန်းကဒ်ကုန်တော့မယ် အမေ ... နောက်တစ်ရက်နှစ်ရက်ဆိုသားပြန်ဆက်လိုက်ဦးမယ်နော်၊ ဟို ... ဟို အတိုးကိစ္စလား ... မပူပါနဲ့ အမေ... အဆင်ပြေသွားမှာပါ ”

ကျွန်တော် အစာရှာပြီး အိပ်တန်းဝင်ဖို့ပြန်လာတိုင်း ဘေးလွယ်ဘတ်အိတ်ကလေးကို လွယ်၊ ဖိုင်တစ်ထပ်ထည့်ထားတဲ့ ဖိုင်ဟိုလ်ဒါလေးကို ကိုင်ပြီး သူတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ထွက်သွားတတ်သူလေ။ သူကတော့ ကျွန်တော့်ကို သတိမပြုမိပေမယ့် ကျွန်တော်ကတော့ သူ့မျက်ဝန်းထဲက မျှော်လင့်ခြင်းအရိပ်အယောင်တွေမြင်မိပြီးကတည်းက သူ မျှော်လင့်ယုံကြည်ချက်တစ်ခုအတွက် ဒီအခန်းလေးထဲကို အခြေချလာသူ တစ်ယောက်လို့ မှတ်ချက်ချမိခဲ့တယ်။ ခြေလှမ်းကျဲကျဲတွေနဲ့ လှမ်းထွက်သွားတဲ့ သူ့နောက်ကျောကို လှမ်းကြည့်မိတိုင်း သူရဲ့ တက်ကြွမှုဟာ ကျွန်တော်ဆီကိုပါ မြဲကူးစက်လာတတ်တာမို့ ကျွန်တော် တော်တော်နဲ့ အိပ်မရတတ်ဘူး။ တက်ကြွသူတစ်ယောက်ရဲ့ မျှော်လင့်ချက်အိပ်မက်တွေဟာ ဘယ်လိုများပါလိမ့်၊ ဆက်မတွေးတော့ပဲ ကျွန်တော်အိပ်စက်ပစ်ခဲ့တာ ... ။

တစ်နေ့ကပေါ့ ... ကျွန်တော်မနက်ခင်းတစ်ခုလုံးက အေးစက်လို့ အိပ်ယာထက်က ထရမှာကို ပျင်းနေမိခဲ့တယ်၊ အသံတစ်ခု ဆူဆူညံညံကြားလို့ အာရုံစိုက်မိတဲ့အခါ သူ့အသံဆိုတာကို သိလိုက်ရတော့ စိတ်လှုပ်ရှားသွားမိတယ်၊ နားစွင့်လိုက်မိတယ်လေ။ ကျွန်တော့် ယူကလစ်အိမ်ရဲ့ အောက်မှာ ထုံးစံအတိုင်း သူဖုန်းလာပြောနေတာ။ အသေအချာပါပဲ ဟုတ်တယ်။ အာရုံစိုက်လိုက်မိတယ်။ အခုရက်ပိိုင်းတွေမှာ သူ့ကို ကျွန်တော် သတိမမူမိတာကို ပြန်ပြီးတွေးမိလိုက်တဲ့အခါ အဲဒီ့စိတ်က ကျွန်တော့်ရဲ့ သိချင်စိတ်ကိုပိုပြင်းပြအောင် ဆွလိုက်သလို ဖြစ်လာတယ်။ သူကတော့ ကျွန်တော် အကဲခတ်နေတာ မသိပဲ ယူကလစ်ပင်စည်ကို လက်ထောက်ပြီး တစ်ဖက်ကလူကို ပြောပြနေလေရဲ့ ... ။

“ အေးကွာ ... ငါလည်း Try နေတာပဲ၊ နေ့တိုင်းထွက်တဲ့ သတင်းစာတွေနဲ့ စနေ၊ တနင်္ဂနွေထွက်တာတွေလည်း ဖတ်တယ်၊ ဖုန်းနံပါတ်ကြည့်တယ်၊ ဖုန်းဆက်ပြီး အီးမေလ်းတောင်းတယ်၊ ရရင်တင်တယ်။ အခုထိ နှစ်ပတ်ကျော်လာပြီ၊ ဘာမှ Reply မလာသေးဘူး၊ ငါရတဲ့ တစ်ခုကလည်း မလွယ်ဘူး၊ သွားရတာလည်း အဝေးကြီးကွာ ... ငါ့မှာ လမ်းမှားလို့ Taxi တောင် ငှားပြီး သွားရတယ်၊ ဟိုရောက်တော့ လူတွေက အစုံပဲ ... ငါလည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီးမှ ငါ့အလှည့်လည်း ကျရော သူတို့ကမေးတယ်လေ မင်းက xx လားတဲ့၊ ဒါဆိုမရဘူး ... အခုခေါ်တာက xx တွေပဲ ခေါ်တာတဲ့ ငါလည်း မောပြီး စိတ်ဓါတ်တောင် တော်တော်ကျသွားတယ်၊ အေးပါ ငါ ကြိုမေးပါတယ်ကွ၊ လာခဲ့ဆိုလို့သွားတာ ... ဟုတ်တယ် ... ငါလည်း အဲဒါပဲ စဉ်းစားနေတာ ... အေးဂျင့်ပဲ အပ်လိုက်ရင် ကောင်းမလား ... အခုက ရထားခနဲ့ အင်တာနက်ခတွေက ငါ့ကို တအားထောင်းနေတယ် ... ”

တစ်ဖက်လူကို ပြောပြနေတဲ့ သူ့အသံက အားမလို အားမရဖြစ်တဲ့အသံ ဆိုတာ ကျွန်တော် သတိထားမိတယ်၊ သူ့မျက်နှာကလည်း ခပ်နွမ်းနွမ်း ရှိနေပြီး ဆေးကျွတ်စပြုနေတဲ့ အဝတ်တစ်ထည်လို သူ့မျက်ဝန်းတွေက ခပ်မှိန်မှိန်လေးဖြစ်နေတယ်လေ။ ၀န်ထုပ် တစ်ခုကို ထမ်းပိုးထားသလို စိတ်ဖိစီးမှု တစ်ခုကို သူ ထမ်းထားရတယ်ဆိုတာကို ကျွန်တော် ရိပ်မိလိုက်သလိုပဲ။ ဦးခေါင်းကို မသိမသာ ယမ်းလိုက်ပြီး ငိုက်စိုက်ချလို့ အခန်းလေးထဲဝင်သွားတဲ့ သူ့ ဟန်ပန်ကို မြင်လိုက်မိတော့ ကျွန်တော်လည်း အမှတ်မထင် သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်မိတယ်။ အဲနေ့ဟာ သူ့အခန်းလေးထဲက မီးကျဲကျဲလေးပိတ်သွားတာ နောက်ကျလာနေတဲ့ သုံးရက်မြောက် ည တစ်ညမှန်း ကျွန်တော် တွက်ကြည့်လိုက်မိတယ်။ အစာရှာဖို့ တောင်ပံတွေဖြန်ပြီး ပျံသန်းလာခဲ့ပေမယ့် ကျွန်တော့် အတွေးထဲကို သူရဲ့ စကားသံတွေနဲ့ ဟန်ပန်ခပ်နွမ်းနွမ်းတွေက လိုက်ပါလာနေတုန်းပဲ။ သူရောက်ခါစက အမူအယာတွေနဲ့ အခု ညနေက ကျွန်တော်တွေ့လိုက်ရတဲ့ သူ့ဟန်ပန်တွေကို ပြန်နှိုင်းယှဉ်မိရင်း ... အိုး ...။ ကျွန်တော် ဆက် မစဉ်းစားတော့ဘူး။ ခပ်လှမ်းလှမ်းမြေပြင်မှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ ကြွက်တစ်ကောင်ကို မြင်အပြီးမှာတော့ ကျွန်တော့ ခေါင်းထဲက သူထွက်သွားတော့တယ်... ။

သူငယ်ချင်းဒီးဒုတ်တစ်ကောင်နဲ့ စကားကောင်းခဲ့လို့ အိပ်တန်းအပြန်နောက်ကျခဲ့တာ။ အပြန်လမ်းမှာ သူနဲ့ မတိုးမိတော့ဘူးလေ။ တင်းတင်းစေ့ပိတ်ထားတဲ့ သူ့ရဲ့ အခန်းပြူတင်းပေါက်ကလေးကပဲ ကျွန်တော့်ကို ကြိုဆိုနေခဲ့တယ်။ ကျွန်တော်အိပ်စက်ဖို့ပြင်ဆင် လိုက်ပြီး အိပ်ယာမဝင်ခင် သူအခန်းလေးဘက်ကို ငဲ့ပြီး ကြည့်လိုက်မိသေးတယ်။ စိတ်ထဲကလည်း ဘာရယ်မသိ။ သူစိတ်မှာ ခံစားနေရတာတွေကို ကျွန်တော် မသိပေမယ့် သူ့ကို အဲလိုမခံစားစေချင်မိတာကတော့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုလိုပါပဲ။ ကျွန်တော် အိပ်ပျော်သွားတဲ့ အချိန်လောက်မှာ သူ မျှော်လင့်ချက်တွေအတွက် ကွန်ပျူတာတစ်လုံးရှေ့မှာ သူ ငုတ်တုတ်ထိုင်ပြီး တကုပ်ကုပ်နဲ့လုပ်နေလေမလား၊ သူနဲ့ ဘာမှသွေးမတော်သားမစပ်တဲ့ ကော်လာဖြူလူတွေနဲ့ အခြေအတင်မေးခွန်းတွေကို ရင်ခုန်သံတဒိန်းဒိန်းနဲ့ တုံ့ပြန်ဖြေကြားနေမလား၊ အပြံုးပီပီသသနဲ့ သူပြန်ထွက်လာနိုင်မလား၊ မျက်စိပျက်မျက်နှာပျက်နဲ့ သူခေါင်းငိုက်စိုက်ထွက်လာမလား၊ သတင်းစာရွက်အကြီးကြီးတွေကြား ထဲမှာ သူခေါင်းမြုတ်အောင် အလုပ်ရှုပ်နေမလား။ ကျွန်တော် နိုးထလာရင်တော့ ကျွန်တော် သိမှာပါ။ သူ အိပ်ဦးမှာ မဟုတ်သေးဘူးလေ။ မီးရောင်ကျဲကျဲလေးထဲ သူငုတ်တုတ်ကလေးထိုင်နေပုံကို ကျွန်တော် မြင်မိရင် အားတွေယုတ်လျော့သွားသလို ခံစားမိနေတာကတော့ တော်တော်ဆိုးဝါးတဲ့ ခံစားချက်တခုလို ဖြစ်လာနေတယ်။

သူ့ဘဝနဲ့ ကျွန်တော့်ဘဝကို နှိုင်းယှဉ်ကြည့်နေမိတယ်၊ ဟိုးအရင်က လူတစ်ယောက်ရဲ့ဘဝနဲ့ ကျွန်တော့်ဘဝကို အခုလိုနှိုင်းယှဉ်ကြည့်မိမယ်လို့ လက်တွေ့နှိုင်းယှဉ်ဖို့ ဆိုတာမပြောနဲ့ စိတ်ကူးထဲမှာတောင် ထည့် မစဉ်းစားမိဘူး။ ကျွန်တော်လည်း အစာရှာချိန်ဆိုရင် အစာရှာဖွေတာ၊ သူလည်း ရှာဖွေနေသူတစ်ယောက်၊ ကျွန်တော် သိတယ်။ တစ်ခါတစ်ခါ ညမှောင်မှောင်ထဲကို ပျံသန်းရင်း မြင်နေရတဲ့ မြင်ကွင်းထဲ ၀င်လာတဲ့ ကြွက်လို၊ ပိုးကောင်လို အကောင်တွေမြင်မိရင် ကျွန်တော် ထိုးဆင်းသွားခဲ့တာ၊ သူလည်း ထိုးဆင်းသွားခဲ့ဖူးတာပဲ၊ ကျွန်တော်သိတယ်။ ကြွက်တစ်ကောင်ကို ကျွန်တော် မိရင် ကျွန်တော်ခြေချောင်းတွေနဲ့ မြဲမြဲ ကုတ်ထားဖို့ ကျွန်တော် အသိနဲ့ အတွေ့အကြံုတွေက တာဝန်ယူတယ်။ သူရော ... သူ့အသိနဲ့ အတွေ့အကြံုတွေက မြဲမြဲ ကုတ်ထားဖို့ တာဝန်ယူနေမှာလား။ ကျွန်တော် အစာတစ်နပ်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ဖူးတယ်၊ သူလည်း သူ့အစာကို ဆုံးရှုံးဖူးမှာလား ... သိချင်နေတယ်။ ကျွန်တော် အစာမရတဲ့နေ့ ၀မ်းဟောင်းလောင်းနဲ့ အိပ်တန်းပျံရတဲ့စိတ်ကို ကျွန်တော်သိတယ်။ အလူးအလဲပါပဲ။ ဒါပေမယ့် ကျွန်တော် ခံနိုင်ရည် ရှိတယ်။ သူ ... သူ ခံနိုင်ရည် ရှိပါ့မလား ... ။ အိုး ... ။ စိုးရိမ်မှုတွေကြောင့် တောင်ပံကို ခတ်ပြင်းပြင်းခတ်လိုက်တဲ့အခါ လေထုအပေါ်ကို ကျွန်တော် ဝဲ တက်သွားတယ်။ စိတ်မပူနဲ့။ သူလည်း စိုးရိမ်မှုတွေကြောင့် တောင်ပံတွေကို ပြင်းပြင်းခတ်ပါလိမ့်မယ် ... ။

ကောင်းကင်ပြင်ထက်မှာ လှပလင်းလက်နေတဲ့လမင်းပြည့်ဝိုင်းဝိုင်းကြီးကို မြင်တဲ့အခါ ကျွန်တော်ရဲ့ စိတ်အားတက်ကြွလာခဲ့တယ်၊ အိပ်ယာကို သပ်သပ်ရပ်ရပ် ခေါက်တင်လိုက်တယ်၊ တဂွီဂွီမြည်လာတဲ့ ဗိုက်ကို အသာပွတ်ပြီး ဒီနေ့တော့ ခပ်စောစော အစာရှာထွက်မှလို့ ကိုယ့်ကိုကိုယ်ပြောနေမိတယ်။ ရုတ်ကနဲ သင်းလာတဲ့ လေပြေမှာ ယိုးဒယားခေါက်ဆွဲပြုတ်နံကို ထောင်းကနဲရလိုက်တော့ သူ ပြန်ရောက်နေပြီဆိုတာ ချက်ချင်းပဲ ကျွန်တော်သိလိုက်တယ်။ ဗိုက်ထဲက ဆာတာကိုမေ့သွားပြီး သူအကြောင်းကို စဉ်းစားမိလို့ အခန်းဝကို ပြေးပြီး မီးကျဲကျဲအခန်းလေးကို လှမ်းကြည့်လိုက်မိတယ်။ အခန်းကျဉ်းလေးရဲ့ ထောင့်တစ်နေရာမှာ တည်ထားတဲ့ တရုတ်လုပ်ရေနွေးအိုးကလေးတစ်လုံးရဲ့ ဘေးမှာ သူက ဇွန်းလေးတစ်ချောင်းနဲ့ ခေါက်ဆွဲပြုတ်အကျက်ကို စောင့်နေလေရဲ့။ ခပ်ဟဟ စေ့ထားတဲ့ပြူတင်းတံခါးတွေနဲ့ လိပ်တင်ထားတဲ့ ခန်းစီး ခပ်နွမ်းနွမ်းတွေကို ကျော်ပြီး သူ့ဘေးမှာ ချထားတဲ့ နိုကီယာဖုန်းအစုတ်လေးကို လှမ်းမြင်နေရတယ်။ ကျွန်တော်တောင် သူ့ဖုန်းကလေးဆီက မြည်လာမယ့် အသံလေးကို နားစွင့်နေမိပါကလား။ ကျွန်တော် အစာရှာထွက်တဲ့အခါတိုင်းမှာလည်း ကြွက်တစ်ကောင်ရဲ့ခပ်စူးစူးအော်သံကို နားတစွင့်စွင့်နဲ့ ရှိခဲ့သေးတာပဲ မဟုတ်လား ... ။

ဒီခေါက်ဆွဲပြုတ်ကျက်တဲ့အခါ သူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်စားနေမယ်၊ ပြီးတဲ့အခါ ပြူတင်းတံခါးလေးဘက်ကို ရီဝေမှုန်မှိုင်းတဲ့အကြည့်ငေးငေးတွေနဲ့ ငိုင်တွေနေမယ့် သူ့မျက်ဝန်းတွေနဲ့ ရင်မဆိုင်ရခင်မှာ ကျွန်တော် အစာရှာထွက်မှဖြစ်တော့မယ်။ အဲအကြည့်တွေနဲ့ ရင်ဆိုင်မိတိုင်း ကျွန်တော်တောင် အားငယ်သိမ်ငယ်မိလို့ အစာရှာပျက်ခဲ့ရတဲ့ ရက်တွေ များစ ပြုလာနေပြီမဟုတ်လား ... ။ ရုတ်ကနဲ တောင်ပံကို ဆန့်ပြီး ပျံထွက်လိုက်တော့ ယူကလစ်ကိုင်းတွေ တဆတ်ဆတ်နဲ့လှုပ်ခါ ကျန်ခဲ့တယ်။ တွေးလိုက်မိသေးတယ်။ သူ အစာရှာဖို့ထွက်ခွာလာစဉ်ကရော သူ့ရဲ့ ယူကလစ်ကိုင်းတွေ အခုလိုလှုပ်ခါခဲ့သေးသလား။ ကျွန်တော် ဆက်မတွေးတော့ပဲ လေထုထဲကိုပဲ ပျံဝဲလိုက်တော့တယ်။ ကျွန်တော့်အတွက် မှောင်နေတဲ့ မြင်ကွင်းဟာ ရှင်းလင်းပြတ်သားနေပေမယ့် သူ့အတွက်တော့ မှောင်နေမှာပါ... ။

ထူးဆန်းတယ်။ ကျွန်တော် အိပ်တန်းတက်ဖို့ပြန်လာတဲ့အခါ သူ ကျွန်တော်ယူကလစ်ပင်အောက်မှာ ဖုန်းပြောနေခဲ့တယ်။ ကျွန်တော်ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေပြီးတော့ ယူကလစ်ကိုင်းတစ်ကိုင်းကို အလျင်စလို နားလိုက်မိတယ်။ ဟန်ချက်ပျက်သွားလို့ ယူကလစ်ကိုင်းချင်း ထိခိုက်မိတဲ့အသံကြောင့် သူ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်ကတော့ ဟန်ချက်ပျက်ခြင်းကို အာရုံမထားနိုင်ပဲ သူပြောနေမယ့်စကားသံကိုပဲ နားစွင့်နေမိတော့တယ်။ အဲအချိန်မှာတော့ သူ့အာရုံက ဖုန်းထဲက တစ်ဖက်လူကို ပြန်ကျရောက်သွားပြီလေ ... ။

“ အမေ ... ဘာမှမဟုတ်ပါဘူး ... ဇီးကွက်တစ်ကောင် အိပ်တန်းပြန်တာပါ ... သားအတွက်စိတ်မပူပါနဲ့ အမေ၊ သားပြန်လာရလည်း ဘာဖြစ်လည်း ... ဟုတ်ကဲ့ သားစိတ်ဓါတ်မကျပါဘူး၊ ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်လို့ သားထွက်လာခဲ့တာပဲ မဟုတ်လား၊ ကံကြမ္မာဆိုတာကတော့ သားမမြင်နိုင်ပါဘူး။ ယောက်ကျားတို့ဇွဲသေခါမှ လျော့တဲ့အမေ ... စကားရှိတယ်မဟုတ်လား ... သားက ယောက်ကျားတစ်ယောက်ပါ... ဒီလောက်လေးနဲ့တော့ စိတ်ဓါတ်မကျပါဘူး အခု သားဒီနေ့ သက်တမ်း ထပ်တိုးဖို့ သူတို့ အလုပ်သမားရုံးကို ထပ်သွားရမယ်၊ သား အတွက်ဆုတောင်းပေးနော် ... အမေလည်း ကျန်းမာရေးဂရုစိုက်နော် ... ဘာမှ စိတ်မပူနဲ့ .. အငယ်မက ဒီလကုန်ဘွဲ့ယူမယ်မဟုတ်လား ... သူ စိတ်တိုင်းကျလုပ်ပေးနော် အမေ ညီမလေး အားမငယ်ပါစေနဲ့ ... အကြောင်းထူးရင်းသား ချက်ချင်းဖုန်းဆက်လိုက်မယ် ... ဟုတ် ... ဒါပဲနော် အမေ ... ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ ဒါပဲနော် ... ဟုတ် ... ဒါပဲနော် အမေ ”

ကျွန်တော့်ရင်ထဲမှာ ဒိုင်းကနဲ ဖြစ်သွားမိတယ်။ ကျွန်တော့်ကို မြင်လိုက်ပြီး ဖုန်းထဲက တစ်ဖက်လူကိုတောင် ကျွန်တော့်ဟန်ချက်အပျက်ကို သူကလှမ်း ပြောပြနေလိုက်သေးတယ်။ သူ့အပေါ်မှာ ကျွန်တော် အရိပ်တကြည့်ကြည့်နဲ့ အကဲခတ်နေတာ ရိပ်မိသွားမလားရယ်လို့ စိုးရိမ်နေမိသလား။ ကျွန်တော် အိပ်တန်းမဝင်ခင်မှာ အစာရှာလို့ရလာတဲ့ ကြွက်တစ်ကောင်ကို ကျွန်တော် သူ့ကို ပေးချင်နေမိတာ။ သူ ပြောနေတဲ့အချိန်တုန်းက မျက်ဝန်းတွေကို သတိထားကြည့်မိနေတာ ကျွန်တော့် မသိစိတ်ကြောင့်လား။ မှိုင်းတိုင်းတိုင်းမျက်ဝန်းတွေမှာ ယီးလေးခိုစွဲနေတဲ့ မာန်တစ်ချို့ဟာ သူပြောတဲ့ ယောက်ကျားတို့ရဲ့ ဇွဲလား ။ လှုပ်ရှားသွားတဲ့ ကျွန်တော့်စိတ်တွေကို ပုံမှန်ပြန်ရောက်ဖို့ အသက်ကို ခပ်ပြင်းပြင်း ရှုခဲ့လိုက်ရတာတော့ သေချာတယ်။ ခြေလှမ်းကျဲကျဲတွေက အရင်ကလောက် မသွက်လက်တော့တာကို ကျွန်တော် ထပ်သတိထားမိနေပြန်တယ်။ ဟုတ်တယ်။ ကျွန်တော်လည်း အစာမရလာတဲ့ ရက်တွေဆို တောင်ပံခတ်သံတွေတောင် မမှန်ချင်တော့ဘူးလေ။ ကျွန်တော့်ရဲ့ ဒီညကို ဘယ်လို ကျော်ဖြတ်ရမလဲ။ နောက်နေ့ အိပ်တန်းထရင် သူပြန်လာမယ့်အချိန်ကို အချိန်မှီထပြီး ကြည့်ရမယ်လို့ တွေးနေမိတယ်။ သူရဲ့ ခပ်ဟဟ ပြူတင်းတံခါးလေးက သူ့မျက်ဝန်းတွေမှာ မြင်ရမယ့် အရိပ်အယောင်ဟာ ... ဘာလဲ ... ။ အခု ကျွန်တော်ရှာလာတဲ့ ကျွန်တော့်အစာကြွက်ကလေးကို သူ့ကို ပေးချင်နေမိတဲ့ စိတ်ကို အဓိပ္ပါယ်ဖွင့်ခွင့် ပေးပါ ... ။

ကျွန်တော်ပျံသန်းနေရာကနေ ဂရုတစိုက်နဲ့ မြေပြင်ကို လှမ်းကြည့်နေမိတယ်၊ ဟော ... ကြွက်တစ်ကောင် မြေကြီးထဲကနေ လှစ်ကနဲ ပြေးထွက်လာနေတာ ... တဟုန်ထိုး ထိုးဆင်းသွားလိုက်တယ်၊ သုတ်မယ်အလုပ်မှာ ရှုးဆိုတဲ့ အသံကို ကြားမိတော့ ကျွန်တော့ အစာကြွက်ကလေးကို မြွေဟောက်တစ်ကောင်ရဲ့ ပါးပျဉ်းထဲမှာ။ အိုး ... အရှိန်ကို သတ်လိုက်ပေမယ့် ဘယ်လိုမှ ထိန်းမရတော့ဘူး မြေပြင်ပေါ်ကို လိမ့်ကနဲ ဖြစ်သွားတယ်။ မြွေဟောက််ကတော့ အောင်နိုင်သူ အပြံုးနဲ့ ကျွန်တော့်ကို မထီမဲ့မြင် လှမ်းကြည့်တယ်။ ကျွန်တော်ခံပြင်းစွာနဲ့ စူးကနဲ တစ်ချက်အော်ဟစ်လိုက်တယ်။ ချွေးစေးတွေ ရွှဲနေတဲ့ ကျွန်တော့် အိပ်ယာက ငေါက်ကနဲ ထထိုင်မိလိုက်တော့တာ။ ရင်တွေကလည်း တဒိတ်ဒိတ်နဲ့ သွေးကြောတွေထဲမှာ တိုးဝင်နေတဲ့ အလျဉ်တွေကိုတောင် သတိထားမိနေတယ်။ အိပ်မက်ဆိုး။ ဒါဟာ အိပ်မက်ဆိုးနဲ့ နိုးထမှု။ တစ်ပြိုင်တည်း ခံစားနေရတာက ဆုံးရှုံးမှု။ အိုး ... ။ ခါးသီးလိုက်တာ။ သူမျက်နှာ ခပ်ညိုးညိုးဟာ ကွက်ကနဲ အာရုံထဲ ပေါ်လာတယ်။ ဟုတ်တယ်။ ဒီအချိန်သူ ပြန်ရောက်နေလောက်ပြီ ... ။ အခုထိ မြွေဟောက်ရဲ့ အပြံုး ခပ်စိမ်းစိမ်းက အာရုံထဲမှာ စွဲရရွဲ ... သွား ...စမ်း .... ကွာ ... ။

“တောက် ... သူငယ်ချင်းရာ ... ဒုတိယအဆင့်ထိပါပြီးမှကွာ ... နာတယ်၊ တကယ်ဆို ငါ သူတို့နဲ့ ပခုံးချင်းယှဉ်နိုင်တယ်ဟေ့ကောင်၊ သူတို့လိုချင်တဲ့ အတိုင်းအတာနဲ့ ငါ လုပ်ပြနိုင်တာတောင်ပိုသေးတယ်၊ ငါ့ ရင်တွေလည်း တဒိတ်ဒိတ်နဲ့ တုန်နေခဲ့တာ၊ ငါ ရင်ဆိုင်နေရတာ သူတို့တွေနဲ့ ယှဉ်ပြီး ရင်ဆိုင်နေရတာ၊ မင်းလည်း အသိပဲ။ အခုချိန်ဆိုပိုဆိုးနေတာ။ နောက်ဆုံးတော့ ... တောက် ... ငါက visit နဲ့မို့လို့တဲ့ နို့မဟုတ်ရင် ရမှာပါတဲ့ ... အေး ဘယ်သူကို့ခန့်လိုက်သလဲဆိုတော့ ... သူတို့လူမျိုးတွေ ပဲပေါ့ ... ဒါတောင့် ငါ့မာနတွေ ကို ဟိုး အဝီစိမှာ ချပြီး နင်းထားတာ၊ ... ဟေ့ကောင် ငါမေးမယ်ကွာ ပညာရဲရင့်ပွဲလယ်တင့်ဆိုတာ ... ဒီနေရာ၊ ဒီအရပ်မှာ သက်ရောက်မှုရှိသေးရဲ့လား ... ဟင် ပြောစမ်းပါ ... ပြောစမ်းပါ .. ခံပြင်းလိုက်တာ...ကွာ”

ယူကလစ်ပင်ရဲ့ ပင်စည်တွေကို လက်သီးတထိုးထိုးနဲ့ သူ။ မြွေဟောက်တစ်ကောင်ရဲ့ အကြောင်းကို ကျွန်တော်သိလိုက်သလို သူလည်း သိလိုက်ရပြီလား။ ကျွန်တော်မှာ တောင်ပံတစ်စုံရှိလို့ ကောင်းကင်ထဲ ဝဲချင်တိုင်း ဝဲပျံနိုင်ပေမယ့် တစ်ခါတစ်ခါ ခြေမပါလက်မပါ တောင်ပံတွေ မပါတဲ့ မြွေတစ်ကောင်ကို အရေးနိမ့်လိုက်ရတာပါပဲ။ ဟုတ်တယ် ဒါဟာ ခံပြင်းစရာတရပ်။ ဒီအချိန်မှာ ကျွန်တော် ရုတ်ကနဲ ထပျံလိုက်ရမလား။ အဲလို ထပျံလိုက်လို့ သူမော့ကြည့်ရင် သူမျက်ဝန်းတွေမှာ မြင်နေရတဲ့ စိတ်အချဉ်ပေါက်မှုတွေကို ကျွန်တော် မြင်မှာ။ ကျွန်တော် မပျံတော့ဘူး။ မလိုအပ်ဘူးလေ။ သူရင်ထဲမှာ ခံစားနေရတာကို ကျွန်တော်သိပြီးသားပဲ။ ကျွန်တော် မျက်ဝန်းတွေ ကျွန်တော် ပြန်ကြည့်လိုက်ရင် အတိုင်းသားပဲ။ ကြွက်တစ်ကောင်ဆုံးရှုံးမှုမှာ ပေးဆပ်လိုက်ရတာတွေက ကျွန်တော့်အတွက် တစ်နပ်စာပဲ ရှိနေခဲ့တာ မဟုတ်လား ....။ တန်ဖိုးချင်း ယှဉ်ကြည့်ရင် ကျွန်တော်က ကောင်းကင်မှာ ၀ဲနိုင်၊ အမှောင်ထုကို ခွင်းနိုင်တယ် ဒါပေမယ့် ....။ ကျွန်တော် စူးကနဲ တစ်ချက်အော်ပြီး ပျံလိုက်ပေမယ့် သူ့မျက်ဝန်းတွေကို တော့ ရင်မဆိုင်နိုင်တော့တာ အမှန်ပါပဲ ...။

အဲဒီ့ညက အခန်းကျဉ်းကလေးထဲမှာ မီးဝါကျဲကျဲလေးက မှိန်တောက်နေခဲ့တယ်။ ဒီအချိန်ဆို ကျွန်တော် အဖော်တွေ မျှော်နေလောက်ရောပေါ့။ ကျွန်တော့် အကြည့်တွေက အခန်းလေးရဲ့ ပြူတင်းတံခါးလေးကိုပဲ ငေးကြည့်နေမိတာ။ ကျွန်တော် သူ့အခန်းလေးဆီကိုပဲ မျှော်ကြည့်နေခဲ့မိတာ။ အဲဒီ့ အခန်းမီးကလေး မှိန်ကျသွားမှာကို ကြောက်နေခဲ့တာ။ ကဲ စဉ်းစားကြည့်စမ်း။ အလင်းကို ကြောက်တဲ့ ကျွန်တော်က အဲအခန်းလေးထဲက မီးကလေးမှိန်သွားမှာကို ကြောက်နေသတဲ့လား။ အဲအခန်းလေးမှာ ဒီညမီးကျဲကျဲလေး မှိန်ကျသွားခဲ့ရင် ကျွန်တော် နောက်နောင် ဒီမီးရောင်လေးကို မြင်တွေ့နိုင်ခွင့်က .... စိတ်ထဲက သိနေမိတာ။ ကျွန်တော့ စိတ်ထဲက သိနေမိတာ။ ကျွန်တော် အိပ်တန်းပြန်ခဲ့ပေါင်း များပြီ။ အကြိမ်ကြိမ်အခါခါ ပြန်တဲ့ အိပ်တန်းတွေဟာ အစာရှာရာကနေ ခံစားမှု အမျိုးမျိုးနဲ့ ပျံသန်းခဲ့ရတာ။ ရင်အစုံဟာ နာနေတယ်။ အစာလု တိုက်ပွဲတွေ၊ အစာလုစစ်ပွဲတွေ၊ အစာအတွက် ကျွန်တော် ဖျတ်လတ်ခဲ့တာတွေ။ အစီအရီ ... တကွက်နဲ့ တကွက် အနှေးပြကွက်များလို။ အစာရှာအထွက်မှာ တက်ကြွတဲ့ တောင်ပံခတ်သံတွေ တဖြောင်းဖြောင်းနေ့တွေ၊ အစာအတွက် တဟုန်ထိုး ထိုးစိုက်ဆင်းခဲ့ပုံတွေ။ သားကောင်ကို ရဲရဲဝံ့ဝံ့ သုတ်ချီပြီး ပြန်အတက်မှာ မာန်စိတ်ခပ်ကြွကြွနဲ့ လောကကြီးကို တောင်ပံခတ်သံတွေနဲ့ ဆူညံဖုံးလွမ်းပစ်ခဲ့တာ။ အခုချိန်မှာတော့ အခန်းလေးရဲ့ မီးရောင်လေး ဟုတ်ကနဲ ငြိမ်းသွားမှာကို ကမ္ဘာပျက်မှာထက် စိုးကြောက်နေမိတာ ဟောဒီက ကျွန်တော်ပဲလား ... ။

တကယ်တော့ ကျွန်တော်သူ့ကို သတိထားမိတာ တော်တော်ကြာခဲ့ပြီ။ သူရဲ့ဘဝနဲ့ ကျွန်တော့်ဘဝက လာတူညီနေမယ်လို့ ကျွန်တော်မပြောနဲ့ တစ်လောကလုံးကတောင် တွေးမိရဲမှာ မဟုတ်သလို တွေးမိတဲ့သူဟာလည်း သူနဲ့ ကျွန်တော်နဲ့ အဖြစ်ကို သိတဲ့သူပဲဖြစ်လိမ့်မယ်။ အခုဆို အခန်းကလေးရဲ့ အဝါကျဲကျဲမီးလုံးကလေးက မှိန်ပြပြလင်းနေတုန်းပဲလေ။ အဲမီးကလေး မှိန်သွားရင် ကျွန်တော့် ယူကလစ်ပင်တစ်ပင်လုံး တုန်ဆတ်ခါရမ်းနေမှာ သိပ်သေချာတယ်။ ဖြစ်နိုင်ရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ကျွန်တော်ဆက်မတွေးချင်တော့ဘူး။ ဒါပေမယ့် ဒီအခန်းလေးထဲကိုပဲ မမှိတ်မသုန်နဲ့ စူးစိုက်ပြီး ဆက်ကြည့်နေမိတော့တယ်။ ပိတ်ထားတဲ့ ပြူတင်းတံခါးလေးနဲ့ ကွယ်ထားတဲ့ ခပ်ညစ်ညစ်ခန်းစီးနောက်က ရှိနေမယ့် သူ့ရဲ့ မျက်ဝန်းတွေ ပိတ်တော့မှာလား။ ကျွန်တော် ညက တစ်ညလုံး မအိပ်စက်ရသေးဘူး။ ကျွန်တော့်ရဲ့ ကြောင်တောင်တောင်ဖြစ်နေမယ့် မျက်ဝန်းတွေက အခန်းလေးဆီကို မျှော်ကြည့်လို့။ အခွင့်အရေးရရင် သူ့ရဲ့ မြဲမြဲကုတ်စွဲထားမယ့် ခြေချောင်းတွေကို ကျွန်တော် သွားရောက်စစ်ဆေးပေးချင်တယ်။ မြွေဟောက်တစ်ကောင်ရဲ့ အပြုံးကို ရင်ဆိုင်နိုင်ဖို့ သူမှာ အင်အားရှိရဲ့လား မသိဘူး။ ကြွက်တစ်ကောင်ရတဲ့ အထိမ်းအမှတ်ကို ခမ်းခမ်းနားနား ဆင်ယင်ကျင်းပခွင့်ရဖို့ ကျွန်တော် သူ့ကို လှမ်းခေါ်မယ်။ မီးကို မပိတ်ပစ်လိုက်နဲ့။ အသံကုန်ဟစ်ပြီး ကြုံးအော်လိုက်တဲ့အခါ ... ကျွန်တော့် အဖော်တွေများ ကြားလေရော့မလား ... ။

မင်းတို့ ငါ့ကို မစောင့်နဲ့တော့...။ ငါ ... ငါ .... ငါ အစာရှာမထွက်တော့ဘူး ...။

တအံတသြနဲ့ မမေးနဲ့.... မမေးကြနဲ့ ... ။

အိပ်တန်းမပြန်ချင်လို့ပဲ .... ။

.... ...... ......
.... ...... ......
.... ...... ......


အိပ်မက်ရှင်

[ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က ရေးဖွဲ့ခဲ့တဲ့ Post လေးပဲ ဖြစ်ပါတယ်။ Photo လေးကို www.flickr.com ကနေရယူဖော်ပြပါတယ် ]

Tuesday, February 1, 2011

ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီး

Photobucket

ဒီခေါင်းစဉ်လေးကို အခုလို ရေးဖြစ်တာကတော့ ငယ်ငယ်က ကျွန်တော်တို့ ကျောင်းခန်းထဲမှာ ပုံပြင်လေးတွေကို ပြောပြတတ်တဲ့ ဆရာမတစ်ယောက်အကြောင်းကို သွားစဉ်းစားမိလို့ပါ။ ကျွန်တော် အလယ်တန်းကျောင်းသား ဘဝတုန်းက စာသင်ချိန်တွေမှာ စာရိတ္တချိန်ဆိုတာပါ ပါတယ်။ အဲဒီ့ စာရိတ္တချိန်မှာ ဆရာမက ကျွန်တော်တို့ကို ကိုယ်ကျင့်တရားဆိုင်ရာ၊ အသိပညာဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ စတဲ့ စတဲ့ ပညာပေးပုံပြင်လေးတွေကို ပြောပြ ခဲ့တယ်။ ကျွန်တော်တို့ကလည်း ခုံခုံမင်မင်နဲ့ကို နားထောင်အတုယူခဲ့ပါတယ်။ ကလေးတွေလည်း ဖြစ်တော့ ပုံပြင်ဆိုတာနဲ့ကို အရမ်းကို စိတ်ဝင်စားနေပြီ မဟုတ်လား။

အဲတုန်းက ဆရာမပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ကျွန်တော် ပြန်လည် ဖောက်သည်ချပြောပြချင်ပါတယ်။ ပုံပြင်က အနောက်ဥရောပက ပုံပြင်လေး တစ်ပုဒ်ပါ၊ ဘယ်နိုင်ငံရဲ့ပုံပြင်လည်း ဆိုတာတော့ နှစ်နည်းနည်း ကြာတော့ကျွန်တော်မေ့နေပါပြီ၊ ဆရာမကတော့ ပြောတော့ ပြောတယ်။ ပုံပြင်ရဲ့ အမည်နဲ့ အကြောင်းအရာ ကိုပဲ ကျွန်တော်မှတ်မိတော့တယ်ဗျာ ...။ ကျွန်တော် ပြောပြပါရစေ ...


ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီး


ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ပုံပြင်နားထောင်တာကို အရမ်းနှစ်သက်တဲ့ ဘုရင်ကြီးတစ်ပါး ရှိလေ သတဲ့၊ အဲ ဘုရင်ကြီးဟာ ဘယ်လောက်များ ပုံပြင်ကို ကြိုက်နှစ်သက်သလဲဆိုရင် သူ့ဘေးမှာ ပုံပြင်ပြောပြရတဲ့ အမတ်တွေကို အကြီးအကျယ်ချီးမြောက် သူကောင်းပြုပြီး ထားသတဲ့လေ။ ဒါအပြင်လည်း တစ်နေ့တစ်နေ့ အိပ်ရာဝင်တိုင်း အိပ်ရာဝင်ပုံပြင်တွေကို နားဆင်ပြီး အိပ်စက်လေ့လည်း ရှိသတဲ့။ တိုင်းသူပြည်သားတွေအကြား မှာလည်း ဘုရင်ကြီး ပုံပြင်ကြိုက်တဲ့ အကြောင်းကို ပြောစမှတ်တွင်လောက်အောင် ပျံနှံ့နေသတဲ့...။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့မှာ ဘုရင်ကြီးက အခုလို စဉ်းစားတွေးတောမိသတဲ့။

“အင်း ... ငါ တစ်သက်လုံး ပုံပြင်တွေ နားထောင်လာလိုက်တာ၊ ရှိသမျှ ပုံပြင်တွေလည်း ကုန်သလောက်ရှိသွား ပြီ၊ အရင်က ပုံပြင်တွေလည်း မရိုးတမ်းနားထောင်လာခဲ့တာလည်း များလှပြီ။ ပုံပြင်အသစ်အသစ်တွေကိုလည်း နားထောင်ရပေမယ့် အားရလှတယ်ကို မရှိပေဘူး၊ တကယ်လို့ တစ်သက်လုံး မဆုံးအောင် နားထောင်လို့ရတဲ့ ပုံပြင်နဲ့ ပြောပြမယ့် ပုံပြောဆရာရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ... ညီလာခံကျရင် ... မှူးမတ် တွေနဲ့ တိုင်ပင်ဆွေးနွေးရဦးမယ်”

အထက်ကလို စဉ်းစား၊ တွေးတောပြီးတော့ ဘုရင်ကြီးလည်း မှူးမတ်စုံညီတက်ရောက်တဲ့ ညီလာခံမှာ အခုလို မိန့်တော်မူပြီး တိုင်းနိုင်ငံအတွင်းမှာ ပြည်သူများ သိအောင် မောင်းခတ်ကြေညာစေသတဲ့ ...

“ မင်းကြီးများ ... ငါကိုယ်တော်မိန့်တော်မူမည်... ငါကိုယ်တော်သည် တစ်သက်တာ အဆုံးသတ်မရှိသော ပုံပြင် ကိုနားဆင်လိုသည်။ ထို့အတွက်အကြောင့် ငါကိုယ်တော်မြတ်အား အဆုံးအလျားမရှိသော ပုံပြင်ကိုပြောပြနိုင် သော သူကို ငါကိုယ်တော်မြတ် ဆုတော်လာဘ်တော်များချီးမြှင့်ရုံမက ငါကိုယ်တော်၏ သမီးတော်နှင့် ထိမ်းမြား လက်ဆက်စေကာ၊ အိမ်ရှေ့အရာကို အပ်နှင်းတော်မူမည် မင်းကြီးများ... ”

မှူးမတ်တွေလည်း တိုင်းပြည်နေရာအနှံ့အပြားကို ကြေညာမောင်းခတ်လိုက်တဲ့အခါ၊ ဘုရင်ကြီးရဲ့ နန်းတော် ရင်ပြင်မှာ အဆုံးသတ်မရှိတဲ့ ပုုံပြင်ကို ပြောမယ့် နိုင်ငံအနှံ့အပြားက ပုံပြောဆရာများ အသီးအသီး၊ အလျှိုအလျှို ရောက်ရှိလာကြသတဲ့။ ရောက်ရှိလာတဲ့ ပုံပြင်ပြောဆရာတွေကို နေရာချထားပေးပြီးတဲ့ နောက်မှ ဘုရင်ကြီးက သူတို့ပြောတဲ့ အဆုံးသတ်မဲ့ပုံပြင်များကို စတင်နားထောင်လေတော့သတဲ့ ။


ဘုရင်ကြီးအား ပထမဦးဆုံးပြောခွင့်ရတဲ့ ပုံပြောဆရာဟာ သူ့ပုံပြင်ကို သုံးလကြာပြောပြီးတဲ့အခါ အဆုံးသတ် သွားတဲ့အတွက် ဘုရင်ကြီးက အမျက်တော် ရှပြီး ကွပ်မျက်လိုက်သတဲ့။ နောက်ပုံပြင်ဆရာတစ်ယောက်က အစားထိုးဝင်ရောက်ပြောတဲ့အခါ ခြောက်လကြာအောင် ပြောသတဲ့၊ ဒါပေမယ့် ထိုသူရဲ့ပုံပြင်ဟာလည်း အဆုံး သတ်သွားတဲ့အတွက် ကွပ်မျက်လိုက်ပြန်သတဲ့။ အခုလို ပုံပြင်ဆရာများစွာ ကွပ်မျက်ခံရတဲ့အထိ ပုံပြင်ပြောကြရ ပေမယ့် ဘုရင်ကြီးအတွက် စိတ်တိုင်းကျမဖြစ်တဲ့အတွက် တိုင်းသူပြည်သားများထဲက ပုံပြင်ကို ဆက်ပြောမယ့်သူ ထွက်ပေါ်မလာတော့ဘူးတဲ့ ...။

တစ်နေ့မှာတော့ ဘုရင်ကြီးကို သူအလိုအတိုင်း ပုံပြင်ပြောပြမယ့် ပုံပြင်ဆရာတစ်ယောက်ထွက်ပေါ်လာသတဲ့။ ထိုပုံပြင်ပြောဆရာဟာ အဖိုးအိုတစ်ယောက်ဖြစ်ပြီး၊ သူ့ကို ဘုရင်ကြီးက ရှေ့တော်မှောက်ကို သွင်းစေပြီး သူ့ကို အခုလို မိန့်ကြားသတဲ့ ... ။

“မောင်မင်း ... မောင်မင်းရဲ့ အရှေ့မှာ ပုံပြင်ဆရာတွေ အမြောက်အများ ကွပ်မျက်ခံရပြီးပြီ... မောင်မင်းလည်း အသိပဲဖြစ်တယ်။ ဘာဖြစ်လို့ ကွပ်မျက်ခံရသလဲဆိုတော့ ကျွန်ုပ်စိတ်ကျေနပ်အောင်၊ ကျွန်ုပ်နားထောင်လိုတဲ့ အဆုံးသတ်မဲ့ ပုံပြင်ကို ပြောစေသော်လည်း သူတို့က သူတို့ပုံပြင်ကို အဆုံးသတ်လိုက်တဲ့အတွက် အကျွန်ုပ်က အခုလို ပြစ်ဒဏ်ပေးရတာပဲ ဖြစ်တယ်။ အဲတော့ မောင်မင်းလည်း ကျွန်ုပ်စိတ်တိုင်းကျအောင် မပြောပဲ ပုံပြင်ကို အဆုံးသတ်ခဲ့ရင်အရှေ့က ပုံပြင်ဆရာတွေလို အပြစ်ဒဏ်ပေးခံရမယ် ဆိုတာကို နားလည်ရဲ့လား ”

ပုံပြင်ဆရာအဖိုးအိုကလည်း အခုလို ပြန်ပြီး လျှောက်တင်သတဲ့ ... ။

“မှန်လှပါ မင်းကြီး၊ ကျွန်တော်မျိုး အရှင်မင်းကြီးနားထောင်လိုတဲ့ အဆုံးသတ်မဲ့ ပုံပြင်ကို လျှောက်တင်ပြောပြပါ့ မယ်၊ စိတ်တော်ချတော်မူပါ၊ စောင့်ကြည့်တော်မူပါ ...ဘုရား ... ”

ထိုအခါမှတော့ ဘုရင်ကြီးလည်း စိတ်သဘောတော်ကျပြီး နောက်နေ့တစ်ရက်မှ ပုံပြင်ကို စတင်လျှောက်ထား စေသတဲ့၊ ပုံပြင်ဆရာ အဖိုးအိုလည်း သူရဲ့ အဆုံးသတ်မယ့် ပုံပြင်ကို ဘုရင်ကြီးကို အခုလို စတင်ပြောပြပါတော့ တယ်။

“တိုင်းပြည်အလုံးအား အစိုးရ အုပ်စိုးတော်မူတဲ့ အရှင်မင်းကြီး ... နှစ်ကာလအားဖြင့် ရှည်ကြာလှစွာ အခါတစ်ပါး က အရှင်မင်းကြီးကဲ့သို့ တိုင်းအလုံးကိုအစိုးရ ဘုန်းသမ္ဘာကြီးမြတ်လှတဲ့ ဘုရင်တစ်ပါး ထီးနန်းစိုးစံတော်မူသတဲ့၊ တစ်နေ့သော နေ့မှာ ပုရောဟိ်တ်မှူးမတ်တွေက တိုင်းပြည်မှာ အစာရေစာရှားပါး ပြတ်လတ်မယ်လို့ နိမိတ် ဖတ်ကြတဲ့အတွက် ဘုရင်က စားရေရိက္ခာကောက်ပဲသီးနှံများကို ကြိုတင်စုေဆောင်းဖို့ သိုလှောင်ရုံကြီး တစ်ခု ကို တည်ဆောက်စေသတဲ့... ။

ကြီးမားတဲ့ သိုလှောင်ရုံကြီး တည်ဆောက်ပြီးစီးတဲ့ အခါ၊ တစ်တိုင်းတစ်ပြည်လုံးမှာ ရှိရှိသမျှ စားရေရိက္ခာတွေကို အဲဒီ့ သိုလှောင်ရုံကြီးထဲကို အပြည့်ဖြည့်သွင်းစေသတဲ့။ အဲ သိုလှောင်ရုံကြီးဟာ ဘယ်လောက်တောင်ကြီးမားလဲ ဆိုရင် အလျား၊ အနံ၊ အမြင့် ပေပေါင်းများစွာ မြင့်မားကြီးကျယ်သတဲ့။ ဒါပေမယ့် သိုလှောင်ကြီးရဲ့ မျက်နှာစာမှာ တံခါးတစ်ခုရဲ့ သော့ပေါက်ကျဉ်းတစ်ခုကလွဲလို့ အခြားအပေါက်တွေ မပါဘူးတဲ့ ...။

အဲဒီလို စားရေရိက္ခာတွေကို သိုလှောင်ရုံနဲ့ အပြည့် ဖြည့်သွင်းထားပြီး တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ အဲဒီ့တိုင်း ပြည်ကို အင်မတန်များပြားပြီး မရေမတွက်နိုင်တဲ့ ကျိုင်းကောင်အုပ်ကြီးဟာ ကျရောက်လာသတဲ့။ ကျိုင်းကောင် အုပ်ကြီးက ဘယ်လောက်များပြားသလဲဆိုရင် နေမင်းရဲ့ အလင်းရောင်တောင် ပျောက်မတတ်ဖြစ်လောက် အောင်ကို များပြားလွန်းလှသတဲ့။

အဲ ကျိုင်းကောင်အုပ်ကြီးဟာ သိုလှောင်ရုံကြီးဆီကို ရောက်ရှိလာပြီး အထဲမှာ ရှိတဲ့စားရေရိက္ခာတွေကို သယ်ဖို့ ကြိုးစားကြသတဲ့၊ ဒါပေမယ့် ကျိုင်းကောင်တွေဝင်ဖို့အတွက်က သော့ပေါ့က်ကလေးတစ်ခုကလွဲလို့ အခြား ၀င်စရာအပေါက်မရှိဘူးတဲ့၊ အဲအပေါက်ကလေးကလည်း တစ်ခါ၀င်ရင် ကျိုင်းကောင်တစ်ကောင်ပဲ ၀င်၊ ထွက် ပြုလုပ်လို့ရသတဲ့၊ အဲဒါနဲ့ ကျိုင်းကောင်တွေက တစ်ခါကို ကျိုင်းကောင်တစ်ကောင်ပဲ ၀င်ထွက်ဖို့ဆုံးဖြတ်လိုက် ကြပြီး အစာရိက္ခာတွေကို စတင်သယ်ကြသတဲ့ ...

ပထမ ဦးစွာ ကျိုင်းကောင်တစ်ကောင်ဝင်သွားပြီး အစာကို ချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင် ၀င်ပြီး ၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင်ဝင်ပြန်တယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်ထပ်တစ်ကောင် ၀င်ပြန်တယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင်ဝင်တယ်၊ အစာကို ချီပြီးပြန်ထွက်လာတယ်။

ပုံပြင်ပြောအဖိုးအိုဟာ ပုံပြင်ကြိုက်တဲ့ဘုရင်ကြီးကို အထက်ပါအကြောင်းအရာကို ပြောပြနေလိုက်တာ ရက်သတ္တ နှစ်ပတ်ကြာပါသတဲ့၊ ဘုရင်ကြီးဟာလည်း ဒီကျိုင်းကောင်တွေ အစာကို ၀င်ချီပြန်ထွက်တာကိုလည်း စိတ်ရှည် လက်ရှည်နားထောင်နေပါသတဲ့၊ သူ့စိတ်ထဲမှာတော့ ဘယ်ကျိုင်းကောင်အလှည့်မှာ ဘာထူးခြားမလည်းဆိုတဲ့ စိတ်ဝင်စားမှုနဲ့ပါ၊ ဒါပေမယ့် သူစိတ်ရှည်လက်ရှည် နားထောင်နေရင်းနဲ့ ကျိုင်းကောင်များ အစာဝင်ရောက် ချီနေပုံက နှစ်လနီးပါးကြာလာတယ်...။

ပုံပြင်ပြောအဖိုးအိုဟာလည်း ကျိုင်းကောင်းတွေ တစ်ကောင်ပြီးတစ်ကောင် ၀င်ရောက် အစာချီနေပုံကို အသေး စိတ်ပြောပြနေပါသေးတယ်၊ ဒီလိုနဲ့ ခြောက်လကြာလာတဲ့အခါ ... ဘုရင်ကြီးလည်း သည်းမခံနိုင်တော့ပဲ ပုံပြင် ပြောအဖိုးအိုကို အခုလို ပြောပါသတဲ့ ...

“မောင်မင်း... မောင်မင်းရဲ့ ပုံပြင်ကို ရှေ့ဆက်ပြောပါဦးတော့လား ... တစ်နေ့လာလည်း ဒီကျိုင်းကောင်တွေ အစာချီသွင်း၊ ချီထုတ်၊ တစ်နေ့လာလည်း အစာချီသွင်း၊ ချီထုတ်၊ ဒါချည်းပါပဲကလား ... ရှေ့ဆက်ပြီးနားထောင် ချင်လှပါပြီ... ”

အဲအခါမှာ ပုံပြင်ပြောအဖိုးအိုက “အရှင်မင်းကြီး ... စိတ်တော်မလောပါနဲ့ ဒီကျိုင်းကောင်တွေ အစာချီသွင်း၊ ချီထုတ်လုပ်နေတာ မကုန်သေးပါ၊ ဒီကျိုင်းကောင်များ အကုန်လုံးအစာချီသွင်းချီထုတ်လုပ်ပြီးမှ ကျွန်တော်မျိုးရဲ့ ပုံပြင်ဟာလည်း ရှေ့ကိုဆက်ပြီးပြောလို့ဖြစ်မှာပါဘုရား ”လို့ လျှောက်တင်သတဲ့... ပြီးတဲနောက်မှာ ... အဖိုးအို က ..“ ကျိုင်းကောင်တစ်ကောင်အစာကိုချီလို့ ထွက်လာတဲ့အခါ၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်က အထဲ ကိုဝင်သွားပြီး အစာကို ချီထုတ်လာတယ်၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်ဝင်သွားပြန်သတဲ့၊ အစာကိုချီပြီး ပြန်ထုတ်လာတယ်၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်ဝင်သွားတယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်... ” ရယ်လို့ ပုံပြင်ကြိုက်တဲ့ မင်းကြီးကို စိတ်ရှည်လက်ရှည် လျှောက်တင်ပြောပြနေသတဲ့...။

ပုံပြင်ကြိုက်တဲ့ မင်းကြီးအဖို့မှာတော့ တစ်နေ့ မိုးလင်းလာသော်လည်း ပုံပြင်မှာ အနှီကျိုင်းကောင်းများ အစာ ကိုချီသွင်းချီထုတ်၊ တစ်နေ့ နေဝင်လို့ မိုးချုပ်သွားသော်လည်း ထိုကျိုင်းကောင်များသာ အစာကိုချီသွင်း၊ ချီ ထုတ် ဤအကြောင်းအရာများကိုသာ နားဆင်နေရတော့တယ်။ ပုံပြင်ကလည်း မပြီးဆုံးသေးတဲ့အတွက် ဘယ် လိုမှ အကြောင်းပြပြီး ပုံပြင်ဆရာအဖိုးအိုကို အပြစ်ပေးလို့မရပဲ အခက်တွေ့နေတယ်...။ ဒီလိုနဲ့ ပုံပြင်ပြော ဆရာအဖိုးအိုရဲ့ ကျိုင်းကောင်များ အစာချီနေပုံဟာ တစ်စတစ်စ တစ်နှစ်ကာလကျော်လို့ နှစ်နှစ်နီးပါး ဖြစ်လာ တယ်။ စိတ်မရှည်လို့ ဘုရင်ကြီး ပုံပြင်ကို ဆက်ပြောဖို့ အကြိမ်ကြိမ်ပြောခဲ့တိုင်းမှာ ပုံပြင်ဆရာအဖိုးအိုဟာ လည်း သူ့ရဲ့ ကျိုင်းကောင်အုပ်ကြီး အစာကို အကုန်ချီပြီးသွားတဲ့အထိ စောင့်ဆိုင်းဖို့ အကြိမ်ကြိမ်နားချခဲ့သတဲ့။

နောက်ဆုံးမှာတော့ ပုံပြင်ကြိုက်တဲ့ မင်းကြီးဟာ လုံးဝသည်းခံနိုင်စွမ်းမရှိတော့တဲ့အပြင်၊ ပုံပြင်ကို အဆုံးထိ နား ထောင်နိုင်စွမ်းလည်းမရှိတော့သလို အလွန်အမင်းလည်း စိတ်ဓါတ်ကျလာသတဲ့၊ သူ့ဘေးမှာ ထိုကျိုင်းကောင် များ ၀င်ထွက်နေပုံကို တက်ကြွစိတ်ရှည်စွာ ပြောပြနေတဲ့ ပုံပြင်ပြောအဖိုးအိုကိုလည်း ကြည့်ပြီး ပြောစရာစကား ကိုလည်း ရှာမရဖြစ်နေပါသတဲ့။ ထိုမဆုံးသတ်နိုင်တဲ့ ပုံပြင်ကို နားထောင်မိတဲ့အချိန်ကစပြီး အခြားသော ပုံပြင် များကိုလည်း နားဆင်ခွင့်လည်း ဆုံးရှုံးနေပါသတဲ့... အဆုံးတစ်နေ့မှာတော့ ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီးဟာ အခု လိုမိန့်ကြားတော့သတဲ့ ...

“အို ... ပုံပြောဆရာ အဖိုးအို... အကျွနု်ပ်သင့်ကို အဆုံးမရှိတဲ့ပုံပြင်ကို ပြောစေခဲ့တယ်၊ သင်ဟာလည်း အဆုံးမရှိ တဲ့ပုံပြင်ကို ပြောနေခဲ့ပါတယ်၊ သို့သော်လည်း အသင်ရဲ့ ကျိုင်းကောင်များဟာ ပမာဏများပြားလွန်းပြီး ကုန်နိုင် ဖွယ်မရှိတဲ့အတွက် အကျွန်ုပ်သည်းခံနိုင်စွမ်းသည်သာကုန်ပြီး သင်ရဲ့ ကျိုင်းကောင်များကတော့ မကုန်နိုင်သေး ပါ။ အသင့်စကားအရ ဤကျိုင်းကောင်များ ကုန်မှသာ သင်၏ပုံပြင်ကို ရှေ့ဆက်တက်ပြောဆိုနိုင်မည်ဆိုက အသင်၏ပုံုပြင်အား ရပ်တန့်လိုက်ပါတော့လေ၊ အကျွနု်ပ်၏ သမီးတော်ကို လည်း အသင်လက်ဆက်လိုက်ပါ တော့၊ အကျွန်ုပ်သည်လည်း သင်ကို အိမ်ရှေ့အရာ အပ်နှင်းချီးမြှင့်ပါတော့မည်။ သင်၏ အဆုံးသတ်မရှိသော ပုံပြင်ကိုလည်း အမှန်တကယ်အဆုံးသတ်မရှိသော ပုံပြင်အဖြစ်အကျွန်ုပ်လက်ခံလိုက်ပါပြီ။ အသင့်ဤပုံပြောခြင်း အမှုကို ယခုပင်ရပ်တန့်ပါလေတော့ မောင်မင်း၊ အကျွန်ုပ်သင်၏ ကျိုင်းကောင်များကို စိတ်ကုန်ခြင်း ရှိလှပါပြီ ”

ထိုအခါတွင် ပုံပြင်ပြောအဖိုးအိုသည် အဓိပ္ပါယ်ရှိလှသော အပြံုးကို ပြံုးလေ၏၊ ထို အဖိုးအို၏ အပြံုးသည် အောင် နိုင်သော သူ၏အပြံုးမျိုးဖြစ်သည်ကို ပုံပြင်ကြိုက်သော ဘုရင်ကြီး သတိထားမိလေသတဲ့။ အဖိုးအိုက ဘုရင်ကြီး ၏ ပခုံးထက်တွင် လက်တင်၍ အလွန်တရာ ကြင်နာသော အမူအယာဖြင့် ဤသို့ပြောလေသည်။

“အရှင်မင်းကြီး ... အရှင်မင်းကြီး၏ စည်းစိမ်များနှင့် အရှင်မင်းကြီး၏ သမီးတော်ကို ရယူလိုခြင်းအဖို့ အကျွန်ုပ် ဤပုံပြင်ကို လာရောက်ပြောကြားခြင်းမဟုတ်ပါ၊ အရှင်မင်းကြီး၏ ၀ါသနာအပေါ်တွင် အရှင်မင်းကြီး ရပ်တည် နိုင်ပါသည်။ သို့သော် အရှင်မင်းကြီး၏ ၀ါသနာသည် အခြားသော ပြည်သူများ၊ တိုင်းသူပြည်သားများအပေါ် တွင် ထိခိုက်စေမှု၊ နစ်နာမှု မဖြစ်အောင် ဤသို့ အကျွနု်ပ်လာရောက် သတိပေးခြင်းပင်ဖြစ်ပါသည် မင်းကြီး။ အကျွန်ုပ်သည်ကား အခြားသူမဟုတ် သင်တို့သိထားကိုးကွယ်ကြသော ဇုဒ်နတ်မင်းပင်ဖြစ်သည်။ အရှင်မင်းကြီး
လူသားတို့တွင် အဆုံးမရှိသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ အသင်မင်းကြီးသည်လည်း ထိုနည်းနှယ်ပင် ဖြစ်သည်။ ထိုဆန္ဒများ၏ အလိုသို့ အဆုံးမဲ့စွာ လိုက်လျောနေမည်ဆိုပါက အရာရာသည်အချည်းနှီးပင် ကုန်ဆုံး ပေလိမ့်မည်။ အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမည်မဟုတ်သည်ကို အကျွန်ုပ်သိမြင်၍ ဤကဲ့သို့လာရောက် ဆုံးမ သတိပေးခြင်းပင် ဖြစ်ပါသည်”

ဤကဲ့သို့ စကား၏အဆုံးတွင် ပုံပြင်ပြောအဖိုးအိုအသွင် ဆောင်ထားသော ဇုဒ်နတ်မင်းသည် ပျောက်ကွယ်၍ သွားလေတော့၏။ ပုံပြင်ကြိုက်သော ဘုရင်ကြီးသည်လည်း အသိတရားတစ်ခုရရှိလိုက်သကဲ့သို့ ပြံုးရွှင်စွာဖြင့် သူ၏ အဆောင်တော်အတွင်းသို့ ၀င်သွားလေသည်။ သူ၏ အဆုံးသတ်စေချင်သော ပုံပြင်သည် အဆုံးသတ်ခဲ့ လေပြီ၊ သူ၏ ပုံပြင်များကို အဆုံးမဲ့ နားဆင်ချင်သော ဆန္ဒနှင့် အတ္တစိတ်ကို ဇုဒ်နတ်မင်း၏ ကျိုင်းကောင်များက ချီထုတ်သွားခဲ့လေပြီဖြစ်သည်။

ကျွန်တော်ပြောချင်မိသော ပုံပြင်လေး ပြီးဆုံးပါပြီ၊ သို့ပါသော်လည်း ကျွန်တော်၏အတွေးလေးများ အဆုံးမ သတ်သေးသည်မှာ သေချာလှပါသည်။ ယခုပုံပြင်ကို နားဆင်နေသော သင်၏ အတွေးလေးများ မည်သို့ အဆုံးသတ်မည်ကို သိလိုသော ဆန္ဒများဖြင့် အဆုံးမသတ်နိုင်ခြင်းပင် ဖြစ်ပါတော့သည်။

ပျော်ရွှင်ခြင်းဖြင့် ဘဝတွင် ရပ်တည်နိုင်ပါစေ ...


အိပ်မက်ရှင်

Saturday, January 29, 2011

ခဲဖျက်လေးနဲ့ ခဲတံလေး

Photobucket

ခဲဖျက်လေးနဲ့ ခဲတံလေး

ခဲတံလေး ။ ။ ငါ မင်းကို ငါတောင်းပန်ပါတယ် ခဲဖျက်လေးရယ် ...။

ခဲဖျက်လေး ။ ။ ဘာအတွက်လဲ ခဲတံလေး? မင်း ဘာအမှားတစ်ခုမှ လုပ်မိတာ မရှိပါဘူးကွယ် ...။

ခဲတံလေး ။ ။ ငါ အနူးအညွတ်တောင်းပန်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ မင်းကို အမြဲထိခိုက်နာကျင်ရအောင် ပြုလုပ်နေမိလို့ပါ၊ ငါ အမှားတွေ ရေးခြစ်နေမိတဲ့ အချိန်တိုင်းမှာ အမြဲတမ်း မင်းက ဖျက်ပစ်လို့ပေးခဲ့တယ်လေ။ ဒါပေမယ့် ငါရဲ့ အမှားတွေ ပျောက်ပျက်သွားအောင် ဖျက်ပေးလိုက်တိုင်းမှာ မင်းရဲ့ အစိတ်အပိုင်းတွေကို ဆုံးရှုံးပေးနေရတယ် မဟုတ်လား၊ ဒီ့အတွက် မင်းဟာ တဖြည်းဖြည်းပါးလျလာပြီး သေးငယ်ပျောက်ကွယ် နေရတာမို့ပါကွယ် ...။

ခဲဖျက်လေး ။ ။ မှန်ပါတယ် ခဲတံလေး၊ ဒါပေမယ့် မင်းကို ငါ တကယ်ခွင့်လွှတ်ပါတယ်။ မင်း မှားယွင်းခဲ့တဲ့ အချိန်တိုင်းမှာ ငါ ဒီလို အမှားတွေကို ဖျက်ပစ်ပေးခဲ့တယ်ဆိုတာ မင်း အသိဆုံးပါ၊ အဆုံးတစ်နေ့မှာ တဖြည်းဖြည်းပါးလျလို့ သေးငယ်ပျောက်ကွယ်သွားခဲ့ပြီး မင်း ငါ့နေရာမှာ အသစ်တစ်ခု အစားထိုးခဲ့မယ် ဆိုရင်တောင် ငါ့လုပ်ရပ်အတွက် ဂုဏ်ယူလို့ ပြုံးပျော်ကြည်နူးနေမိမှာ အမှန်ပါ။ ဒါကြောင့်မို့ မင်းရဲ့ စိုးရိမ်သောကရောက်နေတာတွေကို အခု ချက်ခြင်းရပ်တန့်လိုက်ပါတော့ကွယ်၊ မင်း စိတ်မကောင်းဖြစ်တာကို မြင်ရတာလောက် မုန်းမိတဲ့အဖြစ် မရှိပါဘူး ခဲတံလေးရယ် ... ။

အခုလို ခဲတံလေးနဲ့ ခဲဖျက်လေးတို့ရဲ့ စကားပွဲကလေးကို ငေးကြည့်နေမိရင်းက ကျွန်တော့်ခေါင်းထဲမှာ အတွေးလေးတွေ ဝင်ရောက်လာခဲ့ပါတယ်၊ ကျွန်တော်တို့ နေထိုင်တဲ့ လူ့လောကမှာ မိခင်၊ ဖခင်တွေဟာ ခဲဖျက်ကလေးရဲ့ အဖြစ်နဲ့ တူနေခဲ့ကြပြီး ကျွန်တော်တို့သားသမီးငယ်တွေကတော့ ခဲတံလေးနဲ့ အလားသဏ္ဍာန် တူနေခဲ့ကြတယ်၊ မိဘတွေဟာ သားသမီးတွေကို စောင့်ရှောက်ဖို့ အမြဲထာဝရ ရှိနေခဲ့ကြတယ်၊ သားသမီးတွေရဲ့ အမှားအယွင်းတွေကို ရှင်းလင်းဖို့၊ သုတ်သင်ပေးဖို့ အမြဲ အသင့်ရှိ နေခဲ့ကြတယ် မဟုတ်လား၊ ဒီလို ရှင်းလင်းသုတ်သင်ဖယ်ရှားပေးရင်းနဲ့ပဲ မိဘတွေဟာ တစ်ချိန်မှာ ခဲဖျက်ကလေးလို တဖြည်းဖြည်း ပါးလျသေးငယ်လို့၊ အိုမင်းရင့်ရော်လို့၊ မသန်မစွမ်း နာမကျန်းဖြစ်လို့ ဆုံးပါး ပျောက်ကွယ်သွားခဲ့ကြတာပါပဲ၊ သူတို့ ပျောက်ကွယ်သွားကြတဲ့အချိန်မှာ ခဲတံလေးလို သားသမီးတွေဟာ သူတို့နေရာမှာ ဇနီး၊ ခင်ပွန်းတွေလို ခဲဖျက်အသစ်တစ်ခုကို အစားထိုးကြရင်း ဘဝရှေ့ဆက် မှန်ကန်အောင် လျှောက်လှမ်းသွားခဲ့ကြတယ်၊ ဒါပေမယ့် မိဘတွေဟာ သူတို့ ရှင်းလင်းသုတ်သင်၊ လမ်းမှန်ပြ ပြင်ဆင်ပေးခဲ့သမျှကို တွေးပြီး ပျော်ရွှင်နေကြတုန်းပါပဲ၊ ကြည်နူးနေကြတုန်းပါပဲ၊ သားသမီးတွေကို ချစ်ဆဲ ခင်ဆဲ ကြင်နာစောင့်ရှောက်ဆဲပါပဲ။ သားသမီးတွေ စိုးရိမ်ကြောင့်ကြ သောကရောက်ရမယ့် အဖြစ်တွေကို မတွေ့လို မမြင်လိုကြပဲ၊ အဲလို အဖြစ်တွေကိုတောင် မိဘတွေက မလိုလားကြပဲ ထာဝရမုန်းတီးနေဆဲပါ ... ။

ကျွန်တော့်ဘဝကာလတစ်လျှောက်မှာ ကျွန်တော်ဟာ ခဲတံလေး ဖြစ်ခဲ့ဖူးပါတယ်၊ ကျွန်တော်ဘဝမှာ ပြုလုပ်မိခဲ့တဲ့ အမှားအယွင်းတွေအတွက် ကျွန်တော့်မိဘတွေဟာ ခဲဖျက်လေးလိုပဲ ပါးလျခံ၊ အနစ်နာခံပြီး ဆုံးမသွန်သင်၊ ပြုပြင်လမ်းမှန်ပြခဲ့ရင်း သူတို့ရဲ့ နေ့တွေ ဆုံးရှုံးပျောက်ကွယ်နေခဲ့ဖူးပါတယ်၊ ဒါကို သိမြင်နားလည်လာမိတဲ့ တစ်နေ့မှာ ကျွန်တော် ရင်ထဲ သိပ်ကို ခံစားခဲ့ရပါတယ်၊ ဒီအဖြစ်ဟာ ကျွန်တော့်နှလုံးသည်းပွတ်မှာ စွဲစွဲမြဲမြဲ မှတ်ထင်နေတော့မှာ ဖြစ်ပြီး၊ မိဘတွေရဲ့ အနစ်နာခံ ပြုပြင်ထိန်းသိမ်းပေးသမျှကို တန်ဖိုးထား ခံယူသွားတော့မယ်လို့ စိတ်ပိုင်းဖြတ်မိတယ်။ ခဲဖျက်လေး ပျော်ရွှင်နေသလို သူတို့တွေ ထာဝရပျော်ရွှင်စေဖို့ ကျွန်တော့်ဘဝထဲက အမှားအယွင်းမှန်သမျှကို ပြုပြင်၊ ပြင်ဆင်ရင်း ကျွန်တော့် စိုးရိမ်ကြောင့်ကြတွေ သောကတွေကို မသိတတ်ခဲ့ခြင်းရဲ့ နောက်ကျောဥပစာမှာ ချန်လို့ ထားရစ်ခဲ့ပါတော့မယ်....။ ။

အကြွင်းမဲ့မေတ္တာရှင် မိခင်ဖခင်တွေအတွက် ရည်ရွယ်ပါတယ် ... ။

Blogger Jamie Wong ရဲ့ The relationship of eraser and pencil ပိုစ့်ကို ခံစားပျော်ဝင်လို့ ဘာသာပြန်ဖွဲ့ဆိုပါတယ် ... ။ မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ် ... ။

အိပ်မက်ရှင်
Photo credit to http://jamie-qh.blogspot.com

Friday, January 28, 2011

ငါ နေတဲ့မြို့

Photobucket


ငါ နေတဲ့မြို့


ငါ နေတဲ့မြို့
အုတ်တံတိုင်းတချို့ရှိတယ် ... ။

ပခုံးနဲ့ ထမ်းထား
လမ်းမများ ရှိတယ် ...။

မိုးထိမြင့်မား
ဘယ်သူမှ လှမ်းတက်မသွားတဲ့
တိုက်တာများ ရှိတယ် ... ။

ဇိမ်ခံစီးနင်း လူ့မလိုင်တွင်းက
အရောင်စုံ အသွေးကြွ Saloon ကားလှလှတွေ ရှိတယ် ... ။

ရုံးဆင်းတက်
အပေါ်ထပ်အောက်ထပ်
ကြပ်ညပ်တဲ့ ဘတ်စကား ရှိတယ် ...။

မရယ်မပြုံး
အကြွေတွေစားသုံးတဲ့
စပယ်ယာရှိတယ် ... ။

ကြွက်တွေလိုသွား
Digital စကားနဲ့
မြေအောက်ရထား ရှိတယ် ...။

တစ်ဘီးလှိမ့်တိုင်း
ချွေးနှဲစာတွေ မီတာနဲ့နှိုင်းတဲ့
Taxi လိုင်း ရှိတယ် ... ။

မြောင်းအရွယ်
ချောင်းငယ်မှာပြေးတဲ့
အပျော်စီး လှေလိုင်းတွေ ရှိတယ် ... ။

စက်ရုပ်လို လှုပ်ရှား
သေနေတဲ့ မျက်နှာများ ရှိတယ် ... ။

စား၊ အိပ် နိုးထ
အကြွေးစနစ်ကျနေတဲ့ ဘဝတွေရှိတယ် ... ။

တစ်ခုပေါ် တစ်ခုဆင့်
ဟမ်ဘာဂါ ကုတင်အမြင့်တွေ ရှိတယ် ...။

နေဝင်ချိန်ဆို ဘီယာနံ့ စိုနေတဲ့
ဆည်းဆာအလှတွေ ရှိတယ် ... ။

မနက်တိုင်းမှာ Alarm အသံ ခပ်စွာစွာနဲ့
အာရုဏ်တက် မာမာ တွေ ရှိတယ် ... ။

ပညာတွေ သင်ကြား
သူတို့တွေ လုပ်စားတဲ့
စာသင်ကျောင်း လှလှတွေ ရှိတယ် ... ။

ခံစားချက်များ ထိန်းချုပ်ထားရတဲ့
အငုံအားငယ်စိတ်များ ရှိတယ် ... ။

ပုံတူကိုးကား အတုယူထားတဲ့
ယဉ်ကျေးမှုများ ရှိတယ် ... ။

သူပြော ကိုယ်ကြား
နားမလည်အားတဲ့
ဘာသာစကားတွေ ရှိတယ် ... ။

ဒီကိုင်းမှာ လုပ်စား
ကြီးပွားသွားတဲ့ သူတချို့ရှိတယ် ... ။

ဒီမြေမှာ လုပ်ကိုင်
လှုပ်ယိုင်ပြီး ဘဝပျက်သွားတဲ့ သူတချို့ရှိတယ် ... ။

ရေကြည်မြက်နု
ပြောင်းရွှေ့မှုပြုတဲ့ သူတချို့ ရှိတယ် ... ။

မျှော်လင့်ချက်တစ်စနဲ့
ဒီမြေကို ခြေချ လာသူတွေ ရှိတယ် ... ။

အမေ “လွမ်း”
အိမ်ပြန်လမ်း ဝေးနေတဲ့ သားတချို့ ရှိတယ် ... ။

အဖေ “ဝေး”
ထင်ရာတွေ တွေးနေတဲ့ သမီးတချို့ ရှိတယ်...။

အချိန်တန်
အိမ်ပြန်မယ့်သူတချို့ ရှိတယ် ... ။

လောဘ ဒေါသ နဲ့ မောဟတွေကြား
အတ္တမိုင်ကုန်သွားနေတဲ့
(အမေ တမ်းတ)
“သိုးမည်း ” တစ်ကောင်ဘဝ
ရုန်းထွက်ရဖို့ ခက်နေတယ် .... ။ ။


အိမ်မက်ရှင်
မှတ်ချက် - ဒီကဗျာလေးကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က ဖန်တီးရေးသား ဖွဲ့ဆိုခဲ့တာ ဖြစ်ပါတယ်။

Thursday, January 27, 2011

ကဗျာအချိုး စာတန်ခိုး

Photobucket

ကဗျာအချိုး စာတန်ခိုး

ကဗျာအတို
စာအချိုကို
ယူငင်သောက်လိုက်
မြိန်ရှက်ခိုက်တွင်
စိတ်စဉ်နှလုံး
ပီတိဖုံးကာ
ကြည်ပြုံး ရသများလှပေ...။

ကဗျာအရှည်
စာအထွေကို
ခုံမင်ထွေးပိုက်
မြင်ဖတ်ခိုက်တွင်
ထိုထိုမနော
စိတ်သဘောမှာ
ကြီးစွာ သုတရ ရပေ...။

ကဗျာအချင်း
စာအခင်းနှင့်
ရွှင်ပြုံးမွေ့လျော်
လောကီကျော်၍
စိတ်ထားမြင့်ကြီး
ပြည့်ဝပြီးလျှင်
အလင်းဉာဏ်ပေါက်
ခရီးရောက်ကာ
ရင့်ကျက်သည်သာ ရှိရပေ...။ ။


အိပ်မက်ရှင်
Photo credit to http://s831.photobucket.com

Monday, January 24, 2011

ခရေပန်းကောက်သူ

Photobucket

ခရေပန်းကောက်သူ


"ကျွီ .... "
ကျွန်မ အလုပ်ခန်း ဖြစ်လာမယ့် ရုံးခန်းအသစ်ရဲ့ တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခပ်သိုးသိုး၊ ခပ်အောက်အောက် အနံ့အသက်တစ်ချို့က ဆီးကြိုလိုက်တယ်။ ရုံးခန်းနေရာ လိုက်ပြတဲ့ မန်နေဂျာထွက်သွားတာနဲ့ တပြိုင်နက် အခန်းထောင့်မှာထောင်ထားတဲ့ ကြက်မွှေးကို ဆွဲယူလိုက်ပြီး စားပွဲပေါ်က အလိမ်းလိမ်းထနေတဲ့ ဖုံတွေကို ရှင်းလင်းနေလိုက်ပါတယ်။ အရင်က ဒီအခန်းကို စတိုခန်းတစ်ခုလို အသုံးပြုခဲ့တာမို့ အကြီးစား ရှင်းလင်းမှု လုပ်ပြီးတာတောင် စက္ကူအတိုအစ၊ အမှိုက်သရိုက်တွေက ကျန်ရစ်လို့နေသေးတယ်။ အခန်းထဲမှာက ဖိုင်တွဲထည့်ဖို့ မတ်တပ်ဗီဒို တစ်လုံး၊ စာရေးစားပွဲတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်ခုနဲ့ အခွံမရှိတော့တဲ့ စားပွဲတင် ပလပ်စတစ်ပန်ကာတစ်ခု ရှိနေခဲ့တယ်။ စားပွဲရဲ့ အံဆွဲတွေထဲမှာလည်း စက္ကူစတွေ တထေးကြီးနဲ့ ပင်ကူအိမ်မျှင်တွေက တွယ်ငြိလို့။ ကျွန်မ ကြောက်တတ်တဲ့ ပိုးဟပ်တွေလည်း တွေ့သေးရဲ့။ သူတို့က လှုပ်လှုပ်ရွရွနဲ့ ဟိုပြေးဒီပြေး လုပ်နေသေးတယ်။ နာရီဝက်သာသာလောက် စိတ်ရှည်ရှည်ထားပြီး ရှင်းလင်းအပြီးမှာ အတော်အသင့် စိတ်တိုင်းကျစရာ အနေအထားကို ရောက်လာတယ်။

မောမောနဲ့ ဆုံလည်ကုလားထိုင်ပေါ် ပစ်ထိုင်လိုက်တဲ့အခါ အခန်းရဲ့ ညာဖက်နံရံပေါ်က ပြူတင်းပေါက်တစ်ခုကို ကျွန်မ မြင်လိုက်ရတယ်။ ရှင်းလင်းသုတ်သင်ပြီးစ ပလပ်စတစ်ပန်ကာကို မဖွင့်ခင် ဒီပြူတင်းပေါက်ကို အရင်ဖွင့်သင့်တယ်လို့ ကျွန်မတွေးလိုက်ပြီး ပြုတင်းပေါက်ကို ဖွင့်ဖို့ ထလိုက်တယ်။ နှစ်ရှည်လများ မဖွင့်ပဲ ပိတ်ထားတဲ့ဟန်နဲ့ ပြူတင်းပေါက်ရဲ့ မျောက်လက်၊ သံဂျက်တွေက သံချေးတက် ပိတ်ဆို့နေတာမို့ ခဲခဲယဉ်းယဉ်း ကြိုးစားဖွင့်လိုက်ရတယ်။ ချွေးအနည်းငယ်စို့ပြီး အတော်လေးအကြာမှာတော့ ချောက်ကနဲ အသံနဲ့ အတူတံခါးပွင့်သွားပါတော့တယ်။ ပြူတင်းတံခါးရဲ့ တံခါးရွက် နှစ်ဖက်ကို ဖွင့်အပြီး အပြင်ဖက်ကို ကြည့်လိုက်မိတယ်။ ခပ်မှိုင်းမှိုင်း အုံ့ဆိုင်းနေတဲ့ ခရေပင်တန်းနဲ့ နီညိုရောင် ဂဝံလမ်းတစ်ခုက ဒီပြူတင်းတံခါးရဲ့ အပြင်မှာ ရှိနေတယ်။ မြင်ကွင်းက ဆွဲဆောင်မှု ရှိတာမို့ တံခါးဖွင့်ပြီး အတော်ကြာကြာ ကြည့်နေမိတဲ့အထိပါပဲ။ သတိထားမိတဲ့ တစ်ခုကတော့ ကျွန်မ အလုပ်စားပွဲနဲ့ တစ်တန်းတည်း မြင်သာတဲ့ ခရေပင်တစ်ပင်အောက်မှာ အညိုရောင် သစ်သားခုံတန်းတစ်ခု ရှိနေခဲ့ပြီး၊ ခုံတန်းပေါ်နဲ့ အောက်ဘက်မြေပြင်မှာ ဖွေးဖွေးလှုပ် ကြွေကျထားတဲ့ ခရေပန်းတွေပါပဲ ... ။ ခဏအကြာမှာ စောစောက ထွက်သွားတဲ့ စတိုမန်နေဂျာ ရေးကြီးသုတ်ပျာ ပြန်ရောက်လာပြီး ကျွန်မကို တစ်စုံတစ်ခု ပြောဆိုဖို့ ဟန်ပြင်နေတယ်ဆိုတာ သတိပြုမိတယ်၊ ကျွန်မက အစစအရာရာ အဆင်ပြေပါတယ်ဆိုတဲ့ သင်္ကေတနဲ့ လက်ကာပြလိုက်ပြီး၊ ပြုံးပြလိုက်မှ မန်နေဂျာက ယုံကြည်စိတ်ချစွာနဲ့ အခန်းဝကနေ ပြန်ထွက်သွားတော့တယ်။

ပထမ အလုပ်စဆင်းတဲ့ရက်က အလုပ်များတတ်တဲ့ ထုံးစံအတိုင်း ဘေးအနီးအပါး ပတ်ဝန်းကျင်တွေကိုလည်း သတိမမူမိနိုင်လောက်အောင်ပါပဲ၊ ကျွန်မရဲ့ အလုပ်အသစ်က စတိုစာရင်းကိုင်မို့ တစ်နေကုန် ပစ္စည်းလာထုတ်သူတွေကို ပစ္စည်းထုတ်ပေးရ၊ လက်မှတ်ထိုးပေးရ၊ စတိုခန်းက လက်ကျန်တွေနဲ့ စာရင်းကိုက်မကိုက် တိုက်ဆိုင်စစ်ဆေးရနဲ့ တကယ်ကို အလုပ်များနေခဲ့တာပါ။ အလုပ်ခန်း အသစ်ရဲ့ အောက်သိုးသိုးအနံ့အသက်ကို ပျောက်အောင် လေသန့်ဆေးဗူး တစ်ဗူး ပက်ဖြန်းထားပေမယ့် အနံ့အနည်းငယ် ကျန်နေသေးတာကလွဲရင် အခန်းအနေအထားကို စိတ်တိုင်းကျတယ်လို့ ပြောလို့ရပါပြီ။ အလုပ်ပြန်ဖို့ နာရီဝက်အလို ညနေ ငါးနာရီဝန်းကျင်မှာမှ အလုပ်လက်စတွေကို သတ်လိုက်နိုင်တာမို့ ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်း သောက်လက်စ ကော်ဖီခွက်ဆီကို လက်လှမ်းလိုက်တယ်။ အဲဒီ့ခဏမှာပဲ ကျွန်မ မျက်လုံးတွေ ပိတ်ထားတဲ့ ပြူတင်းတံခါးဆီ ရောက်သွားပြီး တံခါးမဖွင့်မိပါကလားလို့ တွေးလိုက်မိတယ်။ ညနေစောင်းလေပြေနဲ့ ခရေရနံ့တွေဝင်လာကောင်းရဲ့ ဆိုတဲ့အတွေးနဲ့ ပြူတင်းတံခါးကို အသာအယာထလို့ ဖွင့်လိုက်တယ်။ မြင်ကွင်းထဲမှာ ခရေပင်တန်း၊ ဖွေးဖွေးလှုပ် ကြွေနေတဲ့ ခရေပွင့်တွေနဲ့ ဂဝံမြေနီလမ်း၊ နောက် ခရေပင်တစ်ပင်အောက်က ခုံတန်းအညို၊ နောက် အဲခုံတန်းပေါ်မှာ လူတစ်ယောက်။ ကျွန်မ ပြူတင်းတံခါးကို ဖွင့်သံကြားလို့ အဲဒီ့လူက ချာကနဲလှည့်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ မျက်နှာပြန်လွှဲသွားတယ်။ ကျွန်မကတော့ အံအားသင့်စွာနဲ့ ဒီမြင်ကွင်းကို ငေးကြည့်နေမိတော့တယ်။

အလုပ်စဝင်တဲ့ရက်ကနေ တစ်လတင်းတင်း ပြည့်တဲ့နေမှာ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ်၊ ညနေတိုင်း အလုပ်ဆင်းဖို့ ပစ္စည်းတွေ သိမ်းဆည်းတဲ့အခါ ပြူတင်းပေါက်ကတဆင့် မြင်နေရတတ်တဲ့ ခရေပန်းကောက်သူကို ထူးထူးခြားခြား စိတ်ဝင်စားတတ်နေပြီ။ အလုပ်စဆင်းတဲ့နေ့က စလို့ တစ်လပြည့်တဲ့အထိ ဆက်တိုက်ဆိုသလို ဆုံနေတတ်သလို ခရေပန်းကောက်သူရဲ့ လည်ပြန်အကြည့် တွေကလည်း တစ်ခဏဆိုတာထက် ဘယ်တော့မှ မပိုခဲ့ပါဘူး။ ဒါကိုပဲ ကျွန်မ တော်တော်အံသြနေခဲ့တာပါ။ တကယ်ဆို ဒီအလုပ်ကို စဝင်ကတည်းက အလုပ်က စတိုမန်နေဂျာအပါအဝင်၊ ဝန်ထမ်းတော်တော်များများရဲ့ ဂရုတစိုက်ကြည့်လာတဲ့ မျက်လုံးတွေကို သတိထားခဲ့မိတာကြာပါပြီ။ ဒါပေမယ့် သူတို့ရဲ အကြည့် တွေကို ကျော်လွန်ပြီး ဖတ်ကနဲ၊ တစ်ချက်ပဲ ကြည့်တတ်တဲ့ ခရေကောက်သူရဲ့ မျက်ဝန်းတစ်စုံကိုပဲ သတိထားနေမိခဲ့တယ်။ ရုံးခန်းပြူတင်းတံခါးကို ကျွီခနဲ မြည်အောင်ဖွင့်လိုက်တာနဲ့ တပြိုင်နက် ချိန်သားကိုက်ထားသလို ခရေပန်းကောက်သူက ကျွန်မကို ဖတ်ခနဲ လှည့်ကြည့်တတ်ပါတယ်။ အဲဒီ့နောက်မှာ တစ်ဖက်ကို လှည့်သွားပြီး ကောက်လက်စ ခရေပွင့်တွေကို ဆက်ကောက်နေခဲ့တယ်။ တစ်ခါတစ်လေမှာ ခရေပန်းကောက်သူဟာ ခုံတန်းအညိုပေါ်ထိုင်၊ ခရေပွင့်တွေကို သီနေတတ်သလို၊ တစ်ခါတစ်ရံမှာ လေအသုတ်နဲ့ ဝေ့ဝဲကျလာမယ့် အပင်ထက်က ခရေပွင့်တွေကို မော့လို့ မျှော်ကြည့်နေတတ်တယ်။ အဲ တစ်ခါတစ်ရံမှာတော့ ခုံတန်းညိုပေါ်မှာ ခပ်ငိုင်ငိုင်၊ ခပ်စင်းစင်း ထိုင်နေရင်း မြေပြင်ကို ကသိုဏ်းရှုသလို စိုက်ကြည့်နေတတ်ပြန်တယ်။ ဘယ်လို အနေအထားနဲ့ပဲ ဖြစ်ဖြစ် ကျွန်မ သူ့ကို ကြည့်နေတတ်တာကို သိသလိုနဲ့ တစ်ချက်မော့ကြည့်ပြီး အဲဒီ့မော့ကြည့်တဲ့ အကြည်တစ်ချက်ဟာ အဲဒီ့နေ့အတွက် ပထမဆုံးနဲ့ နောက်ဆုံးအကြည့်ပဲလို့ ဆိုရမလိုပါပဲ။

ဒီနေ့ ကျွန်မ အလုပ်လုပ်နေရင်းက သူ့ဖတ်ကနဲ လှမ်းကြည့်တဲ့ မျက်ဝန်းတစ်စုံကို အမှတ်မထင် မြင်ယောင်လိုက်မိတယ်၊ အလုပ်တွေ တထပ်ကြီးနဲ့ ရှုပ်နေတာမို့ ခဏအတွင်းမှာပဲ အဲမျက်ဝန်းတစ်စုံကို မေ့ပျောက်သွားပြန်တယ်၊ ဒီတစ်နေ့တာလုံး တံခါးရွက်ကို မနက်ရုံးတက်ကတည်းက ဖွင့်ထားပြီး ခရေပန်းကောက်သူ ရောက်လာမယ့်အချိန်ကို စောင့်ဖမ်းဖို့ ဆုံးဖြတ်ချက်ချထားလိုက်တယ်။ တကယ်က သူ့ကို စိတ်ဝင်စားတယ်ဆိုတာထက် သူ့ရဲ့ တစ်ချက်ပဲ ကြည့်တတ်တဲ့ အကျင့်ကို ပိုလို့သတိထားနေမိတာပါ။ အလုပ်ထဲ နစ်နေလို့ ရုတ်တရက် သင်းပျံ့လာတဲ့ ခရေပန်းရနံ့ကို ရတော့မှ အလန့်တကြား အသိဝင်လာပြီး ပြူတင်းပေါက်ဆီကို ကျွန်မလှမ်းကြည့်လိုက်မိတယ်။ ဘယ်အချိန်က ရောက်နှင့်နေတယ် မသိရတဲ့ ခရေပန်းကောက်သူရဲ့ အကြည့်မျက်ဝန်းတွေက စောင့်ကြိုလို့နေပါတယ်။ ကျွန်မရင်ထဲမှာ ရုတ်တရက် နွေးကနဲ ဖြစ်သွားပြီး လွှဲသွားမယ့် သူ့မျက်ဝန်းတွေကို မသိစိတ်က အထိတ်တလန့်တားဆီးနေမိတယ်။ ဒါပေမယ့် မရပါဘူး။ သူကတော့ သူ့ထုံးစံအတိုင်း အကြည့်လွှဲလို့ လက်ထဲက ကောက်ထားတဲ့ ခရေပွင့်တွေကိုပဲ ရေတွက်နေတော့တယ်။ အဲဒီ့ခဏမှာပဲ အလုပ်ဆင်းဖို့ ဆုံးဖြတ်လိုက်ပြီး လက်ပွေ့အိတ်ထဲကို ကျွန်မရဲ့ ပစ္စည်းပစ္စယတွေ သိမ်ကြံုးပစ်ထည့်၊ ပြီးတော့ အခန်းအပြင်ထွက်လို့ အလုပ်ခန်းတံခါးသော့ကို ခပ်သွက်သွက်ပိတ်ပစ်လိုက်တယ်။ ဂဝံလမ်းထက်ကို အပြေးတပိုင်းရောက်လာတဲ့ အခိုက်မှာတော့ ခရေပန်းကောက်သူ ရှိမနေတော့ပါဘူး။ ကျွန်မ အပါးက ဝေ့ကနဲဖြတ်သွားတဲ့ လေပြေမှာ ခရေရနံ့တွေ လိုက်ပါလို့လာတယ်။ သက်ပြင်းတစ်ခုကို မသိမသာချလို့ အိမ်ပြန်ဖို့ရာ ကားဂိတ်ဘက်ကိုပဲ ကျွန်မ လျှောက်လာနေမိတော့တယ်။

အဲ့ဒီ့နေ့ညက ကျွန်မ တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ အိပ်ယာထက်မှာ တလူးလူးတလိမ့်လိမ့်နဲ့ မျက်စိအစုံကို မှိတ်လိုက်ပေမယ့် ခရေကောက်သူရဲ့ ဟန်ပန်က အသိအာရုံထဲမှာ ပေါ်လာတယ်။ ကျွန်မ မှေးကနဲ အိပ်ပျော်သွားချိန်၊ အိပ်မက်ထဲမှာ ခရေပန်းကောက်သူဟာ အမြဲမြင်နေကျပုံစံ၊ ဝတ်နေကျအတိုင်း ခပ်နွမ်းနွမ်းဝတ်စုံတစ်ထည်နဲ့ လက်အစုံကို နောက်ပစ်လို့ ရောက်လာတော့တယ်။ ပြိုတော့မယ် မိုးလို ခပ်အုံ့အုံ့၊ ခပ်မှုန်မှုန် မျက်နှာထားနဲ့ ကျွန်မရှေ့မှာ သူ ရောက်နေတယ်။ ခရေပန်းကောက်သူက စကားတစ်စုံတစ်ရာ ပြောဖို့ ကြိုးစားနေခဲ့တယ်လို့ ထင်ရတယ်။ ဒါပေမယ့် ကျွန်မ ဘာစကားမှ သူ့ဆီက မကြားရပါဘူး။ ဒါပေမယ့် အဲဒီ့အချိန်မှာ ထူးထူးဆန်းဆန်း အနေနဲ့ ခရေပန်းကောက်သူက မျက်နှာမလွဲပဲ ကျွန်မကို ခပ်စိမ်းစိမ်း စိုက်ကြည့်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ နောက်ပစ်ထားတဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လို့ ခရေပန်းတွေနဲ့ ပြည့်နေတဲ့ သူ့လက်အစုံကို ကျွန်မဖက်ကို ထိုးပေးရင်း စကားတစ်ခွန်းဆိုလာတယ်၊ "ဒီပန်းတွေကို ခင်ဗျားယူလိုက်ပါ ...ခင်ဗျားအတွက် ကောက်ထားတာ ... ... ... "။ သူ့မျက်နှာမှာ အေးစက်စက် အပြုံးတစ်ခုက ခပ်ယောင်ယောင်ယှက်သန်းလာပြီး ရုတ်တရက် ကျွန်မမြင်ကွင်းထဲကနေ ပျောက်လွင့်သွားပါတော့တယ်။

"မနေ့ညက အိပ်ရေးမဝဘူးလား ... " အိပ်ရေးမဝတဲ့လို့ ချောင်ကျနေတဲ့ ကျွန်မ မျက်ဝန်းတွေကို မြင်တော့ စတိုမန်နေဂျာက မေးလာတယ်။ ကျွန်မ စကားမဆိုပဲ အသာအယာခေါင်းကို ညိတ်ပြလို့ မန်နေဂျာ့အမေးကို တုံပြန်လိုက်တယ်။ မန်နေဂျာရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတာမို့ ကျွန်မ စိတ်ထဲထင့်ခနဲ ဖြစ်သွားပြီး မန်နေဂျာကို ကြည့်လိုက်မိတယ်။ မန်နေဂျာက တစ်ခါမှ မကြည့်ဖူးတဲ့ ထူးဆန်းတဲ့အကြည့်တမျိုးနဲ့ ကျွန်မကို ကြည့်နေတာ မြင်လိုက်ရတယ်။ "ရှင် ကျွန်မကို ပြောစရာ တစ်ခုခု ရှိသလား?"။ မန်နေဂျာက ဘေးပတ်ဝန်းကျင်ကို အကဲခတ်သလို ကြည့်ရင်း ခေါင်းညိတ်ပြတယ်။ ပြီးတော့ ရုတ်တရက် ထသွားပြီး ခရေပင်တန်းကို လှမ်းမြင်နိုင်တဲ့ ပြူတင်းတံခါးကို ဆတ်ကနဲ လှမ်းပိတ်လိုက်တယ်။ "ခရေပင်တန်းနဲ့ ဂဝံမြေနီလမ်းကလေးက လှတယ်နော်..."။ မန်နေဂျာစကားက ထူးဆန်းတာမို့ တအံတသြနဲ့ သူ့ကို ကျွန်မငေးကြည့်နေမိတယ်။ အာခေါက်ထဲ ခြောက်ကပ်သလိုလို ဖြစ်လာတာမို့ ခပ်လှမ်းလှမ်း စားပွဲပေါ်က ကော်ဖီခွက်ကို ကျွန်မ လှမ်းယူလိုက်တယ်။

"မင်း အိပ်ရေးမဝတာ ငါသိပါတယ်၊ မင်း ခရေပန်းကောက်သူကို စိတ်ဝင်စားနေပြီမဟုတ်လား ... အိပ်ရေးမဝတာ သူ့ကြောင့် မဟုတ်လား... ?"။ "..... ..... ......" "ခွမ်း" တစ်စစီဖြစ်သွားတဲ့ ကြွေကော်ဖီခွက် အပိုင်းအစတွေက ရုံးခန်းအောက်ခြေ သံမံတလင်းပေါ်မှာ မြင်မကောင်းအောင် ပြန့်ကျဲသွားတယ်၊ မှင်သက်အံသြလွန်းတာမို့ ကြက်သေသေနေတဲ့ မျက်ဝန်းတွေနဲ့ မန်နေဂျာကို ကျွန်မ ငေးစိုက်ကြည့်နေမိတယ်။ "... ရှင် ... ရှင် .. ဘယ်လိုသိသလဲ၊ ရှင် ခရေပန်းကောက်သူကို သိတယ်ဟုတ်လား"။ မန်နေဂျာကတော့ ဘာမှ မထူးဆန်းသလို အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ဟက်ကနဲ ရယ်မောပစ်လိုက်တယ်။ "အင်း ငါသိတာပေါ့ ... ဒါပေမယ့် မင်းလိုတော့ မမြင်ရပါဘူး ..."။ ပြန်ကျဲနေတဲ့ ကော်ဖီခွက် အပိုင်းအစ တွေကို ကောက်ဖို့ စိတ်ကူးမရှိပဲ ကျွန်မ ခေါင်းထဲမှာ ဆက်တိုက်ဆိုသလို မေးခွန်းတွေ သီးထလို့လာတယ်။ "ရှင်ပြောတာ ကျွန်မ နားမလည်ဘူး ..."။ "ငါ ရှင်းပြပါ့မယ် ...ဒါပေမယ့် ငါ ရှင်းပြပြီးလို့ မင်း ဒီအကြောင်းကို သိသွားခဲ့ပြီးရင်တော့ မင်း ဒီအလုပ်ကနေ ထွက်ရပါလိမ့်မယ်၊ ဒါကလည်း မင်းအတွက်ပါ ..."။ အခန်းထဲက ဖန်ခွက်အကွဲအစတွေကို ရှင်းလင်းဖို့ သန့်ရှင်းရေးသမားရောက်လာချိန်မှာ ကျွန်မတို့ စကားစ ခဏ ပြတ်သွားတယ်။ ကျွန်မ စိတ်ထဲမှာ တရိပ်ရိပ်မူးနောက်လာနေသလို ခံစားရပြီး ခရေပန်းကောက်သူရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေကို အိပ်မက်ထဲကလို ပြန်မြင်ယောင်လာတယ်။ နားမလည်နိုင်ခြင်းများစွာနဲ့ ခရေပန်းကောက်သူဟာ ပဟေဠိပုစ္ဆာတစ်ခုလို တစ်စတစ်စ ဖြစ်တည်လာနေတယ်။ ပိတ်ထားတဲ့ တံခါးဝကို ကြည့်မိတော့ တစ်ဖက်မြင်ကွင်းမှာရှိနေမယ့် ခရေပင်တန်း၊ ခုံတန်းညိုနဲ့ ခရေပန်းကောက်သူ လူတစ်ယောက်ရဲ့ သဏ္ဍာန်ကို ကျွန်မစိတ်အာရုံမှာ မပီဝိုးတဝါး မြင်ယောင်နေတယ်။ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတဲ့အတွက် ကော်ဖီသောက်တာတွေများတာရယ်ကြောင့် လို့ကျွန်မကိုယ် ကျွန်မ ဖြေတွေးလိုက်တယ်။ "ခရေပန်းကောက်သူ ... ခင်ဗျား ဘယ်သူလဲ ... "။

"လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က အခု မင်းလုပ်နေတဲ့ ရုံးခန်းမှာ စတိုမန်နေဂျာတစ်ယောက် ရုံးထိုင်ခဲ့ဖူးတယ်၊ သူက အခု မင်းရဲ့ အလုပ်ရှင်စက်ရုံပိုင်ရှင်ရဲ့ သားတစ်ယောက်ဖြစ်ခဲ့တာပေါ့၊ သူ့မှာ စတိုစာရေးမလေး တစ်ယောက်ရှိတယ်၊ သူ့ရဲ့ လက်ထောက်ပေါ့ကွာ၊ အခု မင်းလုပ်နေတဲ့ ရာထူးနေရာပေါ့ ... " မန်နေဂျာက ပြောလက်စ စကားကို ရပ်ထားလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်၊ မီးညှိဖွာရှိုက်လိုက်တယ်၊ ကျွန်မ စိတ်ထဲမှာ မန်နေဂျာဟာလည်း စိတ်ခံစားမှုတစ်ခုရဲ့ ဖိအားကြောင့် စိတ်လှုပ်ရှားနေပုံရတယ်လို့ ခံစားနေရတယ်။ သူက ဆက်ပြောတယ် "သူ့အဖေ သူဋ္ဌေးက ဒါကို သိတော့ သဘောမတူနိုင်ဘူး၊ ဒီလိုသဘောမတူနိုင်တဲ့ကြားကပဲ သူ့သားနဲ့ စာရေးမလေးတို့ရဲ့ သံယောဇဉ်က တဖြည်းဖြည်း ခိုင်မြဲလာတယ်၊ ဒါကို ရပ်တန့်ဖို့ သူ့အဖေ သူဋ္ဌေးက စာရေးမလေးကို ထုတ်ပစ်ဖို့ အဆင့်ထိ တိတ်တဆိတ် ကြံစည်လာတယ်၊ သားဖြစ်သူက လုံးလုံးမသိခဲ့ရှာဘူး၊ ဒီလိုနဲ့ တစ်နေ့မှာ အဖေလုပ်တဲ့သူဋ္ဌေးက သူ့သားနဲ့ သဘောမတူနိုင်ကြောင်း ပြတ်ပြတ်သားသားပြောပြပြီး အလုပ်ကနေ နှုတ်ထွက်သွားဖို့ တိုက်တွန်းခဲ့တယ်၊ စတိုစာရင်းကိုင် ကောင်မလေးကလည်း သူချစ်သူကို ချစ်ပေမယ့် သူချစ်သူဘဝကောင်းစားဖို့ အလုပ်ကနေနှုတ်ထွက်ဖို့ ကတိပေးလိုက်တယ်၊ အဲလိုနဲ့ နှုတ်ထွက်ရမယ့်နေ့မှာ စတိုစာရင်းကိုင် ကောင်မလေးက ချစ်သူကို ခရေပင်တန်းမှာ ကြွေကျနေတဲ့ ခရေပန်းတွေကို ကောက်ပေးဖို့ တောင်းဆိုခဲ့တယ်၊ သားလုပ်တဲ့သူက စာရေးမလေးကိုပေးဖို့ ခရေပင်တန်းဆီ သွားပြီး ခရေပန်းကောက််နေခဲ့တယ်။ အဲအချိန်မှာ လေပြင်းတွေ တိုက်လာပြီး ခရေပန်းတွေ တဖြောဖြောကြွေကျနေတာမို့ ခရေပန်းကောက်ဖို့ အပြင်ကို ထွက်သွားခဲ့တာလည်း ပါတယ်..." မန်နေဂျာစကားကို နားထောင်နေမိတဲ့ ကျွန်မရဲ့ စိတ်အာရုံမှာ ခရေပန်းကောက်သူရဲ့ ဖတ်ကနဲ ကြည့်လိုက်တဲ့ အကြည့်ကို မြင်ယောင်လာပြီး ကျောရိုးထဲမှာ စိမ့်သွားသလို ခံစားလိုက်ရတယ်။

"သူ့ချစ်သူ ခရေပန်းကောက်နေတာကို အခု ပြူတင်းတံခါးကနေ စတိုစာရေးကောင်မလေး ကြည့်နေခဲ့တယ် ... လေတွေတအားတိုက်နေတာမို့ သူ့ဆီ ပြန်လာခဲ့တော့လို့ အော်ပြောလိုက်တဲ့အခါ သူက တစ်ချက် လှမ်းကြည့်လိုက်တယ်၊ အဲဒီ့အချိန်မှာ လေပြင်းကြောင့် ကျိုးကျလာတဲ့ ခရေကိုင်းကြီးတစ်ကိုင်းက သူ့ချစ်သူအပေါ်ကို အရှိန်နဲ့ ပိကျလာတယ်၊ အဲအချိန်နဲ့ တစ်ပြိုင်နက်မှာ အခု ငါတို့မြင်နေရတဲ့ ပြူတင်းတံခါးက လေပြင်းအရှိန်နဲ့ ရုတ်တရက် ပိတ်သွားပြီး သူ့ချစ်သူသစ်ကိုင်းပိပြီး သေဆုံးသွားရတာကို စာရေးမလေး မမြင်လိုက်ရရှာဘူး ..."။ "..... အို ... ဘုရားရေ ... ဒါဆို ခရေပန်းကောက်သူဟာ...." ကျွန်မတစ်ကိုယ်လုံးတုန်ခါပြီး အံအားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့က တစ်ပြိုင်တည်း အသွေးအသား၊ ရိုးတွင်းချဉ်ဆီထိ စိမ့်ဝင်စီးဆင်းသွားတယ်။ စကားသံတွေကလည်း မပီသ ထစ်ငေါ့လို့၊ ဖျတ်ကနဲပေါ်လာတဲ့ မျက်လုံးစိမ်းစိမ်းတွေက ရုတ်တရက် ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားပြန်တယ် ... ။ "ဝုန်း ... ဒုန်းဒုန်း" ပိတ်ထားတဲ့ တံခါးဝဆီက လူတစ်ယောက် ခပ်ပြင်းပြင်းထုလိုက်သလို တုန်ခါမှုမျိုးနဲ့ အသံတစ်ချို့ကို မန်နေဂျာရော၊ ကျွန်မပါ ကြားလိုက်ရတယ်။ "ဟုတ်တယ် ... အဲဒါပဲ ... မင်း အလုပ်စဝင်တော့ ငါတို့မင်းကို တစ်ခုသတိပေးလိုက်ဖို့ မေ့သွားတယ်၊ ချက်ချင်းပဲ သတိပေးဖို့ ပြန်လာတော့ မင်းက ဒီပြူတင်းတံခါးကို ဖွင့်ထားပြီးနေပြီ ... မင်းအရင် လုပ်ခဲ့ဖူးတဲ့ စတိုစာရင်းကိုင်တွေကိုလည်း ငါတို့ အမြဲမှာခဲ့တယ်၊ ဒီပြူတင်းတံခါးကို မဖွင့်ဖို့ပေါ့ ... " ရုတ်ခနဲ မွေးလာတဲ့ ခရေပန်းရနံ့ကို ကျွန်မရလိုက်တယ်၊ အရင်က တရှိုက်မက်မက်နဲ့ ခံစားတတ်ခဲ့တဲ့ ဒီခရေပန်းရနံ့မှာ ခပ်စို့စို့ အနံတစ်ခု ပါဝင်လာသလို ကျွန်မ ခံစားလိုက်ရတယ်၊ ဒီအလုပ်ခန်းတံခါးကို စဖွင့်တဲ့အချိန်က ရခဲ့တဲ့ အောက်သိုးသိုးအနံ့တစ်ခု၊ ဟုတ်တယ် အဲဒီ့အနံ့ပါပဲ။

"ဒီပန်းတွေကို ခင်ဗျားယူလိုက်ပါ ...ခင်ဗျားအတွက် ကောက်ထားတာ ... ... ... " ခပ်တိုးတိုးကပ်ပြောလိုက်တဲ့ စကားသံတစ်ခု နားထဲမှာ ဆတ်ကနဲ ကြားလိုက်ရတယ်၊ ခရေပန်းကောက်သူရဲ့ အသံ၊ အိပ်မက်ထဲက အသံနဲ့ တစ်ထပ်တည်းပါပဲ၊ ရုတ်တရက် စို့တက်လာတဲ့ ဇောချွေးတွေနဲ့ တဒင်္ဂသာသာလေး အဲဒီ့ခဏမှာပဲ ကျွန်မ အသက်ရှုရပ်သွားတယ်၊ အခန်းထဲမှာ မန်နေဂျာ ရှိမနေတော့ပါဘူး။ နှုတ်ထွက်သဘောတူလက်မှတ်ရေးထိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သွားယူနေခဲ့တာပါ။ တစ်အောင့် အကြာမှာ အလုပ်ရှင်သူဋ္ဌေးနဲ့အတူ မန်နေဂျာ ပြန်ဝင်လာတာကို ကျွန်မ မြင်ရတယ်။ သူဋ္ဌေးက မျက်နှာမကောင်းစွာနဲ့ ကျွန်မကို စာရွက်တစ်ရွက်လှမ်း ပေးလိုက်တယ်၊ သူကမ်းပေးလိုက်တဲ့ စာရွက်ကို ခပ်အေးအေးပဲ ကျွန်မဆွဲယူလိုက်ပြီး လက်မှတ်ထိုးပေးလိုက်တယ်။ ဘေးလွယ်အိတ်ထဲကို သိမ်းဆည်းထားပြီးတဲ့ ပစ္စည်းပစ္စယတွေကို စုထည့်လိုက်ပြီး ပြန်ဖို့ရာအတွက် ထိုင်ရာကနေ ကျွန်မ ထလိုက်တယ်။ စက်ရုံသူဋ္ဌေးက ကျွန်မကို ကားဂိတ်အထိ သူ့ကားနဲ့ လိုက်ပို့ပေးတယ်။ "သမီးကို အလုပ်ထုတ်လိုက်ရတာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် သမီးအတွက်ပါ၊ အန်ကယ်တို့ အဲဒီ့ရုံးခန်းရဲ့ ပြူတင်းတံခါးဟာ ကျိန်စာမိနေသလိုပါပဲ၊ ဖွင့်ကြည့်မိတဲ့သူဟာ မကျွတ်မလွတ်သေးတဲ့ အန့်ကယ့်သားရဲ့ ခရေပန်းကောက်နေတဲ့ ပုံရိပ်တွေကို ညနေတိုင်းမှာ မြင်နေရလေ့ရှိပြီး အဲလို မြင်အပြီး တစ်လအကြာမှာ သေဆုံးသွားတတ်တယ်၊ ဒါကြောင့် အဲဒီ့တံခါးကို ပိတ်ထားခဲ့ပြီး ဖွင့်မကြည့်မိဖို့ အမြဲမှာကြားခဲ့တယ်၊ သားရဲ့ ချစ်သူ ကောင်မလေးဟာလည်း တစ်လကြာတော့ သေဆုံးသွားခဲ့ပြန်တယ် ... ဘာကြောင့်လဲဆိုတာတော့ အန်ကယ်တို့ အခုချိန်ထိမသိရသေးပါဘူး ... "

အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ရင်း ကျွန်မ လမ်းလျှောက်လာမိတယ်၊ တည့်တည့်လျှောက်လာတဲ့ လမ်းကို မမြင်မိပဲ ခရေပန်းကောက်သူရဲ့ မျက်ဝန်းညိုညိုတွေကိုပဲ မြင်ယောင်နေမိတယ်၊ အိပ်မက်ထဲရောက်လာတဲ့ ခရေပန်းကောက်သူရဲ့ ဟန်ပန်က ဂရုဏာသက်စရာ ကောင်းလှတယ်လို့ ကျွန်မ ယုံကြည်နေတယ်လေ၊ လက်ခုပ်ထဲက ခရေပန်းတစ်ဆုပ်ကို ချစ်သူကို ပေးဖို့ သူ ဘယ်ကမ္ဘာအထိကြိုးစားနေဦးမှာလဲ၊ ဖျတ်ကနဲ ကြည့်လိုက်တဲ့ ခဏမှာ ကွယ်သွားမယ့် တံခါးရွက်နဲ့၊ လေပြင်းနဲ့အတူ စီးမျောပြိုကျလာမယ့် သစ်ကိုင်းသစ်ခက်ကြီးက သူ့ တစ်သက်တာလုံးအတွက် ခါးသက်နေတော့မှာပဲလို့ ကျွန်မတွေးနေမိတယ်၊ တစ်ဖက်လမ်းမကို ကူးဖို့ ထူထပ်နေတဲ့ ကားအသွားအလာကို ကြည့်ရင်း ရုတ်တရက်ဆိုသလို အနားမှာ တီးတိုးကပ်ပြောသံလိုလို အသံတစ်ခုကို ကျွန်မ ကြားလိုက်တယ်။ "ကိုယ်ပေးတဲ့ ခရေတစ်ဆုပ်ကို လက်ခံလို့ ကျေးဇူးအမြဲတင်နေပါတယ်"...။ ဖုံနံ့၊ ဓါတ်ဆီနံ့တွေနဲ့ ရောပြွန်းနေတဲ့ လေထုထဲမှာ ရုတ်တရက် ခရေပန်းရနံ့တစ်ခုက ထောင်းခနဲဆိုသလို ကျွန်မ အနံခံအာရုံထဲကို ဝင်ရောက်လာတယ်၊ ကျွန်မ လက်ပွေ့အိတ်ထဲမှာတော့ ဘယ်အချိန်က ရောက်နေမှန်း ကျွန်မကိုယ်တိုင် မသိလိုက်ရတဲ့ ခရေပန်းတစ်ဆုပ်က အဖွေးသား ရှိနေတယ်။ ကျယ်ကျယ်လောင်လောင်တီးလိုက်တဲ့ ဟွန်းသံရှည်ကြီးတစ်ချက်နဲ့ ကျွန်မနားကို အရှိန်ပြင်းပြင်းနဲ့ ချဉ်းနင်းဝင်ရောက်လာတဲ့ အရာဝတ္ထုကို ကျွန်မ မြင်လိုက်ခြင်းဟာ အသိစိတ်ရဲ့ နောက်ဆုံးပါပဲ ... ။

ဆတ်ကနဲတွန်းဖွင့်လိုက်လို့ ဆီမရှိတာကြာလို့ သံချေးအထပ်ထပ်ထနေတဲ့ ပတ္တာတွေဆီက တကျွီကျွီ အသံထွက်ပေါ်လာတာ ကျွန်မကြားရတယ်၊ မျှော်လင့်တကြီး တွန်းဖွင့်လိုက်လို့ ဟန်ချက်ပျက်သွားတဲ့ ကျွန်မ၊ ကိုယ့်ကိုကိုယ်ထိန်းရင်း ခရေပင်တန်းစီကို အလောတကောကြည့်လိုက်မိတယ်၊ အီထလို့နေတဲ့ ခရေပန်းရနံ့နဲ့ အတူရှိနေတဲ့ ခရေပန်းကောက်သူဟာ ကျွန်မဖက်ကို သမင်လည်ပြန် လှမ်းလို့ကြည့်နေလေရဲ့၊ ကျွန်မ သူ့ကို ပြံုးပြလိုက်တော့ သူကလည်း ပြန်ပြံုးပြလာတယ်၊ ရင်ထဲမှာ နွေးသွားသလိုခံစားလိုက်ပြီး တပြိုင်နက်မှာပဲ ရုတ်တရက် လွှဲသွားမယ့် သူ့မျက်ဝန်းတွေကို မသိစိတ်က အထိတ်တလန့်တားဆီးနေမိတယ်၊ ဒါပေမယ့် ကျွန်မ ထင်သလို သူ မျက်နှာမလွှဲသွားခဲ့ပါဘူး။ ခရေပန်းကောက်သူက ကျွန်မအနားကို တရွေ့ရွေ့တိုးကပ်လာရင်း သူ့လက်ထဲက ခရေပန်းဖြူဖြူတစ်ဆုပ်ကို ထိုးပေးလိုက်တယ်။ ခရေပန်းကောက်သူရဲ့ အကြည့်စိမ်းစိမ်းတွေကို မမှိတ်မသုံကြည့်ရင်း သူ ကမ်းပေးလာတဲ့ ခရေပန်းတစ်ပွေ့ကို ကျွန်မ လက်ခုပ်ထဲ ခံယူလိုက်တယ်။ "နောက်ဆုံး အချိန်မှာ ဒီပြူတင်းတံခါးကို ဖွင့်ကြည့်ခဲ့တာဟာ ကျွန်မရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ"။

ခရေပင်တန်းဟာ ရုတ်တရက် မှောင်အတိကျသွားပြီး အရာရာတိတ်ဆိတ်သွားခဲ့တယ်၊ ခရေပင်တန်းထဲက ခရေပင်တစ်ပင်အောက်မှာ ရှိနေတဲ့ ခုံတန်းအညိုတစ်ခုပေါ်မှာ ခပ်ဖြူဖြူ ခပ်လွှလွှ ပုံရိပ်နှစ်ခုက အတူပူးတွဲ ရှိနေခဲ့တယ်။ ဒီမြင်ကွင်းကို မြင်တွေ့နိုင်ဖို့ဆိုရင် နှစ်ရှည်လများ မဖွင့်ပဲ ပိတ်ထားတဲ့ စတိုရုံးခန်းတစ်ခုထဲက သံချေးအထပ်ထပ်ထနေတဲ့ ပြူတင်းတံခါးတစ်ချပ်ကို ခက်ခက်ခဲခဲနဲ့ ဖွင့်ကြည့်ဖို့လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ် ... ။ ။


အိပ်မက်ရှင်
Photo From: csmonitor.com

Sunday, January 23, 2011

နာဖျားခြင်းရဲ့ ကမ္ဘာ

Photobucket


နာဖျားခြင်းရဲ့ ကမ္ဘာ

ရပ်နေတာ နှင်းမြူတွေထဲမှာလား
ဟင့်အင်း...
မီးခိုးမှိုင်းတွေထဲမှာပါ
ပြူတင်းဝက လှမ်းပြတဲ့ လက်မှာ
အက်ကြောင်းရာ ဗရပွနဲ့ သွေးဖျော့နေ
တဟွတ်ဟွတ် ချောင်းတွေ ဆိုးနေခဲ့...။

တကယ်ပါ
တိမ်တွေလို ခရီးဆက်ချင်နေမိတာ...
သွားနေတဲ့လမ်းဟာ တဖြည်းဖြည်း အိုမင်းရင့်ရော်လာ
လည်ပြန်မကြည့်ပါနဲ့လေ
မြေငလျင်လှိုင်းတွေလို...
ဆူနာမီတံတိုင်းတွေလို...
ဖန်လုံအိမ်အပူရိုင်းတွေလို
သက်ပြင်းမောတွေ မချလိုက်ပါနဲ့
လေပြေတွေကို အိပ်မက်တွေထဲမှာပဲ ရှင်သန်စေလိုသလား...။

မိုးပြေးလေး ရွာချစေချင်ပါတယ်...
ခန္ဓာကိုယ်ပေါ်က ကန္တာရတွေအတွက်လေ
မှိုပွင့်ဖြူတွေ ငုံလို့ဖူးလို့
ငါ့ရင်ခွင်တောင်ကတုံးရဲ့ ဥယျာဉ်ပေါ်မှာ
ငါလှုပ်လေ ငါမြှုပ်လေ ပန်းတွေနဲ့
စိတ်ဖိစီးမှုအပွင့်တွေကလည်း လှလာတယ်...။

အရေပြားပေါ်က ကိုယ်ကျိုးရှာပိုးမွှားတွေအတွက်
လိမ်းဆေးတစ်ခွက် ပေးပါ...
မနက်ခင်းအကျိုးအပဲ့တွေနဲ့ ညနေခင်းအပိုင်းအစတွေမှာ
ငါ့ကိုယ်ငါ ပြန်ကြည့် ငါ့ကိုယ်ငါ ပြန်မြင်
အပြုံးယဲ့ယဲ့တွေ ဆင်ယင်တတ်လာတယ်
လက်သိပ်ထိုးတတ်တဲ့ ခြင်တွေဟာလည်း တစ်ကိုယ်လုံးကို ခဲ... လို့...။

တုံ့ဆိုင်းဆိုင်း ထရပ်တယ်
ငါ့ကိုယ်ဟာ အပူချိန်ကို မသိမသာခြုံသိုင်းလို့
မိုက်ခနဲ ဖြစ်သွားတဲ့ ခြေလှမ်းတိုင်းမှာ
ခပ်ရိုင်းရိုင်းခြေသံတွေဟာ ခြောက်လှန့်နေ...။

အသက်ရှုလို့ မဝတော့တဲ့အခါ...
ပြင်ဆင်ခွင့်မရတော့တဲ့အခါ...
တံခါးတစ်ချပ်မှာ ပိတ်မိတဲ့အခါ...
ငါ့ရင်ဘတ်က တစ်ဆစ်ဆစ်နာလာမယ်
ငါ့ဘာသာငါ မွန်းကြပ်လာဦးမကွယ့်
တကယ်လည်း ထွက်ပေါက်ရှာနေတဲ့ စင်ဒီဂရိတ်မှာ
(ငါဟာ)
ကူးစက်ရာမပါပဲ နာဖျားနေခဲ့ ...။ ။

အိပ်မက်ရှင်
[Photo credit to www.seehere.eu]

ထိုအမေ

Photobucket

ထိုအမေ


သားတို့ ရုပ်ရည် သီတာမည်သား
ညွှန်းဖွဲ့ထားသည်
ချစ်အားပိုစေ ထိုအမေ...။

ချိုနို့တိုက်ကျွေး မေတ္တာပေး၍
ငိုကြွေးအဲ့အဲ့ စိုးရိမ်လှည့်သည်
အနမ်းပိုလေ ထိုအမေ...။

လုလင်ငယ်သွေး အိပ်ဖို့ရေးကို
ခွန်းဆင့်ဆိုတေး ချော့မြူမွေးသည်
ရွှင်ပြုံးကြည်စေ ထိုအမေ...။

လူလားသူမြောက် ဂုဏ်တင့်လောက်ဖို့
ထောက်ပို့ရင်းနှီး ဖြည့်ဖန်တီးသည်
ပီတိပြုံးဝေ ထိုအမေ...။

ချစ်စွထိုသား ပြုဖန်မှားက
သောကထွေပွေ လမ်းမှန်စေသည်
စိတ်အားပူပေ ထိုအမေ...။

ချစ်ရသားငယ် ကြည့်မလွယ်အား
လောကဓံကြား ကူးဆန်သွားသည်
နားလည်ပေးနေ ထိုအမေ...။

လွှမ်းခြုံစေသွား မေတ္တာများ၍
ဆပွားဂရုဏာ မိမာတာကို
ဤကျွန်ုပ်သား ရိုကျိုးထားသည်
ခံယူပြုံးနေ ထိုအမေ...။ ။

အိပ်မက်ရှင်
www.eainmatshin.info
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ပြာသိုလပြည့်နေ့ (၁၉-၁-၂၀၁၁) မှာကျရောက်တဲ့ မြန်မာအမေများနေ့သို့ ရည်ညွှန်းလျှက် တစ်လောကလုံးမှ မိခင်များအတွက် အမှတ်တရ ဂုဏ်ပြုဖွဲ့ဆိုအပ်ပါသည်။
Notice -
Written in Myanmar3 unicode font. If you want to know with about unicode font download and installation, please click here for more informations.