Notice -

Written in Myanmar3 unicode font. If you want to know about the unicode download and installation, please click on here for more detail informations.

Monday, January 24, 2011

ခရေပန်းကောက်သူ

Photobucket

ခရေပန်းကောက်သူ


"ကျွီ .... "
ကျွန်မ အလုပ်ခန်း ဖြစ်လာမယ့် ရုံးခန်းအသစ်ရဲ့ တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခပ်သိုးသိုး၊ ခပ်အောက်အောက် အနံ့အသက်တစ်ချို့က ဆီးကြိုလိုက်တယ်။ ရုံးခန်းနေရာ လိုက်ပြတဲ့ မန်နေဂျာထွက်သွားတာနဲ့ တပြိုင်နက် အခန်းထောင့်မှာထောင်ထားတဲ့ ကြက်မွှေးကို ဆွဲယူလိုက်ပြီး စားပွဲပေါ်က အလိမ်းလိမ်းထနေတဲ့ ဖုံတွေကို ရှင်းလင်းနေလိုက်ပါတယ်။ အရင်က ဒီအခန်းကို စတိုခန်းတစ်ခုလို အသုံးပြုခဲ့တာမို့ အကြီးစား ရှင်းလင်းမှု လုပ်ပြီးတာတောင် စက္ကူအတိုအစ၊ အမှိုက်သရိုက်တွေက ကျန်ရစ်လို့နေသေးတယ်။ အခန်းထဲမှာက ဖိုင်တွဲထည့်ဖို့ မတ်တပ်ဗီဒို တစ်လုံး၊ စာရေးစားပွဲတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်ခုနဲ့ အခွံမရှိတော့တဲ့ စားပွဲတင် ပလပ်စတစ်ပန်ကာတစ်ခု ရှိနေခဲ့တယ်။ စားပွဲရဲ့ အံဆွဲတွေထဲမှာလည်း စက္ကူစတွေ တထေးကြီးနဲ့ ပင်ကူအိမ်မျှင်တွေက တွယ်ငြိလို့။ ကျွန်မ ကြောက်တတ်တဲ့ ပိုးဟပ်တွေလည်း တွေ့သေးရဲ့။ သူတို့က လှုပ်လှုပ်ရွရွနဲ့ ဟိုပြေးဒီပြေး လုပ်နေသေးတယ်။ နာရီဝက်သာသာလောက် စိတ်ရှည်ရှည်ထားပြီး ရှင်းလင်းအပြီးမှာ အတော်အသင့် စိတ်တိုင်းကျစရာ အနေအထားကို ရောက်လာတယ်။

မောမောနဲ့ ဆုံလည်ကုလားထိုင်ပေါ် ပစ်ထိုင်လိုက်တဲ့အခါ အခန်းရဲ့ ညာဖက်နံရံပေါ်က ပြူတင်းပေါက်တစ်ခုကို ကျွန်မ မြင်လိုက်ရတယ်။ ရှင်းလင်းသုတ်သင်ပြီးစ ပလပ်စတစ်ပန်ကာကို မဖွင့်ခင် ဒီပြူတင်းပေါက်ကို အရင်ဖွင့်သင့်တယ်လို့ ကျွန်မတွေးလိုက်ပြီး ပြုတင်းပေါက်ကို ဖွင့်ဖို့ ထလိုက်တယ်။ နှစ်ရှည်လများ မဖွင့်ပဲ ပိတ်ထားတဲ့ဟန်နဲ့ ပြူတင်းပေါက်ရဲ့ မျောက်လက်၊ သံဂျက်တွေက သံချေးတက် ပိတ်ဆို့နေတာမို့ ခဲခဲယဉ်းယဉ်း ကြိုးစားဖွင့်လိုက်ရတယ်။ ချွေးအနည်းငယ်စို့ပြီး အတော်လေးအကြာမှာတော့ ချောက်ကနဲ အသံနဲ့ အတူတံခါးပွင့်သွားပါတော့တယ်။ ပြူတင်းတံခါးရဲ့ တံခါးရွက် နှစ်ဖက်ကို ဖွင့်အပြီး အပြင်ဖက်ကို ကြည့်လိုက်မိတယ်။ ခပ်မှိုင်းမှိုင်း အုံ့ဆိုင်းနေတဲ့ ခရေပင်တန်းနဲ့ နီညိုရောင် ဂဝံလမ်းတစ်ခုက ဒီပြူတင်းတံခါးရဲ့ အပြင်မှာ ရှိနေတယ်။ မြင်ကွင်းက ဆွဲဆောင်မှု ရှိတာမို့ တံခါးဖွင့်ပြီး အတော်ကြာကြာ ကြည့်နေမိတဲ့အထိပါပဲ။ သတိထားမိတဲ့ တစ်ခုကတော့ ကျွန်မ အလုပ်စားပွဲနဲ့ တစ်တန်းတည်း မြင်သာတဲ့ ခရေပင်တစ်ပင်အောက်မှာ အညိုရောင် သစ်သားခုံတန်းတစ်ခု ရှိနေခဲ့ပြီး၊ ခုံတန်းပေါ်နဲ့ အောက်ဘက်မြေပြင်မှာ ဖွေးဖွေးလှုပ် ကြွေကျထားတဲ့ ခရေပန်းတွေပါပဲ ... ။ ခဏအကြာမှာ စောစောက ထွက်သွားတဲ့ စတိုမန်နေဂျာ ရေးကြီးသုတ်ပျာ ပြန်ရောက်လာပြီး ကျွန်မကို တစ်စုံတစ်ခု ပြောဆိုဖို့ ဟန်ပြင်နေတယ်ဆိုတာ သတိပြုမိတယ်၊ ကျွန်မက အစစအရာရာ အဆင်ပြေပါတယ်ဆိုတဲ့ သင်္ကေတနဲ့ လက်ကာပြလိုက်ပြီး၊ ပြုံးပြလိုက်မှ မန်နေဂျာက ယုံကြည်စိတ်ချစွာနဲ့ အခန်းဝကနေ ပြန်ထွက်သွားတော့တယ်။

ပထမ အလုပ်စဆင်းတဲ့ရက်က အလုပ်များတတ်တဲ့ ထုံးစံအတိုင်း ဘေးအနီးအပါး ပတ်ဝန်းကျင်တွေကိုလည်း သတိမမူမိနိုင်လောက်အောင်ပါပဲ၊ ကျွန်မရဲ့ အလုပ်အသစ်က စတိုစာရင်းကိုင်မို့ တစ်နေကုန် ပစ္စည်းလာထုတ်သူတွေကို ပစ္စည်းထုတ်ပေးရ၊ လက်မှတ်ထိုးပေးရ၊ စတိုခန်းက လက်ကျန်တွေနဲ့ စာရင်းကိုက်မကိုက် တိုက်ဆိုင်စစ်ဆေးရနဲ့ တကယ်ကို အလုပ်များနေခဲ့တာပါ။ အလုပ်ခန်း အသစ်ရဲ့ အောက်သိုးသိုးအနံ့အသက်ကို ပျောက်အောင် လေသန့်ဆေးဗူး တစ်ဗူး ပက်ဖြန်းထားပေမယ့် အနံ့အနည်းငယ် ကျန်နေသေးတာကလွဲရင် အခန်းအနေအထားကို စိတ်တိုင်းကျတယ်လို့ ပြောလို့ရပါပြီ။ အလုပ်ပြန်ဖို့ နာရီဝက်အလို ညနေ ငါးနာရီဝန်းကျင်မှာမှ အလုပ်လက်စတွေကို သတ်လိုက်နိုင်တာမို့ ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်း သောက်လက်စ ကော်ဖီခွက်ဆီကို လက်လှမ်းလိုက်တယ်။ အဲဒီ့ခဏမှာပဲ ကျွန်မ မျက်လုံးတွေ ပိတ်ထားတဲ့ ပြူတင်းတံခါးဆီ ရောက်သွားပြီး တံခါးမဖွင့်မိပါကလားလို့ တွေးလိုက်မိတယ်။ ညနေစောင်းလေပြေနဲ့ ခရေရနံ့တွေဝင်လာကောင်းရဲ့ ဆိုတဲ့အတွေးနဲ့ ပြူတင်းတံခါးကို အသာအယာထလို့ ဖွင့်လိုက်တယ်။ မြင်ကွင်းထဲမှာ ခရေပင်တန်း၊ ဖွေးဖွေးလှုပ် ကြွေနေတဲ့ ခရေပွင့်တွေနဲ့ ဂဝံမြေနီလမ်း၊ နောက် ခရေပင်တစ်ပင်အောက်က ခုံတန်းအညို၊ နောက် အဲခုံတန်းပေါ်မှာ လူတစ်ယောက်။ ကျွန်မ ပြူတင်းတံခါးကို ဖွင့်သံကြားလို့ အဲဒီ့လူက ချာကနဲလှည့်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ မျက်နှာပြန်လွှဲသွားတယ်။ ကျွန်မကတော့ အံအားသင့်စွာနဲ့ ဒီမြင်ကွင်းကို ငေးကြည့်နေမိတော့တယ်။

အလုပ်စဝင်တဲ့ရက်ကနေ တစ်လတင်းတင်း ပြည့်တဲ့နေမှာ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ်၊ ညနေတိုင်း အလုပ်ဆင်းဖို့ ပစ္စည်းတွေ သိမ်းဆည်းတဲ့အခါ ပြူတင်းပေါက်ကတဆင့် မြင်နေရတတ်တဲ့ ခရေပန်းကောက်သူကို ထူးထူးခြားခြား စိတ်ဝင်စားတတ်နေပြီ။ အလုပ်စဆင်းတဲ့နေ့က စလို့ တစ်လပြည့်တဲ့အထိ ဆက်တိုက်ဆိုသလို ဆုံနေတတ်သလို ခရေပန်းကောက်သူရဲ့ လည်ပြန်အကြည့် တွေကလည်း တစ်ခဏဆိုတာထက် ဘယ်တော့မှ မပိုခဲ့ပါဘူး။ ဒါကိုပဲ ကျွန်မ တော်တော်အံသြနေခဲ့တာပါ။ တကယ်ဆို ဒီအလုပ်ကို စဝင်ကတည်းက အလုပ်က စတိုမန်နေဂျာအပါအဝင်၊ ဝန်ထမ်းတော်တော်များများရဲ့ ဂရုတစိုက်ကြည့်လာတဲ့ မျက်လုံးတွေကို သတိထားခဲ့မိတာကြာပါပြီ။ ဒါပေမယ့် သူတို့ရဲ အကြည့် တွေကို ကျော်လွန်ပြီး ဖတ်ကနဲ၊ တစ်ချက်ပဲ ကြည့်တတ်တဲ့ ခရေကောက်သူရဲ့ မျက်ဝန်းတစ်စုံကိုပဲ သတိထားနေမိခဲ့တယ်။ ရုံးခန်းပြူတင်းတံခါးကို ကျွီခနဲ မြည်အောင်ဖွင့်လိုက်တာနဲ့ တပြိုင်နက် ချိန်သားကိုက်ထားသလို ခရေပန်းကောက်သူက ကျွန်မကို ဖတ်ခနဲ လှည့်ကြည့်တတ်ပါတယ်။ အဲဒီ့နောက်မှာ တစ်ဖက်ကို လှည့်သွားပြီး ကောက်လက်စ ခရေပွင့်တွေကို ဆက်ကောက်နေခဲ့တယ်။ တစ်ခါတစ်လေမှာ ခရေပန်းကောက်သူဟာ ခုံတန်းအညိုပေါ်ထိုင်၊ ခရေပွင့်တွေကို သီနေတတ်သလို၊ တစ်ခါတစ်ရံမှာ လေအသုတ်နဲ့ ဝေ့ဝဲကျလာမယ့် အပင်ထက်က ခရေပွင့်တွေကို မော့လို့ မျှော်ကြည့်နေတတ်တယ်။ အဲ တစ်ခါတစ်ရံမှာတော့ ခုံတန်းညိုပေါ်မှာ ခပ်ငိုင်ငိုင်၊ ခပ်စင်းစင်း ထိုင်နေရင်း မြေပြင်ကို ကသိုဏ်းရှုသလို စိုက်ကြည့်နေတတ်ပြန်တယ်။ ဘယ်လို အနေအထားနဲ့ပဲ ဖြစ်ဖြစ် ကျွန်မ သူ့ကို ကြည့်နေတတ်တာကို သိသလိုနဲ့ တစ်ချက်မော့ကြည့်ပြီး အဲဒီ့မော့ကြည့်တဲ့ အကြည်တစ်ချက်ဟာ အဲဒီ့နေ့အတွက် ပထမဆုံးနဲ့ နောက်ဆုံးအကြည့်ပဲလို့ ဆိုရမလိုပါပဲ။

ဒီနေ့ ကျွန်မ အလုပ်လုပ်နေရင်းက သူ့ဖတ်ကနဲ လှမ်းကြည့်တဲ့ မျက်ဝန်းတစ်စုံကို အမှတ်မထင် မြင်ယောင်လိုက်မိတယ်၊ အလုပ်တွေ တထပ်ကြီးနဲ့ ရှုပ်နေတာမို့ ခဏအတွင်းမှာပဲ အဲမျက်ဝန်းတစ်စုံကို မေ့ပျောက်သွားပြန်တယ်၊ ဒီတစ်နေ့တာလုံး တံခါးရွက်ကို မနက်ရုံးတက်ကတည်းက ဖွင့်ထားပြီး ခရေပန်းကောက်သူ ရောက်လာမယ့်အချိန်ကို စောင့်ဖမ်းဖို့ ဆုံးဖြတ်ချက်ချထားလိုက်တယ်။ တကယ်က သူ့ကို စိတ်ဝင်စားတယ်ဆိုတာထက် သူ့ရဲ့ တစ်ချက်ပဲ ကြည့်တတ်တဲ့ အကျင့်ကို ပိုလို့သတိထားနေမိတာပါ။ အလုပ်ထဲ နစ်နေလို့ ရုတ်တရက် သင်းပျံ့လာတဲ့ ခရေပန်းရနံ့ကို ရတော့မှ အလန့်တကြား အသိဝင်လာပြီး ပြူတင်းပေါက်ဆီကို ကျွန်မလှမ်းကြည့်လိုက်မိတယ်။ ဘယ်အချိန်က ရောက်နှင့်နေတယ် မသိရတဲ့ ခရေပန်းကောက်သူရဲ့ အကြည့်မျက်ဝန်းတွေက စောင့်ကြိုလို့နေပါတယ်။ ကျွန်မရင်ထဲမှာ ရုတ်တရက် နွေးကနဲ ဖြစ်သွားပြီး လွှဲသွားမယ့် သူ့မျက်ဝန်းတွေကို မသိစိတ်က အထိတ်တလန့်တားဆီးနေမိတယ်။ ဒါပေမယ့် မရပါဘူး။ သူကတော့ သူ့ထုံးစံအတိုင်း အကြည့်လွှဲလို့ လက်ထဲက ကောက်ထားတဲ့ ခရေပွင့်တွေကိုပဲ ရေတွက်နေတော့တယ်။ အဲဒီ့ခဏမှာပဲ အလုပ်ဆင်းဖို့ ဆုံးဖြတ်လိုက်ပြီး လက်ပွေ့အိတ်ထဲကို ကျွန်မရဲ့ ပစ္စည်းပစ္စယတွေ သိမ်ကြံုးပစ်ထည့်၊ ပြီးတော့ အခန်းအပြင်ထွက်လို့ အလုပ်ခန်းတံခါးသော့ကို ခပ်သွက်သွက်ပိတ်ပစ်လိုက်တယ်။ ဂဝံလမ်းထက်ကို အပြေးတပိုင်းရောက်လာတဲ့ အခိုက်မှာတော့ ခရေပန်းကောက်သူ ရှိမနေတော့ပါဘူး။ ကျွန်မ အပါးက ဝေ့ကနဲဖြတ်သွားတဲ့ လေပြေမှာ ခရေရနံ့တွေ လိုက်ပါလို့လာတယ်။ သက်ပြင်းတစ်ခုကို မသိမသာချလို့ အိမ်ပြန်ဖို့ရာ ကားဂိတ်ဘက်ကိုပဲ ကျွန်မ လျှောက်လာနေမိတော့တယ်။

အဲ့ဒီ့နေ့ညက ကျွန်မ တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ အိပ်ယာထက်မှာ တလူးလူးတလိမ့်လိမ့်နဲ့ မျက်စိအစုံကို မှိတ်လိုက်ပေမယ့် ခရေကောက်သူရဲ့ ဟန်ပန်က အသိအာရုံထဲမှာ ပေါ်လာတယ်။ ကျွန်မ မှေးကနဲ အိပ်ပျော်သွားချိန်၊ အိပ်မက်ထဲမှာ ခရေပန်းကောက်သူဟာ အမြဲမြင်နေကျပုံစံ၊ ဝတ်နေကျအတိုင်း ခပ်နွမ်းနွမ်းဝတ်စုံတစ်ထည်နဲ့ လက်အစုံကို နောက်ပစ်လို့ ရောက်လာတော့တယ်။ ပြိုတော့မယ် မိုးလို ခပ်အုံ့အုံ့၊ ခပ်မှုန်မှုန် မျက်နှာထားနဲ့ ကျွန်မရှေ့မှာ သူ ရောက်နေတယ်။ ခရေပန်းကောက်သူက စကားတစ်စုံတစ်ရာ ပြောဖို့ ကြိုးစားနေခဲ့တယ်လို့ ထင်ရတယ်။ ဒါပေမယ့် ကျွန်မ ဘာစကားမှ သူ့ဆီက မကြားရပါဘူး။ ဒါပေမယ့် အဲဒီ့အချိန်မှာ ထူးထူးဆန်းဆန်း အနေနဲ့ ခရေပန်းကောက်သူက မျက်နှာမလွဲပဲ ကျွန်မကို ခပ်စိမ်းစိမ်း စိုက်ကြည့်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ နောက်ပစ်ထားတဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လို့ ခရေပန်းတွေနဲ့ ပြည့်နေတဲ့ သူ့လက်အစုံကို ကျွန်မဖက်ကို ထိုးပေးရင်း စကားတစ်ခွန်းဆိုလာတယ်၊ "ဒီပန်းတွေကို ခင်ဗျားယူလိုက်ပါ ...ခင်ဗျားအတွက် ကောက်ထားတာ ... ... ... "။ သူ့မျက်နှာမှာ အေးစက်စက် အပြုံးတစ်ခုက ခပ်ယောင်ယောင်ယှက်သန်းလာပြီး ရုတ်တရက် ကျွန်မမြင်ကွင်းထဲကနေ ပျောက်လွင့်သွားပါတော့တယ်။

"မနေ့ညက အိပ်ရေးမဝဘူးလား ... " အိပ်ရေးမဝတဲ့လို့ ချောင်ကျနေတဲ့ ကျွန်မ မျက်ဝန်းတွေကို မြင်တော့ စတိုမန်နေဂျာက မေးလာတယ်။ ကျွန်မ စကားမဆိုပဲ အသာအယာခေါင်းကို ညိတ်ပြလို့ မန်နေဂျာ့အမေးကို တုံပြန်လိုက်တယ်။ မန်နေဂျာရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတာမို့ ကျွန်မ စိတ်ထဲထင့်ခနဲ ဖြစ်သွားပြီး မန်နေဂျာကို ကြည့်လိုက်မိတယ်။ မန်နေဂျာက တစ်ခါမှ မကြည့်ဖူးတဲ့ ထူးဆန်းတဲ့အကြည့်တမျိုးနဲ့ ကျွန်မကို ကြည့်နေတာ မြင်လိုက်ရတယ်။ "ရှင် ကျွန်မကို ပြောစရာ တစ်ခုခု ရှိသလား?"။ မန်နေဂျာက ဘေးပတ်ဝန်းကျင်ကို အကဲခတ်သလို ကြည့်ရင်း ခေါင်းညိတ်ပြတယ်။ ပြီးတော့ ရုတ်တရက် ထသွားပြီး ခရေပင်တန်းကို လှမ်းမြင်နိုင်တဲ့ ပြူတင်းတံခါးကို ဆတ်ကနဲ လှမ်းပိတ်လိုက်တယ်။ "ခရေပင်တန်းနဲ့ ဂဝံမြေနီလမ်းကလေးက လှတယ်နော်..."။ မန်နေဂျာစကားက ထူးဆန်းတာမို့ တအံတသြနဲ့ သူ့ကို ကျွန်မငေးကြည့်နေမိတယ်။ အာခေါက်ထဲ ခြောက်ကပ်သလိုလို ဖြစ်လာတာမို့ ခပ်လှမ်းလှမ်း စားပွဲပေါ်က ကော်ဖီခွက်ကို ကျွန်မ လှမ်းယူလိုက်တယ်။

"မင်း အိပ်ရေးမဝတာ ငါသိပါတယ်၊ မင်း ခရေပန်းကောက်သူကို စိတ်ဝင်စားနေပြီမဟုတ်လား ... အိပ်ရေးမဝတာ သူ့ကြောင့် မဟုတ်လား... ?"။ "..... ..... ......" "ခွမ်း" တစ်စစီဖြစ်သွားတဲ့ ကြွေကော်ဖီခွက် အပိုင်းအစတွေက ရုံးခန်းအောက်ခြေ သံမံတလင်းပေါ်မှာ မြင်မကောင်းအောင် ပြန့်ကျဲသွားတယ်၊ မှင်သက်အံသြလွန်းတာမို့ ကြက်သေသေနေတဲ့ မျက်ဝန်းတွေနဲ့ မန်နေဂျာကို ကျွန်မ ငေးစိုက်ကြည့်နေမိတယ်။ "... ရှင် ... ရှင် .. ဘယ်လိုသိသလဲ၊ ရှင် ခရေပန်းကောက်သူကို သိတယ်ဟုတ်လား"။ မန်နေဂျာကတော့ ဘာမှ မထူးဆန်းသလို အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ဟက်ကနဲ ရယ်မောပစ်လိုက်တယ်။ "အင်း ငါသိတာပေါ့ ... ဒါပေမယ့် မင်းလိုတော့ မမြင်ရပါဘူး ..."။ ပြန်ကျဲနေတဲ့ ကော်ဖီခွက် အပိုင်းအစ တွေကို ကောက်ဖို့ စိတ်ကူးမရှိပဲ ကျွန်မ ခေါင်းထဲမှာ ဆက်တိုက်ဆိုသလို မေးခွန်းတွေ သီးထလို့လာတယ်။ "ရှင်ပြောတာ ကျွန်မ နားမလည်ဘူး ..."။ "ငါ ရှင်းပြပါ့မယ် ...ဒါပေမယ့် ငါ ရှင်းပြပြီးလို့ မင်း ဒီအကြောင်းကို သိသွားခဲ့ပြီးရင်တော့ မင်း ဒီအလုပ်ကနေ ထွက်ရပါလိမ့်မယ်၊ ဒါကလည်း မင်းအတွက်ပါ ..."။ အခန်းထဲက ဖန်ခွက်အကွဲအစတွေကို ရှင်းလင်းဖို့ သန့်ရှင်းရေးသမားရောက်လာချိန်မှာ ကျွန်မတို့ စကားစ ခဏ ပြတ်သွားတယ်။ ကျွန်မ စိတ်ထဲမှာ တရိပ်ရိပ်မူးနောက်လာနေသလို ခံစားရပြီး ခရေပန်းကောက်သူရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေကို အိပ်မက်ထဲကလို ပြန်မြင်ယောင်လာတယ်။ နားမလည်နိုင်ခြင်းများစွာနဲ့ ခရေပန်းကောက်သူဟာ ပဟေဠိပုစ္ဆာတစ်ခုလို တစ်စတစ်စ ဖြစ်တည်လာနေတယ်။ ပိတ်ထားတဲ့ တံခါးဝကို ကြည့်မိတော့ တစ်ဖက်မြင်ကွင်းမှာရှိနေမယ့် ခရေပင်တန်း၊ ခုံတန်းညိုနဲ့ ခရေပန်းကောက်သူ လူတစ်ယောက်ရဲ့ သဏ္ဍာန်ကို ကျွန်မစိတ်အာရုံမှာ မပီဝိုးတဝါး မြင်ယောင်နေတယ်။ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတဲ့အတွက် ကော်ဖီသောက်တာတွေများတာရယ်ကြောင့် လို့ကျွန်မကိုယ် ကျွန်မ ဖြေတွေးလိုက်တယ်။ "ခရေပန်းကောက်သူ ... ခင်ဗျား ဘယ်သူလဲ ... "။

"လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က အခု မင်းလုပ်နေတဲ့ ရုံးခန်းမှာ စတိုမန်နေဂျာတစ်ယောက် ရုံးထိုင်ခဲ့ဖူးတယ်၊ သူက အခု မင်းရဲ့ အလုပ်ရှင်စက်ရုံပိုင်ရှင်ရဲ့ သားတစ်ယောက်ဖြစ်ခဲ့တာပေါ့၊ သူ့မှာ စတိုစာရေးမလေး တစ်ယောက်ရှိတယ်၊ သူ့ရဲ့ လက်ထောက်ပေါ့ကွာ၊ အခု မင်းလုပ်နေတဲ့ ရာထူးနေရာပေါ့ ... " မန်နေဂျာက ပြောလက်စ စကားကို ရပ်ထားလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်၊ မီးညှိဖွာရှိုက်လိုက်တယ်၊ ကျွန်မ စိတ်ထဲမှာ မန်နေဂျာဟာလည်း စိတ်ခံစားမှုတစ်ခုရဲ့ ဖိအားကြောင့် စိတ်လှုပ်ရှားနေပုံရတယ်လို့ ခံစားနေရတယ်။ သူက ဆက်ပြောတယ် "သူ့အဖေ သူဋ္ဌေးက ဒါကို သိတော့ သဘောမတူနိုင်ဘူး၊ ဒီလိုသဘောမတူနိုင်တဲ့ကြားကပဲ သူ့သားနဲ့ စာရေးမလေးတို့ရဲ့ သံယောဇဉ်က တဖြည်းဖြည်း ခိုင်မြဲလာတယ်၊ ဒါကို ရပ်တန့်ဖို့ သူ့အဖေ သူဋ္ဌေးက စာရေးမလေးကို ထုတ်ပစ်ဖို့ အဆင့်ထိ တိတ်တဆိတ် ကြံစည်လာတယ်၊ သားဖြစ်သူက လုံးလုံးမသိခဲ့ရှာဘူး၊ ဒီလိုနဲ့ တစ်နေ့မှာ အဖေလုပ်တဲ့သူဋ္ဌေးက သူ့သားနဲ့ သဘောမတူနိုင်ကြောင်း ပြတ်ပြတ်သားသားပြောပြပြီး အလုပ်ကနေ နှုတ်ထွက်သွားဖို့ တိုက်တွန်းခဲ့တယ်၊ စတိုစာရင်းကိုင် ကောင်မလေးကလည်း သူချစ်သူကို ချစ်ပေမယ့် သူချစ်သူဘဝကောင်းစားဖို့ အလုပ်ကနေနှုတ်ထွက်ဖို့ ကတိပေးလိုက်တယ်၊ အဲလိုနဲ့ နှုတ်ထွက်ရမယ့်နေ့မှာ စတိုစာရင်းကိုင် ကောင်မလေးက ချစ်သူကို ခရေပင်တန်းမှာ ကြွေကျနေတဲ့ ခရေပန်းတွေကို ကောက်ပေးဖို့ တောင်းဆိုခဲ့တယ်၊ သားလုပ်တဲ့သူက စာရေးမလေးကိုပေးဖို့ ခရေပင်တန်းဆီ သွားပြီး ခရေပန်းကောက််နေခဲ့တယ်။ အဲအချိန်မှာ လေပြင်းတွေ တိုက်လာပြီး ခရေပန်းတွေ တဖြောဖြောကြွေကျနေတာမို့ ခရေပန်းကောက်ဖို့ အပြင်ကို ထွက်သွားခဲ့တာလည်း ပါတယ်..." မန်နေဂျာစကားကို နားထောင်နေမိတဲ့ ကျွန်မရဲ့ စိတ်အာရုံမှာ ခရေပန်းကောက်သူရဲ့ ဖတ်ကနဲ ကြည့်လိုက်တဲ့ အကြည့်ကို မြင်ယောင်လာပြီး ကျောရိုးထဲမှာ စိမ့်သွားသလို ခံစားလိုက်ရတယ်။

"သူ့ချစ်သူ ခရေပန်းကောက်နေတာကို အခု ပြူတင်းတံခါးကနေ စတိုစာရေးကောင်မလေး ကြည့်နေခဲ့တယ် ... လေတွေတအားတိုက်နေတာမို့ သူ့ဆီ ပြန်လာခဲ့တော့လို့ အော်ပြောလိုက်တဲ့အခါ သူက တစ်ချက် လှမ်းကြည့်လိုက်တယ်၊ အဲဒီ့အချိန်မှာ လေပြင်းကြောင့် ကျိုးကျလာတဲ့ ခရေကိုင်းကြီးတစ်ကိုင်းက သူ့ချစ်သူအပေါ်ကို အရှိန်နဲ့ ပိကျလာတယ်၊ အဲအချိန်နဲ့ တစ်ပြိုင်နက်မှာ အခု ငါတို့မြင်နေရတဲ့ ပြူတင်းတံခါးက လေပြင်းအရှိန်နဲ့ ရုတ်တရက် ပိတ်သွားပြီး သူ့ချစ်သူသစ်ကိုင်းပိပြီး သေဆုံးသွားရတာကို စာရေးမလေး မမြင်လိုက်ရရှာဘူး ..."။ "..... အို ... ဘုရားရေ ... ဒါဆို ခရေပန်းကောက်သူဟာ...." ကျွန်မတစ်ကိုယ်လုံးတုန်ခါပြီး အံအားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့က တစ်ပြိုင်တည်း အသွေးအသား၊ ရိုးတွင်းချဉ်ဆီထိ စိမ့်ဝင်စီးဆင်းသွားတယ်။ စကားသံတွေကလည်း မပီသ ထစ်ငေါ့လို့၊ ဖျတ်ကနဲပေါ်လာတဲ့ မျက်လုံးစိမ်းစိမ်းတွေက ရုတ်တရက် ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားပြန်တယ် ... ။ "ဝုန်း ... ဒုန်းဒုန်း" ပိတ်ထားတဲ့ တံခါးဝဆီက လူတစ်ယောက် ခပ်ပြင်းပြင်းထုလိုက်သလို တုန်ခါမှုမျိုးနဲ့ အသံတစ်ချို့ကို မန်နေဂျာရော၊ ကျွန်မပါ ကြားလိုက်ရတယ်။ "ဟုတ်တယ် ... အဲဒါပဲ ... မင်း အလုပ်စဝင်တော့ ငါတို့မင်းကို တစ်ခုသတိပေးလိုက်ဖို့ မေ့သွားတယ်၊ ချက်ချင်းပဲ သတိပေးဖို့ ပြန်လာတော့ မင်းက ဒီပြူတင်းတံခါးကို ဖွင့်ထားပြီးနေပြီ ... မင်းအရင် လုပ်ခဲ့ဖူးတဲ့ စတိုစာရင်းကိုင်တွေကိုလည်း ငါတို့ အမြဲမှာခဲ့တယ်၊ ဒီပြူတင်းတံခါးကို မဖွင့်ဖို့ပေါ့ ... " ရုတ်ခနဲ မွေးလာတဲ့ ခရေပန်းရနံ့ကို ကျွန်မရလိုက်တယ်၊ အရင်က တရှိုက်မက်မက်နဲ့ ခံစားတတ်ခဲ့တဲ့ ဒီခရေပန်းရနံ့မှာ ခပ်စို့စို့ အနံတစ်ခု ပါဝင်လာသလို ကျွန်မ ခံစားလိုက်ရတယ်၊ ဒီအလုပ်ခန်းတံခါးကို စဖွင့်တဲ့အချိန်က ရခဲ့တဲ့ အောက်သိုးသိုးအနံ့တစ်ခု၊ ဟုတ်တယ် အဲဒီ့အနံ့ပါပဲ။

"ဒီပန်းတွေကို ခင်ဗျားယူလိုက်ပါ ...ခင်ဗျားအတွက် ကောက်ထားတာ ... ... ... " ခပ်တိုးတိုးကပ်ပြောလိုက်တဲ့ စကားသံတစ်ခု နားထဲမှာ ဆတ်ကနဲ ကြားလိုက်ရတယ်၊ ခရေပန်းကောက်သူရဲ့ အသံ၊ အိပ်မက်ထဲက အသံနဲ့ တစ်ထပ်တည်းပါပဲ၊ ရုတ်တရက် စို့တက်လာတဲ့ ဇောချွေးတွေနဲ့ တဒင်္ဂသာသာလေး အဲဒီ့ခဏမှာပဲ ကျွန်မ အသက်ရှုရပ်သွားတယ်၊ အခန်းထဲမှာ မန်နေဂျာ ရှိမနေတော့ပါဘူး။ နှုတ်ထွက်သဘောတူလက်မှတ်ရေးထိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သွားယူနေခဲ့တာပါ။ တစ်အောင့် အကြာမှာ အလုပ်ရှင်သူဋ္ဌေးနဲ့အတူ မန်နေဂျာ ပြန်ဝင်လာတာကို ကျွန်မ မြင်ရတယ်။ သူဋ္ဌေးက မျက်နှာမကောင်းစွာနဲ့ ကျွန်မကို စာရွက်တစ်ရွက်လှမ်း ပေးလိုက်တယ်၊ သူကမ်းပေးလိုက်တဲ့ စာရွက်ကို ခပ်အေးအေးပဲ ကျွန်မဆွဲယူလိုက်ပြီး လက်မှတ်ထိုးပေးလိုက်တယ်။ ဘေးလွယ်အိတ်ထဲကို သိမ်းဆည်းထားပြီးတဲ့ ပစ္စည်းပစ္စယတွေကို စုထည့်လိုက်ပြီး ပြန်ဖို့ရာအတွက် ထိုင်ရာကနေ ကျွန်မ ထလိုက်တယ်။ စက်ရုံသူဋ္ဌေးက ကျွန်မကို ကားဂိတ်အထိ သူ့ကားနဲ့ လိုက်ပို့ပေးတယ်။ "သမီးကို အလုပ်ထုတ်လိုက်ရတာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် သမီးအတွက်ပါ၊ အန်ကယ်တို့ အဲဒီ့ရုံးခန်းရဲ့ ပြူတင်းတံခါးဟာ ကျိန်စာမိနေသလိုပါပဲ၊ ဖွင့်ကြည့်မိတဲ့သူဟာ မကျွတ်မလွတ်သေးတဲ့ အန့်ကယ့်သားရဲ့ ခရေပန်းကောက်နေတဲ့ ပုံရိပ်တွေကို ညနေတိုင်းမှာ မြင်နေရလေ့ရှိပြီး အဲလို မြင်အပြီး တစ်လအကြာမှာ သေဆုံးသွားတတ်တယ်၊ ဒါကြောင့် အဲဒီ့တံခါးကို ပိတ်ထားခဲ့ပြီး ဖွင့်မကြည့်မိဖို့ အမြဲမှာကြားခဲ့တယ်၊ သားရဲ့ ချစ်သူ ကောင်မလေးဟာလည်း တစ်လကြာတော့ သေဆုံးသွားခဲ့ပြန်တယ် ... ဘာကြောင့်လဲဆိုတာတော့ အန်ကယ်တို့ အခုချိန်ထိမသိရသေးပါဘူး ... "

အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ရင်း ကျွန်မ လမ်းလျှောက်လာမိတယ်၊ တည့်တည့်လျှောက်လာတဲ့ လမ်းကို မမြင်မိပဲ ခရေပန်းကောက်သူရဲ့ မျက်ဝန်းညိုညိုတွေကိုပဲ မြင်ယောင်နေမိတယ်၊ အိပ်မက်ထဲရောက်လာတဲ့ ခရေပန်းကောက်သူရဲ့ ဟန်ပန်က ဂရုဏာသက်စရာ ကောင်းလှတယ်လို့ ကျွန်မ ယုံကြည်နေတယ်လေ၊ လက်ခုပ်ထဲက ခရေပန်းတစ်ဆုပ်ကို ချစ်သူကို ပေးဖို့ သူ ဘယ်ကမ္ဘာအထိကြိုးစားနေဦးမှာလဲ၊ ဖျတ်ကနဲ ကြည့်လိုက်တဲ့ ခဏမှာ ကွယ်သွားမယ့် တံခါးရွက်နဲ့၊ လေပြင်းနဲ့အတူ စီးမျောပြိုကျလာမယ့် သစ်ကိုင်းသစ်ခက်ကြီးက သူ့ တစ်သက်တာလုံးအတွက် ခါးသက်နေတော့မှာပဲလို့ ကျွန်မတွေးနေမိတယ်၊ တစ်ဖက်လမ်းမကို ကူးဖို့ ထူထပ်နေတဲ့ ကားအသွားအလာကို ကြည့်ရင်း ရုတ်တရက်ဆိုသလို အနားမှာ တီးတိုးကပ်ပြောသံလိုလို အသံတစ်ခုကို ကျွန်မ ကြားလိုက်တယ်။ "ကိုယ်ပေးတဲ့ ခရေတစ်ဆုပ်ကို လက်ခံလို့ ကျေးဇူးအမြဲတင်နေပါတယ်"...။ ဖုံနံ့၊ ဓါတ်ဆီနံ့တွေနဲ့ ရောပြွန်းနေတဲ့ လေထုထဲမှာ ရုတ်တရက် ခရေပန်းရနံ့တစ်ခုက ထောင်းခနဲဆိုသလို ကျွန်မ အနံခံအာရုံထဲကို ဝင်ရောက်လာတယ်၊ ကျွန်မ လက်ပွေ့အိတ်ထဲမှာတော့ ဘယ်အချိန်က ရောက်နေမှန်း ကျွန်မကိုယ်တိုင် မသိလိုက်ရတဲ့ ခရေပန်းတစ်ဆုပ်က အဖွေးသား ရှိနေတယ်။ ကျယ်ကျယ်လောင်လောင်တီးလိုက်တဲ့ ဟွန်းသံရှည်ကြီးတစ်ချက်နဲ့ ကျွန်မနားကို အရှိန်ပြင်းပြင်းနဲ့ ချဉ်းနင်းဝင်ရောက်လာတဲ့ အရာဝတ္ထုကို ကျွန်မ မြင်လိုက်ခြင်းဟာ အသိစိတ်ရဲ့ နောက်ဆုံးပါပဲ ... ။

ဆတ်ကနဲတွန်းဖွင့်လိုက်လို့ ဆီမရှိတာကြာလို့ သံချေးအထပ်ထပ်ထနေတဲ့ ပတ္တာတွေဆီက တကျွီကျွီ အသံထွက်ပေါ်လာတာ ကျွန်မကြားရတယ်၊ မျှော်လင့်တကြီး တွန်းဖွင့်လိုက်လို့ ဟန်ချက်ပျက်သွားတဲ့ ကျွန်မ၊ ကိုယ့်ကိုကိုယ်ထိန်းရင်း ခရေပင်တန်းစီကို အလောတကောကြည့်လိုက်မိတယ်၊ အီထလို့နေတဲ့ ခရေပန်းရနံ့နဲ့ အတူရှိနေတဲ့ ခရေပန်းကောက်သူဟာ ကျွန်မဖက်ကို သမင်လည်ပြန် လှမ်းလို့ကြည့်နေလေရဲ့၊ ကျွန်မ သူ့ကို ပြံုးပြလိုက်တော့ သူကလည်း ပြန်ပြံုးပြလာတယ်၊ ရင်ထဲမှာ နွေးသွားသလိုခံစားလိုက်ပြီး တပြိုင်နက်မှာပဲ ရုတ်တရက် လွှဲသွားမယ့် သူ့မျက်ဝန်းတွေကို မသိစိတ်က အထိတ်တလန့်တားဆီးနေမိတယ်၊ ဒါပေမယ့် ကျွန်မ ထင်သလို သူ မျက်နှာမလွှဲသွားခဲ့ပါဘူး။ ခရေပန်းကောက်သူက ကျွန်မအနားကို တရွေ့ရွေ့တိုးကပ်လာရင်း သူ့လက်ထဲက ခရေပန်းဖြူဖြူတစ်ဆုပ်ကို ထိုးပေးလိုက်တယ်။ ခရေပန်းကောက်သူရဲ့ အကြည့်စိမ်းစိမ်းတွေကို မမှိတ်မသုံကြည့်ရင်း သူ ကမ်းပေးလာတဲ့ ခရေပန်းတစ်ပွေ့ကို ကျွန်မ လက်ခုပ်ထဲ ခံယူလိုက်တယ်။ "နောက်ဆုံး အချိန်မှာ ဒီပြူတင်းတံခါးကို ဖွင့်ကြည့်ခဲ့တာဟာ ကျွန်မရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ"။

ခရေပင်တန်းဟာ ရုတ်တရက် မှောင်အတိကျသွားပြီး အရာရာတိတ်ဆိတ်သွားခဲ့တယ်၊ ခရေပင်တန်းထဲက ခရေပင်တစ်ပင်အောက်မှာ ရှိနေတဲ့ ခုံတန်းအညိုတစ်ခုပေါ်မှာ ခပ်ဖြူဖြူ ခပ်လွှလွှ ပုံရိပ်နှစ်ခုက အတူပူးတွဲ ရှိနေခဲ့တယ်။ ဒီမြင်ကွင်းကို မြင်တွေ့နိုင်ဖို့ဆိုရင် နှစ်ရှည်လများ မဖွင့်ပဲ ပိတ်ထားတဲ့ စတိုရုံးခန်းတစ်ခုထဲက သံချေးအထပ်ထပ်ထနေတဲ့ ပြူတင်းတံခါးတစ်ချပ်ကို ခက်ခက်ခဲခဲနဲ့ ဖွင့်ကြည့်ဖို့လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ် ... ။ ။


အိပ်မက်ရှင်
Photo From: csmonitor.com

No comments:

Post a Comment

Notice -
Written in Myanmar3 unicode font. If you want to know with about unicode font download and installation, please click here for more informations.