Notice -

Written in Myanmar3 unicode font. If you want to know about the unicode download and installation, please click on here for more detail informations.

Tuesday, February 15, 2011

သံသယစိတ်

Photobucket

သံသယစိတ်

လူတစ်ဦးတစ်ယောက်အပေါ်မှာ ကိုယ်ထင်ထားသလို၊ ကိုယ်ယုံကြည်ထားသလို၊ ကိုယ်မျှော်လင့်ထားသလို ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးမိတဲ့စိတ်က သံသယစိတ်လို့ ဆိုချင်ပါတယ်၊ လူတွေမှာ သံသယစိတ်ဝင်လာတတ်ခြင်းနဲ့ ပတ်သက်လို့ လူတိုင်းလိုလို ခံစားဖူးကြမှာပါ၊ အဲ့ဒီ့စိတ်က နယ်ပယ်အစုံမှာ ရှိနိုင်ပါတယ် သူငယ်ချင်း၊ မိတ်ဆွေတွေမှာ ရှိနိုင်တယ်၊ ချစ်သူစုံတွဲတွေနောက် လင်မယားတွေအကြားမှာလည်း သံသယစိတ်တွေ ဝင်လာနိုင်ပါတယ်၊ သူငယ်ချင်း တစ်ယောက်ကတော့ အခုလို ပြောပါတယ်၊ "သံသယ ဆိုတာ လက်လွတ်ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်ကမွေးဖွားလာတာ" တဲ့။ သူက အကောင်းဘက်ကနေ သံသယကို မြင်ပြီးတော့ ပြောတာပါ။ ကျွန်တော့်အမြင်ပြောရရင် သံသယဝင်ခြင်းဟာ နားလည်မှုလွဲချော်ရာက စတင်လာတယ်လို့ ယူဆချင်ပါတယ်။

သံသယလို့ ဆိုလိုက်ရင် လူအတော်များများက အကောင်းမမြင်နိုင်ကြပါဘူး။ ဒါကလည်း ဟုတ်ပါတယ်။ သံသယစိတ်ဝင်ရောက်လာပြီးရင် အဆုံးသတ်တွေက ဘယ်တော့မှ လှလှပပနဲ့ အဆုံးသတ်သွားခဲ့တယ်ဆိုတာမရှိပါဘူး။ တကယ့်ကို ပူလောင်စေတဲ့ သံသယစိတ်ပါပဲ၊ ထိတွေ့ဆက်ဆံမှု၊ နွေးထွေးမှု၊ လေးစားမြတ်နိုးမှုနဲ့ ယုံကြည်စိတ်ချမှုတွေကို အက်ကြောင်းထအောင် လုပ်တတ်တာလည်း သံသယစိတ်ပါပဲ၊ လူ့ဘဝတွေထဲက သူငယ်ချင်း၊ မိတ်ဆွေသံယောဇဉ်၊ ချစ်သူစုံတွဲသံယောဇဉ်၊ လင်မယားသံယောဇဉ်တွေက တော်ရုံတန်ရုံ ဖြတ်တောက်မရနိုင်ဘူးရယ်လို့ ယုံကြည်ထားတတ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်တွေဆိုတာ ဘယ်လောက်ပဲ ခိုင်မြဲ၊ ခိုင်မြဲ၊ အဲ့ဒီ့သံယောဇဉ်ကြားထဲကို သံသယ ဆိုတဲ့ အရာက ဝင်ရောက် လောင်ကျွမ်းလာရင် ဖြတ်မရတဲ့ သံယောဇဉ်လည်း အလကားပါပဲ ...။

သံသယဝင်ရောက်ခြင်းအပေါ်မှာ ကာကွယ်တားဆည်းနိုင်မယ့် အရာကတော့ အကြွင်းမဲ့ ယုံကြည်ခြင်းပါ။ သို့ပေမယ့်လည်း အကြွင်းမဲ့ ယုံကြည်ခြင်းမှာ အကန့်အသတ်တွေ ရှိနေပြန်သေးတော့ သံယယဆိုတာ ဝင်လာဖို့ ယိုပေါက်တွေ ရှိနေပါသေးတယ်လို့ ယူဆနိုင်ပါတယ်။ လူသားတွေရဲ့ စိတ်သဏ္ဍာန်မှာ အတ္တစိတ်တွေရှိနေသရွေ့တော့ ချစ်ခြင်း၊ မုန်းခြင်း၊ သံသယဝင်ခြင်း စတာတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြဦးမှာပါ။ လူတစ်ဦးတစ်ယောက်အပေါ် ထားမိတဲ့ သံသယတွေကြားက လွတ်မြောက်နိုင်ဖို့ တစ်ဦးနဲ့တစ်ဦး လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံမှုတွေကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ထားရမယ်လို့ စဉ်းစားမိပါတယ်၊ မိမိရဲ့ လုပ်ရပ်တွေအပေါ်မှာ တစ်ဖက်လူက သံသယထားမိတဲ့ အဖြစ်တွေ လျှော့ချဖို့ အတတ်နိုင်ဆုံး ရိုးသားမှုကို ထူထောင်ဖို့ လိုအပ်တယ်လို့ တွေးမိပါတယ်၊ လုံးဝမယုံကြည်ခြင်းနဲ့ အကြွင်းမဲ့ ယုံကြည်ခြင်းတို့ အကြားထဲက ချိန်ခွင်လျှာကို ထိန်းညှိ နိုင်ခြင်းအားဖြင့် သံသယစိတ်ကို ထိန်းချုပ်ကွပ်ကဲ နိုင်မယ်လို့ မျှော်လင့်မိပါတယ်၊ အလျှံတညီးညီးနဲ့တောက်လောင်နေတဲ့ မီးတောက်တွေ လောင်မြိုက်လို့ လောင်ကျွမ်းပျက်စီးသွားခဲ့ရင် ပြာဆိုတာ ကျန်ရစ်နိုင်ပေမယ့်၊ သံသယမီးလောင်ကျွမ်းခံရလို့ ပျက်စီးရရင် ပြာမှုံတောင်မကျန်ပဲ အရာရာက အလုံးစုံပျက်စီးဆုံးရှုံးသွားနိုင်ပါကြောင်း ... ။

သံသယမီး လောင်ကျွမ်းခံရခြင်းမှ ထာဝရကင်းလွတ်ပါစေ ...


အိပ်မက်ရှင်
Photo From: http://www.freefoto.com

Tuesday, February 8, 2011

စာခြောက်ရုပ်

Photobucket

စာခြောက်ရုပ်


အဖော်မဲ့တေးဆိုမယ့်သူ ... လာပါ
ငါ့ ဟင်းလင်းပြင်ကြီးထဲမှာ ငါနဲ့ ငါသာအဖော်
ငါ့ လက်တွေလည်း မပိုက်ခဲ့
ငါ့ ခေါင်းဟာလည်း မစိုက်ခဲ့
ခြေတစ်ချောင်းနဲ့ ရပ်နေတိုင်းလည်း ...
ဖြူဖွေးညွှတ်ကိုင်း
ဆည်ဝက ဗျိုင်း မဟုတ်ခဲ့ ... ။

ပိုက်ထွေးဖို့ ဆန့်ထားတဲ့ လက်အစုံကြားက
ကောက်ရိုးနဲ့ သီတဲ့ ငါ့ နှလုံးသားမှာ
ဘဝင်ကြွမယ့် ဗျောဂီတတွေ ရှိတယ် ...
စိမ်းလဲ့သန့်စင်တဲ့ ပျိုးခင်းပျိုတွေ ရှိတယ် ...
မည်းညစ်ညိုမွဲ ရွာစည်းရိုးကျဲကျဲတွေ ရှိတယ် ...
ဟောဟိုက ပြာလွင်တဲ့ ကောင်းကင်ပြင်ကျယ် ရှိတယ် ...
ရွာဦးကျောင်းက တုံးမောင်းသံ အိုဟောင်းဟောင်းတွေ ရှိတယ် ...
ဝေလီဝေလင်း မိုးမလင်းခင်ထတွန်တတ်တဲ့ လင်းကြက်နှိုးစက်တွေ ရှိတယ် ...
မကျည်းပင်ခပ်စောင်းစောင်းအောက်က ပြစ်ချိုနွဲ့နှောင်းတဲ့ နွားကျောင်းသားရဲ့ ပလွေသံရှိတယ် ...
ရထားဖြတ်တိုင်း ဆူညံဟစ်ကြွေးလို့လိုက်မယ့် ကလေးတစ်သိုက်ရှိတယ် ...
ထန်းပင်ရိပ်ဆိုင်း နေညိုချိန်တိုင်းမှာ မြူအိုးခတ်ထိသံလှိုင်းတွေ ရှိတယ် ...
လယ်ထဲ ငုတ်တုတ်ဖွဲ့ထိုင် ဓနိဦးထုပ်စတိုင်နဲ့ တဲစုတ်တွေ ရှိတယ် ...
မိုးရေတွေ စီးဝင်မျောမယ့် မြေကြီးရဲ့ သွေးပြန်ကြောတွေ ရှိတယ် ...
သနပ်ခါးဘဲကြားအလှ ကောက်စိုက်ပျိုသမတွေ ရှိတယ် ...
ထမင်းအိုးရွက်ထမ်း အိမ်ရှင်မခြေလှမ်းတွေ ရှိတယ် ...
ဂျိုကုတ်၊ ဂျိုထောင်နဲ့ တံစဉ်ဆောင် ဦးကြီးတွေ ရှိတယ် ...
ပကျီပကျီဟစ်သီတဲ့ ငါ့ကို မကြိုက် စာတစ်သိုက်လည်း ရှိတယ် ...
အဲဒီ့အရာတွေကို ခင်တွယ်အားကိုး မြတ်နိုးလို့နေတဲ့
ငါ တစ်ယောက်လည်း ... ရှိတယ်် ။

အိုးအခွံတစ်လုံးနဲ့ ဖုံးအုပ်ခဲ့ ဦးနှောက်က ငါ့ အသိတွေ
အရှိတွေလို ဖြစ်ရဲ့
ငါ ဒီမှာ ပြောပစ်ခဲ့မယ် ...
ဗျောဂီတနဲ့လည်း ငါ သီက ခဲ့ဖူးတယ်
လင်းကြက်တွေကိုလည်း နှင်းစက်တွေအကြား ငါ နှိုးခဲ့ဖူးတယ် ....
ပျိုးခင်းပျို ရင့်မှည့်ချိန်ဆိုလည်း ငါ ကြိုခဲ့ဖူးတယ် ...
ရွာစည်းရိုးကျဲကျဲမှာ ငါ ခြေရိုးတွေဟာလည်း စွဲခဲ့ဖူးတယ် ...
ကောင်းကင်ပြင်ယံမှာ ငါ အသက်ရှုသံလည်း မြန်ခဲ့ဖူးတယ် ...
တုံးမောင်းသံကြားတိုင်း ငါ့မနက်ရိုင်းတွေမှာ ထုံထိုင်းစွာနဲ့ ထခဲ့ဖူးတယ် ...
မကျည်းပင်အောက်က ပုလွေတေးနဲ့ ငါ့လွမ်းရေးတွေလည်း ဆိုခဲ့ဖူးတယ် ...
ရထားပြေးလိုက် အဲဒီ့ ကလေးတစ်သိုက်ကိုလည်း မာန်ခဲ့ဖူးတယ် ...
ကောက်စိုက်ပျိုမ သနပ်ခါးဘဲကြားအလှကိုလည်း ငမ်းခဲ့ဖူးတယ် ...
ထွန်တုံးလယ်ချ ဂျိုထောင်ဂျိုကုတ်ဘဝကိုလည်း စာ ခဲ့ဖူးတယ် ...
မိုးရေစီးဆင်း ရေနှုတ်ဘောင်ကသင်းမှာလည်း ရပ်ခဲ့ဖူးတယ် ...
ငါ့ရဲ့ ရန်သူ စာဖြူဖြူတွေကိုလည်း ဟောက်ခဲ့ဖူးတယ် ...
မြူအိုးသံမြိုင် ပင်ကျရည်လှိုင်လှိုင်နဲ့လည်း စွဲ ခဲ့ဖူးတယ် ...
ဓနိဦးထုပ် ငါ့အဖော်တဲစုတ်တွေနဲ့လည်း ငြင်းခဲ့ဖူးတယ် ...
အိုးရွက်တောင်းချ ထမင်းဝိုင်းအစမှာလည်း ပါခဲ့ဖူးတယ် ... ။

အခုတော့ ငါ ...
ဇရာ ဓါးသွားထိ ... ခြေတစ်ချောင်းရှိတာ ကျိုး
ငါ့နေရာကို ငါ့လို အစားထိုးခဲ့
ငါ နားလည်နေရဲ့လေ ...
(တကယ်တော့)
နှင်းပန်းတစ်ပွင့်လို သင်္ခ ါရဟာလဲ ...
အတိုင်းအဆမရှိ ကြွေလွယ် ပျက်လွယ် ...။

ဒီမှာဟေ့ ... ငါဆိုတဲ့ကောင်ရဲ့ဘဝမှာ
ပျက်သုန်းကြေမွ စုန်းစုန်းမြုပ် မြေခရင်တောင်
ငါ့ကိုယ်ငါ ... ပုခုံးပုတ်
ဂုဏ်ယူဖို့ လုပ်နေမယ့်ကောင် ... ။ ။



အိမ်မက်ရှင်

မှတ်ချက် . ဒီကဗျာလေးကို ၃ ရက် ဒီဇင်ဘာ ၂၀၀၈ တုန်းက ရေးခဲ့တာပါ ၊ ကျွန်တော့် အနှစ်သက်ဆုံး ကဗျာလေးတွေရဲ့ ထိပ်မှာ ရှိတဲ့ ကဗျာလေး တစ်ပုဒ်ပေါ့ ဗျာ ... ။

Thursday, February 3, 2011

ဇီးကွက်တစ်ကောင်၏ အဖော်လုပ်ခြင်း

Photobucket

ဇီးကွက်တစ်ကောင်၏ အဖော်လုပ်ခြင်း


ည တိုင်းညတိုင်း သူ စောစော အိပ်တတ်တာကို ကျွန်တော်သိနေမိတယ် ... ။

ကျွန်တော် သူကို သတိထားနေမိတာ တော်တော် ကြာပြီ။ အရင်က သူ ဒီအချိန်လောက်ဆို အိပ်ပျော် နေတတ်တာ၊ အခုတော့ ခပ်ကျဲကျဲ မီးရောင်ထဲ သူ့ကို ငုတ်တုတ်မြင်နေခဲ့တာဟာ ဒီတစ်ညတည်း မကတော့ ... ။ အရင်ကဆို ကျွန်တော်အတွက် အာရုဏ်တက် (သူ့အတွက်တော့ ညဦးပိုင်း အချိန်တွေပေါ့) ဆိုရင် သူက အိပ်စက်ဖို့ ပြင်ဆင်နေတတ်သူလေ။ ပထမတော့ ကျွန်တော်လည်း သတိမထားမိခဲ့ပါဘူး။ သူ့အခန်းဆီက မီးရောင်က ကျွန်တော် မနက်စာ စားအပြီးလောက်ဆို ပိတ်ပြီး သူ အိပ်စက်နေတတ်ပြီလေ။ အခုတော့ ကျွန်တော် ကိုယ်လက်လှုပ်ရှားမှုပြုတဲ့အချိန်ထိအောင် သူ မအိပ်စက်သေးဘူး။ ဒါအပြင် အရင်က မကြားဖူးတဲ့ သူ့ရဲ့ သက်ပြင်းချသံတွေကိုလည်း ကျွန်တော် အမှတ်မထင်ကြားလာနေရတယ်။ သူ့ကို ကျွန်တော် အရင်ကထက်တော့ ပိုပြီးသတိပြုမိခဲ့ခြင်းရဲ့ အစပေါ့ ... ။

သူ့အခန်းက ဒီယူကလစ်ပင်ကြီးရဲ့ ညာဘက်ကိုင်း ခပ်ကြီးကြီးအောက်မှာ ရှိတာမို့ ကျွန်တော် တံခါးဝနဲ့ဆို တန်းကနဲမြင်နိုင်လောက်တဲ့နေရာမှာပေါ့။ အရင်က အဲအခန်းလေးမှာ ဘယ်သူမှ မနေပဲ သော့ခတ်ထားတတ်ပြီး မှောင်အတိကျနေတဲ့ မြင်ကွင်းက ကျွန်တော့်အတွက် အသားကျနေတတ်ခဲ့တာ။ သိပ်မကြာခင်မှာပဲ သူ ဒီအခန်းလေးထဲကို ရောက်လာခဲ့တာ။ အစကတော့ သူရဲ့ နိုးထချိန်၊ လှုပ်ရှားသွားလာချိန်တွေဟာ ကျွန်တော့်ရဲ့ အိပ်စက်ချိန်တွေဖြစ်နေခဲ့တယ်လေ။ ဒါပေမယ့် သူကို ကျွန်တော်သတိထားမိခဲ့တာက ကျွန်တော့် အိမ်သစ်ခေါင်းပေါက်ရဲ့အောက်တည့်တည့်မှာ သူ လာရပ်ပြီး ဖုန်းပြောနေခဲ့တဲ့ တစ်ညပေါ့၊ အဲတုန်းက ဖုန်းထဲက တစ်ဖက်လူကို ပြောပြနေတဲ့ သူ့ရဲ့အသံတွေက တက်ကြွစွာနဲ့ အားအင်တွေပြည့်နေခဲ့တာ။ သူရောက်စမှာ ကြုံတွေ့ရတဲ့အဖြစ်တွေ၊ ဘတ်စ်ကားစီးရတဲ့အကြောင်းတွေ သူ့အရင် ရပ်ရွာနဲ့ ဘယ်လိုဘယ်ဝါကွဲပြား ခြားနားတယ်ဆိုတာတွေကို စိတ်အားထက်သန်စွာနဲ့ ပြောပြနေခဲ့တာ အတိုင်းသားပဲ ကျွန်တော်ကြားနေခဲ့ ရတယ် ... ။

“အမေ ... သားနေတဲ့နေရာကတော့ သိပ်တော့အဆင်မပြေဘူးအမေ၊ ဒါပေမယ့် ခံနိုင်ရည်ရှိပါတယ်၊ အခုတော့ ရှိသမျှဟာတွေ အကုန်တော့ လိုက်တင်နေတယ်အမေ၊ ဒါပေမယ့် ဒီနေရာက အင်တာနက်မရဘူး၊ သားမြို့ထဲအထိသွားပြီး တင်နေရတယ်၊ အော် ... ဟုတ် ... အမေ အမေပေးတဲ့စားစရာတွေ ကျန်သေးတယ် အမေရ၊ မကုန်သေးဘူး၊ ဟုတ် ... အဆင်ပြေပါတယ်အမေရာ၊ သူငယ်ချင်းတွေလည်း ကူညီကြပါတယ်၊ သားဖုန်းကဒ်ကုန်တော့မယ် အမေ ... နောက်တစ်ရက်နှစ်ရက်ဆိုသားပြန်ဆက်လိုက်ဦးမယ်နော်၊ ဟို ... ဟို အတိုးကိစ္စလား ... မပူပါနဲ့ အမေ... အဆင်ပြေသွားမှာပါ ”

ကျွန်တော် အစာရှာပြီး အိပ်တန်းဝင်ဖို့ပြန်လာတိုင်း ဘေးလွယ်ဘတ်အိတ်ကလေးကို လွယ်၊ ဖိုင်တစ်ထပ်ထည့်ထားတဲ့ ဖိုင်ဟိုလ်ဒါလေးကို ကိုင်ပြီး သူတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ထွက်သွားတတ်သူလေ။ သူကတော့ ကျွန်တော့်ကို သတိမပြုမိပေမယ့် ကျွန်တော်ကတော့ သူ့မျက်ဝန်းထဲက မျှော်လင့်ခြင်းအရိပ်အယောင်တွေမြင်မိပြီးကတည်းက သူ မျှော်လင့်ယုံကြည်ချက်တစ်ခုအတွက် ဒီအခန်းလေးထဲကို အခြေချလာသူ တစ်ယောက်လို့ မှတ်ချက်ချမိခဲ့တယ်။ ခြေလှမ်းကျဲကျဲတွေနဲ့ လှမ်းထွက်သွားတဲ့ သူ့နောက်ကျောကို လှမ်းကြည့်မိတိုင်း သူရဲ့ တက်ကြွမှုဟာ ကျွန်တော်ဆီကိုပါ မြဲကူးစက်လာတတ်တာမို့ ကျွန်တော် တော်တော်နဲ့ အိပ်မရတတ်ဘူး။ တက်ကြွသူတစ်ယောက်ရဲ့ မျှော်လင့်ချက်အိပ်မက်တွေဟာ ဘယ်လိုများပါလိမ့်၊ ဆက်မတွေးတော့ပဲ ကျွန်တော်အိပ်စက်ပစ်ခဲ့တာ ... ။

တစ်နေ့ကပေါ့ ... ကျွန်တော်မနက်ခင်းတစ်ခုလုံးက အေးစက်လို့ အိပ်ယာထက်က ထရမှာကို ပျင်းနေမိခဲ့တယ်၊ အသံတစ်ခု ဆူဆူညံညံကြားလို့ အာရုံစိုက်မိတဲ့အခါ သူ့အသံဆိုတာကို သိလိုက်ရတော့ စိတ်လှုပ်ရှားသွားမိတယ်၊ နားစွင့်လိုက်မိတယ်လေ။ ကျွန်တော့် ယူကလစ်အိမ်ရဲ့ အောက်မှာ ထုံးစံအတိုင်း သူဖုန်းလာပြောနေတာ။ အသေအချာပါပဲ ဟုတ်တယ်။ အာရုံစိုက်လိုက်မိတယ်။ အခုရက်ပိိုင်းတွေမှာ သူ့ကို ကျွန်တော် သတိမမူမိတာကို ပြန်ပြီးတွေးမိလိုက်တဲ့အခါ အဲဒီ့စိတ်က ကျွန်တော့်ရဲ့ သိချင်စိတ်ကိုပိုပြင်းပြအောင် ဆွလိုက်သလို ဖြစ်လာတယ်။ သူကတော့ ကျွန်တော် အကဲခတ်နေတာ မသိပဲ ယူကလစ်ပင်စည်ကို လက်ထောက်ပြီး တစ်ဖက်ကလူကို ပြောပြနေလေရဲ့ ... ။

“ အေးကွာ ... ငါလည်း Try နေတာပဲ၊ နေ့တိုင်းထွက်တဲ့ သတင်းစာတွေနဲ့ စနေ၊ တနင်္ဂနွေထွက်တာတွေလည်း ဖတ်တယ်၊ ဖုန်းနံပါတ်ကြည့်တယ်၊ ဖုန်းဆက်ပြီး အီးမေလ်းတောင်းတယ်၊ ရရင်တင်တယ်။ အခုထိ နှစ်ပတ်ကျော်လာပြီ၊ ဘာမှ Reply မလာသေးဘူး၊ ငါရတဲ့ တစ်ခုကလည်း မလွယ်ဘူး၊ သွားရတာလည်း အဝေးကြီးကွာ ... ငါ့မှာ လမ်းမှားလို့ Taxi တောင် ငှားပြီး သွားရတယ်၊ ဟိုရောက်တော့ လူတွေက အစုံပဲ ... ငါလည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီးမှ ငါ့အလှည့်လည်း ကျရော သူတို့ကမေးတယ်လေ မင်းက xx လားတဲ့၊ ဒါဆိုမရဘူး ... အခုခေါ်တာက xx တွေပဲ ခေါ်တာတဲ့ ငါလည်း မောပြီး စိတ်ဓါတ်တောင် တော်တော်ကျသွားတယ်၊ အေးပါ ငါ ကြိုမေးပါတယ်ကွ၊ လာခဲ့ဆိုလို့သွားတာ ... ဟုတ်တယ် ... ငါလည်း အဲဒါပဲ စဉ်းစားနေတာ ... အေးဂျင့်ပဲ အပ်လိုက်ရင် ကောင်းမလား ... အခုက ရထားခနဲ့ အင်တာနက်ခတွေက ငါ့ကို တအားထောင်းနေတယ် ... ”

တစ်ဖက်လူကို ပြောပြနေတဲ့ သူ့အသံက အားမလို အားမရဖြစ်တဲ့အသံ ဆိုတာ ကျွန်တော် သတိထားမိတယ်၊ သူ့မျက်နှာကလည်း ခပ်နွမ်းနွမ်း ရှိနေပြီး ဆေးကျွတ်စပြုနေတဲ့ အဝတ်တစ်ထည်လို သူ့မျက်ဝန်းတွေက ခပ်မှိန်မှိန်လေးဖြစ်နေတယ်လေ။ ၀န်ထုပ် တစ်ခုကို ထမ်းပိုးထားသလို စိတ်ဖိစီးမှု တစ်ခုကို သူ ထမ်းထားရတယ်ဆိုတာကို ကျွန်တော် ရိပ်မိလိုက်သလိုပဲ။ ဦးခေါင်းကို မသိမသာ ယမ်းလိုက်ပြီး ငိုက်စိုက်ချလို့ အခန်းလေးထဲဝင်သွားတဲ့ သူ့ ဟန်ပန်ကို မြင်လိုက်မိတော့ ကျွန်တော်လည်း အမှတ်မထင် သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်မိတယ်။ အဲနေ့ဟာ သူ့အခန်းလေးထဲက မီးကျဲကျဲလေးပိတ်သွားတာ နောက်ကျလာနေတဲ့ သုံးရက်မြောက် ည တစ်ညမှန်း ကျွန်တော် တွက်ကြည့်လိုက်မိတယ်။ အစာရှာဖို့ တောင်ပံတွေဖြန်ပြီး ပျံသန်းလာခဲ့ပေမယ့် ကျွန်တော့် အတွေးထဲကို သူရဲ့ စကားသံတွေနဲ့ ဟန်ပန်ခပ်နွမ်းနွမ်းတွေက လိုက်ပါလာနေတုန်းပဲ။ သူရောက်ခါစက အမူအယာတွေနဲ့ အခု ညနေက ကျွန်တော်တွေ့လိုက်ရတဲ့ သူ့ဟန်ပန်တွေကို ပြန်နှိုင်းယှဉ်မိရင်း ... အိုး ...။ ကျွန်တော် ဆက် မစဉ်းစားတော့ဘူး။ ခပ်လှမ်းလှမ်းမြေပြင်မှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ ကြွက်တစ်ကောင်ကို မြင်အပြီးမှာတော့ ကျွန်တော့ ခေါင်းထဲက သူထွက်သွားတော့တယ်... ။

သူငယ်ချင်းဒီးဒုတ်တစ်ကောင်နဲ့ စကားကောင်းခဲ့လို့ အိပ်တန်းအပြန်နောက်ကျခဲ့တာ။ အပြန်လမ်းမှာ သူနဲ့ မတိုးမိတော့ဘူးလေ။ တင်းတင်းစေ့ပိတ်ထားတဲ့ သူ့ရဲ့ အခန်းပြူတင်းပေါက်ကလေးကပဲ ကျွန်တော့်ကို ကြိုဆိုနေခဲ့တယ်။ ကျွန်တော်အိပ်စက်ဖို့ပြင်ဆင် လိုက်ပြီး အိပ်ယာမဝင်ခင် သူအခန်းလေးဘက်ကို ငဲ့ပြီး ကြည့်လိုက်မိသေးတယ်။ စိတ်ထဲကလည်း ဘာရယ်မသိ။ သူစိတ်မှာ ခံစားနေရတာတွေကို ကျွန်တော် မသိပေမယ့် သူ့ကို အဲလိုမခံစားစေချင်မိတာကတော့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုလိုပါပဲ။ ကျွန်တော် အိပ်ပျော်သွားတဲ့ အချိန်လောက်မှာ သူ မျှော်လင့်ချက်တွေအတွက် ကွန်ပျူတာတစ်လုံးရှေ့မှာ သူ ငုတ်တုတ်ထိုင်ပြီး တကုပ်ကုပ်နဲ့လုပ်နေလေမလား၊ သူနဲ့ ဘာမှသွေးမတော်သားမစပ်တဲ့ ကော်လာဖြူလူတွေနဲ့ အခြေအတင်မေးခွန်းတွေကို ရင်ခုန်သံတဒိန်းဒိန်းနဲ့ တုံ့ပြန်ဖြေကြားနေမလား၊ အပြံုးပီပီသသနဲ့ သူပြန်ထွက်လာနိုင်မလား၊ မျက်စိပျက်မျက်နှာပျက်နဲ့ သူခေါင်းငိုက်စိုက်ထွက်လာမလား၊ သတင်းစာရွက်အကြီးကြီးတွေကြား ထဲမှာ သူခေါင်းမြုတ်အောင် အလုပ်ရှုပ်နေမလား။ ကျွန်တော် နိုးထလာရင်တော့ ကျွန်တော် သိမှာပါ။ သူ အိပ်ဦးမှာ မဟုတ်သေးဘူးလေ။ မီးရောင်ကျဲကျဲလေးထဲ သူငုတ်တုတ်ကလေးထိုင်နေပုံကို ကျွန်တော် မြင်မိရင် အားတွေယုတ်လျော့သွားသလို ခံစားမိနေတာကတော့ တော်တော်ဆိုးဝါးတဲ့ ခံစားချက်တခုလို ဖြစ်လာနေတယ်။

သူ့ဘဝနဲ့ ကျွန်တော့်ဘဝကို နှိုင်းယှဉ်ကြည့်နေမိတယ်၊ ဟိုးအရင်က လူတစ်ယောက်ရဲ့ဘဝနဲ့ ကျွန်တော့်ဘဝကို အခုလိုနှိုင်းယှဉ်ကြည့်မိမယ်လို့ လက်တွေ့နှိုင်းယှဉ်ဖို့ ဆိုတာမပြောနဲ့ စိတ်ကူးထဲမှာတောင် ထည့် မစဉ်းစားမိဘူး။ ကျွန်တော်လည်း အစာရှာချိန်ဆိုရင် အစာရှာဖွေတာ၊ သူလည်း ရှာဖွေနေသူတစ်ယောက်၊ ကျွန်တော် သိတယ်။ တစ်ခါတစ်ခါ ညမှောင်မှောင်ထဲကို ပျံသန်းရင်း မြင်နေရတဲ့ မြင်ကွင်းထဲ ၀င်လာတဲ့ ကြွက်လို၊ ပိုးကောင်လို အကောင်တွေမြင်မိရင် ကျွန်တော် ထိုးဆင်းသွားခဲ့တာ၊ သူလည်း ထိုးဆင်းသွားခဲ့ဖူးတာပဲ၊ ကျွန်တော်သိတယ်။ ကြွက်တစ်ကောင်ကို ကျွန်တော် မိရင် ကျွန်တော်ခြေချောင်းတွေနဲ့ မြဲမြဲ ကုတ်ထားဖို့ ကျွန်တော် အသိနဲ့ အတွေ့အကြံုတွေက တာဝန်ယူတယ်။ သူရော ... သူ့အသိနဲ့ အတွေ့အကြံုတွေက မြဲမြဲ ကုတ်ထားဖို့ တာဝန်ယူနေမှာလား။ ကျွန်တော် အစာတစ်နပ်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ဖူးတယ်၊ သူလည်း သူ့အစာကို ဆုံးရှုံးဖူးမှာလား ... သိချင်နေတယ်။ ကျွန်တော် အစာမရတဲ့နေ့ ၀မ်းဟောင်းလောင်းနဲ့ အိပ်တန်းပျံရတဲ့စိတ်ကို ကျွန်တော်သိတယ်။ အလူးအလဲပါပဲ။ ဒါပေမယ့် ကျွန်တော် ခံနိုင်ရည် ရှိတယ်။ သူ ... သူ ခံနိုင်ရည် ရှိပါ့မလား ... ။ အိုး ... ။ စိုးရိမ်မှုတွေကြောင့် တောင်ပံကို ခတ်ပြင်းပြင်းခတ်လိုက်တဲ့အခါ လေထုအပေါ်ကို ကျွန်တော် ဝဲ တက်သွားတယ်။ စိတ်မပူနဲ့။ သူလည်း စိုးရိမ်မှုတွေကြောင့် တောင်ပံတွေကို ပြင်းပြင်းခတ်ပါလိမ့်မယ် ... ။

ကောင်းကင်ပြင်ထက်မှာ လှပလင်းလက်နေတဲ့လမင်းပြည့်ဝိုင်းဝိုင်းကြီးကို မြင်တဲ့အခါ ကျွန်တော်ရဲ့ စိတ်အားတက်ကြွလာခဲ့တယ်၊ အိပ်ယာကို သပ်သပ်ရပ်ရပ် ခေါက်တင်လိုက်တယ်၊ တဂွီဂွီမြည်လာတဲ့ ဗိုက်ကို အသာပွတ်ပြီး ဒီနေ့တော့ ခပ်စောစော အစာရှာထွက်မှလို့ ကိုယ့်ကိုကိုယ်ပြောနေမိတယ်။ ရုတ်ကနဲ သင်းလာတဲ့ လေပြေမှာ ယိုးဒယားခေါက်ဆွဲပြုတ်နံကို ထောင်းကနဲရလိုက်တော့ သူ ပြန်ရောက်နေပြီဆိုတာ ချက်ချင်းပဲ ကျွန်တော်သိလိုက်တယ်။ ဗိုက်ထဲက ဆာတာကိုမေ့သွားပြီး သူအကြောင်းကို စဉ်းစားမိလို့ အခန်းဝကို ပြေးပြီး မီးကျဲကျဲအခန်းလေးကို လှမ်းကြည့်လိုက်မိတယ်။ အခန်းကျဉ်းလေးရဲ့ ထောင့်တစ်နေရာမှာ တည်ထားတဲ့ တရုတ်လုပ်ရေနွေးအိုးကလေးတစ်လုံးရဲ့ ဘေးမှာ သူက ဇွန်းလေးတစ်ချောင်းနဲ့ ခေါက်ဆွဲပြုတ်အကျက်ကို စောင့်နေလေရဲ့။ ခပ်ဟဟ စေ့ထားတဲ့ပြူတင်းတံခါးတွေနဲ့ လိပ်တင်ထားတဲ့ ခန်းစီး ခပ်နွမ်းနွမ်းတွေကို ကျော်ပြီး သူ့ဘေးမှာ ချထားတဲ့ နိုကီယာဖုန်းအစုတ်လေးကို လှမ်းမြင်နေရတယ်။ ကျွန်တော်တောင် သူ့ဖုန်းကလေးဆီက မြည်လာမယ့် အသံလေးကို နားစွင့်နေမိပါကလား။ ကျွန်တော် အစာရှာထွက်တဲ့အခါတိုင်းမှာလည်း ကြွက်တစ်ကောင်ရဲ့ခပ်စူးစူးအော်သံကို နားတစွင့်စွင့်နဲ့ ရှိခဲ့သေးတာပဲ မဟုတ်လား ... ။

ဒီခေါက်ဆွဲပြုတ်ကျက်တဲ့အခါ သူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်စားနေမယ်၊ ပြီးတဲ့အခါ ပြူတင်းတံခါးလေးဘက်ကို ရီဝေမှုန်မှိုင်းတဲ့အကြည့်ငေးငေးတွေနဲ့ ငိုင်တွေနေမယ့် သူ့မျက်ဝန်းတွေနဲ့ ရင်မဆိုင်ရခင်မှာ ကျွန်တော် အစာရှာထွက်မှဖြစ်တော့မယ်။ အဲအကြည့်တွေနဲ့ ရင်ဆိုင်မိတိုင်း ကျွန်တော်တောင် အားငယ်သိမ်ငယ်မိလို့ အစာရှာပျက်ခဲ့ရတဲ့ ရက်တွေ များစ ပြုလာနေပြီမဟုတ်လား ... ။ ရုတ်ကနဲ တောင်ပံကို ဆန့်ပြီး ပျံထွက်လိုက်တော့ ယူကလစ်ကိုင်းတွေ တဆတ်ဆတ်နဲ့လှုပ်ခါ ကျန်ခဲ့တယ်။ တွေးလိုက်မိသေးတယ်။ သူ အစာရှာဖို့ထွက်ခွာလာစဉ်ကရော သူ့ရဲ့ ယူကလစ်ကိုင်းတွေ အခုလိုလှုပ်ခါခဲ့သေးသလား။ ကျွန်တော် ဆက်မတွေးတော့ပဲ လေထုထဲကိုပဲ ပျံဝဲလိုက်တော့တယ်။ ကျွန်တော့်အတွက် မှောင်နေတဲ့ မြင်ကွင်းဟာ ရှင်းလင်းပြတ်သားနေပေမယ့် သူ့အတွက်တော့ မှောင်နေမှာပါ... ။

ထူးဆန်းတယ်။ ကျွန်တော် အိပ်တန်းတက်ဖို့ပြန်လာတဲ့အခါ သူ ကျွန်တော်ယူကလစ်ပင်အောက်မှာ ဖုန်းပြောနေခဲ့တယ်။ ကျွန်တော်ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေပြီးတော့ ယူကလစ်ကိုင်းတစ်ကိုင်းကို အလျင်စလို နားလိုက်မိတယ်။ ဟန်ချက်ပျက်သွားလို့ ယူကလစ်ကိုင်းချင်း ထိခိုက်မိတဲ့အသံကြောင့် သူ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်ကတော့ ဟန်ချက်ပျက်ခြင်းကို အာရုံမထားနိုင်ပဲ သူပြောနေမယ့်စကားသံကိုပဲ နားစွင့်နေမိတော့တယ်။ အဲအချိန်မှာတော့ သူ့အာရုံက ဖုန်းထဲက တစ်ဖက်လူကို ပြန်ကျရောက်သွားပြီလေ ... ။

“ အမေ ... ဘာမှမဟုတ်ပါဘူး ... ဇီးကွက်တစ်ကောင် အိပ်တန်းပြန်တာပါ ... သားအတွက်စိတ်မပူပါနဲ့ အမေ၊ သားပြန်လာရလည်း ဘာဖြစ်လည်း ... ဟုတ်ကဲ့ သားစိတ်ဓါတ်မကျပါဘူး၊ ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်လို့ သားထွက်လာခဲ့တာပဲ မဟုတ်လား၊ ကံကြမ္မာဆိုတာကတော့ သားမမြင်နိုင်ပါဘူး။ ယောက်ကျားတို့ဇွဲသေခါမှ လျော့တဲ့အမေ ... စကားရှိတယ်မဟုတ်လား ... သားက ယောက်ကျားတစ်ယောက်ပါ... ဒီလောက်လေးနဲ့တော့ စိတ်ဓါတ်မကျပါဘူး အခု သားဒီနေ့ သက်တမ်း ထပ်တိုးဖို့ သူတို့ အလုပ်သမားရုံးကို ထပ်သွားရမယ်၊ သား အတွက်ဆုတောင်းပေးနော် ... အမေလည်း ကျန်းမာရေးဂရုစိုက်နော် ... ဘာမှ စိတ်မပူနဲ့ .. အငယ်မက ဒီလကုန်ဘွဲ့ယူမယ်မဟုတ်လား ... သူ စိတ်တိုင်းကျလုပ်ပေးနော် အမေ ညီမလေး အားမငယ်ပါစေနဲ့ ... အကြောင်းထူးရင်းသား ချက်ချင်းဖုန်းဆက်လိုက်မယ် ... ဟုတ် ... ဒါပဲနော် အမေ ... ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ ဒါပဲနော် ... ဟုတ် ... ဒါပဲနော် အမေ ”

ကျွန်တော့်ရင်ထဲမှာ ဒိုင်းကနဲ ဖြစ်သွားမိတယ်။ ကျွန်တော့်ကို မြင်လိုက်ပြီး ဖုန်းထဲက တစ်ဖက်လူကိုတောင် ကျွန်တော့်ဟန်ချက်အပျက်ကို သူကလှမ်း ပြောပြနေလိုက်သေးတယ်။ သူ့အပေါ်မှာ ကျွန်တော် အရိပ်တကြည့်ကြည့်နဲ့ အကဲခတ်နေတာ ရိပ်မိသွားမလားရယ်လို့ စိုးရိမ်နေမိသလား။ ကျွန်တော် အိပ်တန်းမဝင်ခင်မှာ အစာရှာလို့ရလာတဲ့ ကြွက်တစ်ကောင်ကို ကျွန်တော် သူ့ကို ပေးချင်နေမိတာ။ သူ ပြောနေတဲ့အချိန်တုန်းက မျက်ဝန်းတွေကို သတိထားကြည့်မိနေတာ ကျွန်တော့် မသိစိတ်ကြောင့်လား။ မှိုင်းတိုင်းတိုင်းမျက်ဝန်းတွေမှာ ယီးလေးခိုစွဲနေတဲ့ မာန်တစ်ချို့ဟာ သူပြောတဲ့ ယောက်ကျားတို့ရဲ့ ဇွဲလား ။ လှုပ်ရှားသွားတဲ့ ကျွန်တော့်စိတ်တွေကို ပုံမှန်ပြန်ရောက်ဖို့ အသက်ကို ခပ်ပြင်းပြင်း ရှုခဲ့လိုက်ရတာတော့ သေချာတယ်။ ခြေလှမ်းကျဲကျဲတွေက အရင်ကလောက် မသွက်လက်တော့တာကို ကျွန်တော် ထပ်သတိထားမိနေပြန်တယ်။ ဟုတ်တယ်။ ကျွန်တော်လည်း အစာမရလာတဲ့ ရက်တွေဆို တောင်ပံခတ်သံတွေတောင် မမှန်ချင်တော့ဘူးလေ။ ကျွန်တော့်ရဲ့ ဒီညကို ဘယ်လို ကျော်ဖြတ်ရမလဲ။ နောက်နေ့ အိပ်တန်းထရင် သူပြန်လာမယ့်အချိန်ကို အချိန်မှီထပြီး ကြည့်ရမယ်လို့ တွေးနေမိတယ်။ သူရဲ့ ခပ်ဟဟ ပြူတင်းတံခါးလေးက သူ့မျက်ဝန်းတွေမှာ မြင်ရမယ့် အရိပ်အယောင်ဟာ ... ဘာလဲ ... ။ အခု ကျွန်တော်ရှာလာတဲ့ ကျွန်တော့်အစာကြွက်ကလေးကို သူ့ကို ပေးချင်နေမိတဲ့ စိတ်ကို အဓိပ္ပါယ်ဖွင့်ခွင့် ပေးပါ ... ။

ကျွန်တော်ပျံသန်းနေရာကနေ ဂရုတစိုက်နဲ့ မြေပြင်ကို လှမ်းကြည့်နေမိတယ်၊ ဟော ... ကြွက်တစ်ကောင် မြေကြီးထဲကနေ လှစ်ကနဲ ပြေးထွက်လာနေတာ ... တဟုန်ထိုး ထိုးဆင်းသွားလိုက်တယ်၊ သုတ်မယ်အလုပ်မှာ ရှုးဆိုတဲ့ အသံကို ကြားမိတော့ ကျွန်တော့ အစာကြွက်ကလေးကို မြွေဟောက်တစ်ကောင်ရဲ့ ပါးပျဉ်းထဲမှာ။ အိုး ... အရှိန်ကို သတ်လိုက်ပေမယ့် ဘယ်လိုမှ ထိန်းမရတော့ဘူး မြေပြင်ပေါ်ကို လိမ့်ကနဲ ဖြစ်သွားတယ်။ မြွေဟောက််ကတော့ အောင်နိုင်သူ အပြံုးနဲ့ ကျွန်တော့်ကို မထီမဲ့မြင် လှမ်းကြည့်တယ်။ ကျွန်တော်ခံပြင်းစွာနဲ့ စူးကနဲ တစ်ချက်အော်ဟစ်လိုက်တယ်။ ချွေးစေးတွေ ရွှဲနေတဲ့ ကျွန်တော့် အိပ်ယာက ငေါက်ကနဲ ထထိုင်မိလိုက်တော့တာ။ ရင်တွေကလည်း တဒိတ်ဒိတ်နဲ့ သွေးကြောတွေထဲမှာ တိုးဝင်နေတဲ့ အလျဉ်တွေကိုတောင် သတိထားမိနေတယ်။ အိပ်မက်ဆိုး။ ဒါဟာ အိပ်မက်ဆိုးနဲ့ နိုးထမှု။ တစ်ပြိုင်တည်း ခံစားနေရတာက ဆုံးရှုံးမှု။ အိုး ... ။ ခါးသီးလိုက်တာ။ သူမျက်နှာ ခပ်ညိုးညိုးဟာ ကွက်ကနဲ အာရုံထဲ ပေါ်လာတယ်။ ဟုတ်တယ်။ ဒီအချိန်သူ ပြန်ရောက်နေလောက်ပြီ ... ။ အခုထိ မြွေဟောက်ရဲ့ အပြံုး ခပ်စိမ်းစိမ်းက အာရုံထဲမှာ စွဲရရွဲ ... သွား ...စမ်း .... ကွာ ... ။

“တောက် ... သူငယ်ချင်းရာ ... ဒုတိယအဆင့်ထိပါပြီးမှကွာ ... နာတယ်၊ တကယ်ဆို ငါ သူတို့နဲ့ ပခုံးချင်းယှဉ်နိုင်တယ်ဟေ့ကောင်၊ သူတို့လိုချင်တဲ့ အတိုင်းအတာနဲ့ ငါ လုပ်ပြနိုင်တာတောင်ပိုသေးတယ်၊ ငါ့ ရင်တွေလည်း တဒိတ်ဒိတ်နဲ့ တုန်နေခဲ့တာ၊ ငါ ရင်ဆိုင်နေရတာ သူတို့တွေနဲ့ ယှဉ်ပြီး ရင်ဆိုင်နေရတာ၊ မင်းလည်း အသိပဲ။ အခုချိန်ဆိုပိုဆိုးနေတာ။ နောက်ဆုံးတော့ ... တောက် ... ငါက visit နဲ့မို့လို့တဲ့ နို့မဟုတ်ရင် ရမှာပါတဲ့ ... အေး ဘယ်သူကို့ခန့်လိုက်သလဲဆိုတော့ ... သူတို့လူမျိုးတွေ ပဲပေါ့ ... ဒါတောင့် ငါ့မာနတွေ ကို ဟိုး အဝီစိမှာ ချပြီး နင်းထားတာ၊ ... ဟေ့ကောင် ငါမေးမယ်ကွာ ပညာရဲရင့်ပွဲလယ်တင့်ဆိုတာ ... ဒီနေရာ၊ ဒီအရပ်မှာ သက်ရောက်မှုရှိသေးရဲ့လား ... ဟင် ပြောစမ်းပါ ... ပြောစမ်းပါ .. ခံပြင်းလိုက်တာ...ကွာ”

ယူကလစ်ပင်ရဲ့ ပင်စည်တွေကို လက်သီးတထိုးထိုးနဲ့ သူ။ မြွေဟောက်တစ်ကောင်ရဲ့ အကြောင်းကို ကျွန်တော်သိလိုက်သလို သူလည်း သိလိုက်ရပြီလား။ ကျွန်တော်မှာ တောင်ပံတစ်စုံရှိလို့ ကောင်းကင်ထဲ ဝဲချင်တိုင်း ဝဲပျံနိုင်ပေမယ့် တစ်ခါတစ်ခါ ခြေမပါလက်မပါ တောင်ပံတွေ မပါတဲ့ မြွေတစ်ကောင်ကို အရေးနိမ့်လိုက်ရတာပါပဲ။ ဟုတ်တယ် ဒါဟာ ခံပြင်းစရာတရပ်။ ဒီအချိန်မှာ ကျွန်တော် ရုတ်ကနဲ ထပျံလိုက်ရမလား။ အဲလို ထပျံလိုက်လို့ သူမော့ကြည့်ရင် သူမျက်ဝန်းတွေမှာ မြင်နေရတဲ့ စိတ်အချဉ်ပေါက်မှုတွေကို ကျွန်တော် မြင်မှာ။ ကျွန်တော် မပျံတော့ဘူး။ မလိုအပ်ဘူးလေ။ သူရင်ထဲမှာ ခံစားနေရတာကို ကျွန်တော်သိပြီးသားပဲ။ ကျွန်တော် မျက်ဝန်းတွေ ကျွန်တော် ပြန်ကြည့်လိုက်ရင် အတိုင်းသားပဲ။ ကြွက်တစ်ကောင်ဆုံးရှုံးမှုမှာ ပေးဆပ်လိုက်ရတာတွေက ကျွန်တော့်အတွက် တစ်နပ်စာပဲ ရှိနေခဲ့တာ မဟုတ်လား ....။ တန်ဖိုးချင်း ယှဉ်ကြည့်ရင် ကျွန်တော်က ကောင်းကင်မှာ ၀ဲနိုင်၊ အမှောင်ထုကို ခွင်းနိုင်တယ် ဒါပေမယ့် ....။ ကျွန်တော် စူးကနဲ တစ်ချက်အော်ပြီး ပျံလိုက်ပေမယ့် သူ့မျက်ဝန်းတွေကို တော့ ရင်မဆိုင်နိုင်တော့တာ အမှန်ပါပဲ ...။

အဲဒီ့ညက အခန်းကျဉ်းကလေးထဲမှာ မီးဝါကျဲကျဲလေးက မှိန်တောက်နေခဲ့တယ်။ ဒီအချိန်ဆို ကျွန်တော် အဖော်တွေ မျှော်နေလောက်ရောပေါ့။ ကျွန်တော့် အကြည့်တွေက အခန်းလေးရဲ့ ပြူတင်းတံခါးလေးကိုပဲ ငေးကြည့်နေမိတာ။ ကျွန်တော် သူ့အခန်းလေးဆီကိုပဲ မျှော်ကြည့်နေခဲ့မိတာ။ အဲဒီ့ အခန်းမီးကလေး မှိန်ကျသွားမှာကို ကြောက်နေခဲ့တာ။ ကဲ စဉ်းစားကြည့်စမ်း။ အလင်းကို ကြောက်တဲ့ ကျွန်တော်က အဲအခန်းလေးထဲက မီးကလေးမှိန်သွားမှာကို ကြောက်နေသတဲ့လား။ အဲအခန်းလေးမှာ ဒီညမီးကျဲကျဲလေး မှိန်ကျသွားခဲ့ရင် ကျွန်တော် နောက်နောင် ဒီမီးရောင်လေးကို မြင်တွေ့နိုင်ခွင့်က .... စိတ်ထဲက သိနေမိတာ။ ကျွန်တော့ စိတ်ထဲက သိနေမိတာ။ ကျွန်တော် အိပ်တန်းပြန်ခဲ့ပေါင်း များပြီ။ အကြိမ်ကြိမ်အခါခါ ပြန်တဲ့ အိပ်တန်းတွေဟာ အစာရှာရာကနေ ခံစားမှု အမျိုးမျိုးနဲ့ ပျံသန်းခဲ့ရတာ။ ရင်အစုံဟာ နာနေတယ်။ အစာလု တိုက်ပွဲတွေ၊ အစာလုစစ်ပွဲတွေ၊ အစာအတွက် ကျွန်တော် ဖျတ်လတ်ခဲ့တာတွေ။ အစီအရီ ... တကွက်နဲ့ တကွက် အနှေးပြကွက်များလို။ အစာရှာအထွက်မှာ တက်ကြွတဲ့ တောင်ပံခတ်သံတွေ တဖြောင်းဖြောင်းနေ့တွေ၊ အစာအတွက် တဟုန်ထိုး ထိုးစိုက်ဆင်းခဲ့ပုံတွေ။ သားကောင်ကို ရဲရဲဝံ့ဝံ့ သုတ်ချီပြီး ပြန်အတက်မှာ မာန်စိတ်ခပ်ကြွကြွနဲ့ လောကကြီးကို တောင်ပံခတ်သံတွေနဲ့ ဆူညံဖုံးလွမ်းပစ်ခဲ့တာ။ အခုချိန်မှာတော့ အခန်းလေးရဲ့ မီးရောင်လေး ဟုတ်ကနဲ ငြိမ်းသွားမှာကို ကမ္ဘာပျက်မှာထက် စိုးကြောက်နေမိတာ ဟောဒီက ကျွန်တော်ပဲလား ... ။

တကယ်တော့ ကျွန်တော်သူ့ကို သတိထားမိတာ တော်တော်ကြာခဲ့ပြီ။ သူရဲ့ဘဝနဲ့ ကျွန်တော့်ဘဝက လာတူညီနေမယ်လို့ ကျွန်တော်မပြောနဲ့ တစ်လောကလုံးကတောင် တွေးမိရဲမှာ မဟုတ်သလို တွေးမိတဲ့သူဟာလည်း သူနဲ့ ကျွန်တော်နဲ့ အဖြစ်ကို သိတဲ့သူပဲဖြစ်လိမ့်မယ်။ အခုဆို အခန်းကလေးရဲ့ အဝါကျဲကျဲမီးလုံးကလေးက မှိန်ပြပြလင်းနေတုန်းပဲလေ။ အဲမီးကလေး မှိန်သွားရင် ကျွန်တော့် ယူကလစ်ပင်တစ်ပင်လုံး တုန်ဆတ်ခါရမ်းနေမှာ သိပ်သေချာတယ်။ ဖြစ်နိုင်ရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ကျွန်တော်ဆက်မတွေးချင်တော့ဘူး။ ဒါပေမယ့် ဒီအခန်းလေးထဲကိုပဲ မမှိတ်မသုန်နဲ့ စူးစိုက်ပြီး ဆက်ကြည့်နေမိတော့တယ်။ ပိတ်ထားတဲ့ ပြူတင်းတံခါးလေးနဲ့ ကွယ်ထားတဲ့ ခပ်ညစ်ညစ်ခန်းစီးနောက်က ရှိနေမယ့် သူ့ရဲ့ မျက်ဝန်းတွေ ပိတ်တော့မှာလား။ ကျွန်တော် ညက တစ်ညလုံး မအိပ်စက်ရသေးဘူး။ ကျွန်တော့်ရဲ့ ကြောင်တောင်တောင်ဖြစ်နေမယ့် မျက်ဝန်းတွေက အခန်းလေးဆီကို မျှော်ကြည့်လို့။ အခွင့်အရေးရရင် သူ့ရဲ့ မြဲမြဲကုတ်စွဲထားမယ့် ခြေချောင်းတွေကို ကျွန်တော် သွားရောက်စစ်ဆေးပေးချင်တယ်။ မြွေဟောက်တစ်ကောင်ရဲ့ အပြုံးကို ရင်ဆိုင်နိုင်ဖို့ သူမှာ အင်အားရှိရဲ့လား မသိဘူး။ ကြွက်တစ်ကောင်ရတဲ့ အထိမ်းအမှတ်ကို ခမ်းခမ်းနားနား ဆင်ယင်ကျင်းပခွင့်ရဖို့ ကျွန်တော် သူ့ကို လှမ်းခေါ်မယ်။ မီးကို မပိတ်ပစ်လိုက်နဲ့။ အသံကုန်ဟစ်ပြီး ကြုံးအော်လိုက်တဲ့အခါ ... ကျွန်တော့် အဖော်တွေများ ကြားလေရော့မလား ... ။

မင်းတို့ ငါ့ကို မစောင့်နဲ့တော့...။ ငါ ... ငါ .... ငါ အစာရှာမထွက်တော့ဘူး ...။

တအံတသြနဲ့ မမေးနဲ့.... မမေးကြနဲ့ ... ။

အိပ်တန်းမပြန်ချင်လို့ပဲ .... ။

.... ...... ......
.... ...... ......
.... ...... ......


အိပ်မက်ရှင်

[ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က ရေးဖွဲ့ခဲ့တဲ့ Post လေးပဲ ဖြစ်ပါတယ်။ Photo လေးကို www.flickr.com ကနေရယူဖော်ပြပါတယ် ]

Tuesday, February 1, 2011

ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီး

Photobucket

ဒီခေါင်းစဉ်လေးကို အခုလို ရေးဖြစ်တာကတော့ ငယ်ငယ်က ကျွန်တော်တို့ ကျောင်းခန်းထဲမှာ ပုံပြင်လေးတွေကို ပြောပြတတ်တဲ့ ဆရာမတစ်ယောက်အကြောင်းကို သွားစဉ်းစားမိလို့ပါ။ ကျွန်တော် အလယ်တန်းကျောင်းသား ဘဝတုန်းက စာသင်ချိန်တွေမှာ စာရိတ္တချိန်ဆိုတာပါ ပါတယ်။ အဲဒီ့ စာရိတ္တချိန်မှာ ဆရာမက ကျွန်တော်တို့ကို ကိုယ်ကျင့်တရားဆိုင်ရာ၊ အသိပညာဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ စတဲ့ စတဲ့ ပညာပေးပုံပြင်လေးတွေကို ပြောပြ ခဲ့တယ်။ ကျွန်တော်တို့ကလည်း ခုံခုံမင်မင်နဲ့ကို နားထောင်အတုယူခဲ့ပါတယ်။ ကလေးတွေလည်း ဖြစ်တော့ ပုံပြင်ဆိုတာနဲ့ကို အရမ်းကို စိတ်ဝင်စားနေပြီ မဟုတ်လား။

အဲတုန်းက ဆရာမပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ကျွန်တော် ပြန်လည် ဖောက်သည်ချပြောပြချင်ပါတယ်။ ပုံပြင်က အနောက်ဥရောပက ပုံပြင်လေး တစ်ပုဒ်ပါ၊ ဘယ်နိုင်ငံရဲ့ပုံပြင်လည်း ဆိုတာတော့ နှစ်နည်းနည်း ကြာတော့ကျွန်တော်မေ့နေပါပြီ၊ ဆရာမကတော့ ပြောတော့ ပြောတယ်။ ပုံပြင်ရဲ့ အမည်နဲ့ အကြောင်းအရာ ကိုပဲ ကျွန်တော်မှတ်မိတော့တယ်ဗျာ ...။ ကျွန်တော် ပြောပြပါရစေ ...


ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီး


ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ပုံပြင်နားထောင်တာကို အရမ်းနှစ်သက်တဲ့ ဘုရင်ကြီးတစ်ပါး ရှိလေ သတဲ့၊ အဲ ဘုရင်ကြီးဟာ ဘယ်လောက်များ ပုံပြင်ကို ကြိုက်နှစ်သက်သလဲဆိုရင် သူ့ဘေးမှာ ပုံပြင်ပြောပြရတဲ့ အမတ်တွေကို အကြီးအကျယ်ချီးမြောက် သူကောင်းပြုပြီး ထားသတဲ့လေ။ ဒါအပြင်လည်း တစ်နေ့တစ်နေ့ အိပ်ရာဝင်တိုင်း အိပ်ရာဝင်ပုံပြင်တွေကို နားဆင်ပြီး အိပ်စက်လေ့လည်း ရှိသတဲ့။ တိုင်းသူပြည်သားတွေအကြား မှာလည်း ဘုရင်ကြီး ပုံပြင်ကြိုက်တဲ့ အကြောင်းကို ပြောစမှတ်တွင်လောက်အောင် ပျံနှံ့နေသတဲ့...။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့မှာ ဘုရင်ကြီးက အခုလို စဉ်းစားတွေးတောမိသတဲ့။

“အင်း ... ငါ တစ်သက်လုံး ပုံပြင်တွေ နားထောင်လာလိုက်တာ၊ ရှိသမျှ ပုံပြင်တွေလည်း ကုန်သလောက်ရှိသွား ပြီ၊ အရင်က ပုံပြင်တွေလည်း မရိုးတမ်းနားထောင်လာခဲ့တာလည်း များလှပြီ။ ပုံပြင်အသစ်အသစ်တွေကိုလည်း နားထောင်ရပေမယ့် အားရလှတယ်ကို မရှိပေဘူး၊ တကယ်လို့ တစ်သက်လုံး မဆုံးအောင် နားထောင်လို့ရတဲ့ ပုံပြင်နဲ့ ပြောပြမယ့် ပုံပြောဆရာရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ... ညီလာခံကျရင် ... မှူးမတ် တွေနဲ့ တိုင်ပင်ဆွေးနွေးရဦးမယ်”

အထက်ကလို စဉ်းစား၊ တွေးတောပြီးတော့ ဘုရင်ကြီးလည်း မှူးမတ်စုံညီတက်ရောက်တဲ့ ညီလာခံမှာ အခုလို မိန့်တော်မူပြီး တိုင်းနိုင်ငံအတွင်းမှာ ပြည်သူများ သိအောင် မောင်းခတ်ကြေညာစေသတဲ့ ...

“ မင်းကြီးများ ... ငါကိုယ်တော်မိန့်တော်မူမည်... ငါကိုယ်တော်သည် တစ်သက်တာ အဆုံးသတ်မရှိသော ပုံပြင် ကိုနားဆင်လိုသည်။ ထို့အတွက်အကြောင့် ငါကိုယ်တော်မြတ်အား အဆုံးအလျားမရှိသော ပုံပြင်ကိုပြောပြနိုင် သော သူကို ငါကိုယ်တော်မြတ် ဆုတော်လာဘ်တော်များချီးမြှင့်ရုံမက ငါကိုယ်တော်၏ သမီးတော်နှင့် ထိမ်းမြား လက်ဆက်စေကာ၊ အိမ်ရှေ့အရာကို အပ်နှင်းတော်မူမည် မင်းကြီးများ... ”

မှူးမတ်တွေလည်း တိုင်းပြည်နေရာအနှံ့အပြားကို ကြေညာမောင်းခတ်လိုက်တဲ့အခါ၊ ဘုရင်ကြီးရဲ့ နန်းတော် ရင်ပြင်မှာ အဆုံးသတ်မရှိတဲ့ ပုုံပြင်ကို ပြောမယ့် နိုင်ငံအနှံ့အပြားက ပုံပြောဆရာများ အသီးအသီး၊ အလျှိုအလျှို ရောက်ရှိလာကြသတဲ့။ ရောက်ရှိလာတဲ့ ပုံပြင်ပြောဆရာတွေကို နေရာချထားပေးပြီးတဲ့ နောက်မှ ဘုရင်ကြီးက သူတို့ပြောတဲ့ အဆုံးသတ်မဲ့ပုံပြင်များကို စတင်နားထောင်လေတော့သတဲ့ ။


ဘုရင်ကြီးအား ပထမဦးဆုံးပြောခွင့်ရတဲ့ ပုံပြောဆရာဟာ သူ့ပုံပြင်ကို သုံးလကြာပြောပြီးတဲ့အခါ အဆုံးသတ် သွားတဲ့အတွက် ဘုရင်ကြီးက အမျက်တော် ရှပြီး ကွပ်မျက်လိုက်သတဲ့။ နောက်ပုံပြင်ဆရာတစ်ယောက်က အစားထိုးဝင်ရောက်ပြောတဲ့အခါ ခြောက်လကြာအောင် ပြောသတဲ့၊ ဒါပေမယ့် ထိုသူရဲ့ပုံပြင်ဟာလည်း အဆုံး သတ်သွားတဲ့အတွက် ကွပ်မျက်လိုက်ပြန်သတဲ့။ အခုလို ပုံပြင်ဆရာများစွာ ကွပ်မျက်ခံရတဲ့အထိ ပုံပြင်ပြောကြရ ပေမယ့် ဘုရင်ကြီးအတွက် စိတ်တိုင်းကျမဖြစ်တဲ့အတွက် တိုင်းသူပြည်သားများထဲက ပုံပြင်ကို ဆက်ပြောမယ့်သူ ထွက်ပေါ်မလာတော့ဘူးတဲ့ ...။

တစ်နေ့မှာတော့ ဘုရင်ကြီးကို သူအလိုအတိုင်း ပုံပြင်ပြောပြမယ့် ပုံပြင်ဆရာတစ်ယောက်ထွက်ပေါ်လာသတဲ့။ ထိုပုံပြင်ပြောဆရာဟာ အဖိုးအိုတစ်ယောက်ဖြစ်ပြီး၊ သူ့ကို ဘုရင်ကြီးက ရှေ့တော်မှောက်ကို သွင်းစေပြီး သူ့ကို အခုလို မိန့်ကြားသတဲ့ ... ။

“မောင်မင်း ... မောင်မင်းရဲ့ အရှေ့မှာ ပုံပြင်ဆရာတွေ အမြောက်အများ ကွပ်မျက်ခံရပြီးပြီ... မောင်မင်းလည်း အသိပဲဖြစ်တယ်။ ဘာဖြစ်လို့ ကွပ်မျက်ခံရသလဲဆိုတော့ ကျွန်ုပ်စိတ်ကျေနပ်အောင်၊ ကျွန်ုပ်နားထောင်လိုတဲ့ အဆုံးသတ်မဲ့ ပုံပြင်ကို ပြောစေသော်လည်း သူတို့က သူတို့ပုံပြင်ကို အဆုံးသတ်လိုက်တဲ့အတွက် အကျွန်ုပ်က အခုလို ပြစ်ဒဏ်ပေးရတာပဲ ဖြစ်တယ်။ အဲတော့ မောင်မင်းလည်း ကျွန်ုပ်စိတ်တိုင်းကျအောင် မပြောပဲ ပုံပြင်ကို အဆုံးသတ်ခဲ့ရင်အရှေ့က ပုံပြင်ဆရာတွေလို အပြစ်ဒဏ်ပေးခံရမယ် ဆိုတာကို နားလည်ရဲ့လား ”

ပုံပြင်ဆရာအဖိုးအိုကလည်း အခုလို ပြန်ပြီး လျှောက်တင်သတဲ့ ... ။

“မှန်လှပါ မင်းကြီး၊ ကျွန်တော်မျိုး အရှင်မင်းကြီးနားထောင်လိုတဲ့ အဆုံးသတ်မဲ့ ပုံပြင်ကို လျှောက်တင်ပြောပြပါ့ မယ်၊ စိတ်တော်ချတော်မူပါ၊ စောင့်ကြည့်တော်မူပါ ...ဘုရား ... ”

ထိုအခါမှတော့ ဘုရင်ကြီးလည်း စိတ်သဘောတော်ကျပြီး နောက်နေ့တစ်ရက်မှ ပုံပြင်ကို စတင်လျှောက်ထား စေသတဲ့၊ ပုံပြင်ဆရာ အဖိုးအိုလည်း သူရဲ့ အဆုံးသတ်မယ့် ပုံပြင်ကို ဘုရင်ကြီးကို အခုလို စတင်ပြောပြပါတော့ တယ်။

“တိုင်းပြည်အလုံးအား အစိုးရ အုပ်စိုးတော်မူတဲ့ အရှင်မင်းကြီး ... နှစ်ကာလအားဖြင့် ရှည်ကြာလှစွာ အခါတစ်ပါး က အရှင်မင်းကြီးကဲ့သို့ တိုင်းအလုံးကိုအစိုးရ ဘုန်းသမ္ဘာကြီးမြတ်လှတဲ့ ဘုရင်တစ်ပါး ထီးနန်းစိုးစံတော်မူသတဲ့၊ တစ်နေ့သော နေ့မှာ ပုရောဟိ်တ်မှူးမတ်တွေက တိုင်းပြည်မှာ အစာရေစာရှားပါး ပြတ်လတ်မယ်လို့ နိမိတ် ဖတ်ကြတဲ့အတွက် ဘုရင်က စားရေရိက္ခာကောက်ပဲသီးနှံများကို ကြိုတင်စုေဆောင်းဖို့ သိုလှောင်ရုံကြီး တစ်ခု ကို တည်ဆောက်စေသတဲ့... ။

ကြီးမားတဲ့ သိုလှောင်ရုံကြီး တည်ဆောက်ပြီးစီးတဲ့ အခါ၊ တစ်တိုင်းတစ်ပြည်လုံးမှာ ရှိရှိသမျှ စားရေရိက္ခာတွေကို အဲဒီ့ သိုလှောင်ရုံကြီးထဲကို အပြည့်ဖြည့်သွင်းစေသတဲ့။ အဲ သိုလှောင်ရုံကြီးဟာ ဘယ်လောက်တောင်ကြီးမားလဲ ဆိုရင် အလျား၊ အနံ၊ အမြင့် ပေပေါင်းများစွာ မြင့်မားကြီးကျယ်သတဲ့။ ဒါပေမယ့် သိုလှောင်ကြီးရဲ့ မျက်နှာစာမှာ တံခါးတစ်ခုရဲ့ သော့ပေါက်ကျဉ်းတစ်ခုကလွဲလို့ အခြားအပေါက်တွေ မပါဘူးတဲ့ ...။

အဲဒီလို စားရေရိက္ခာတွေကို သိုလှောင်ရုံနဲ့ အပြည့် ဖြည့်သွင်းထားပြီး တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ အဲဒီ့တိုင်း ပြည်ကို အင်မတန်များပြားပြီး မရေမတွက်နိုင်တဲ့ ကျိုင်းကောင်အုပ်ကြီးဟာ ကျရောက်လာသတဲ့။ ကျိုင်းကောင် အုပ်ကြီးက ဘယ်လောက်များပြားသလဲဆိုရင် နေမင်းရဲ့ အလင်းရောင်တောင် ပျောက်မတတ်ဖြစ်လောက် အောင်ကို များပြားလွန်းလှသတဲ့။

အဲ ကျိုင်းကောင်အုပ်ကြီးဟာ သိုလှောင်ရုံကြီးဆီကို ရောက်ရှိလာပြီး အထဲမှာ ရှိတဲ့စားရေရိက္ခာတွေကို သယ်ဖို့ ကြိုးစားကြသတဲ့၊ ဒါပေမယ့် ကျိုင်းကောင်တွေဝင်ဖို့အတွက်က သော့ပေါ့က်ကလေးတစ်ခုကလွဲလို့ အခြား ၀င်စရာအပေါက်မရှိဘူးတဲ့၊ အဲအပေါက်ကလေးကလည်း တစ်ခါ၀င်ရင် ကျိုင်းကောင်တစ်ကောင်ပဲ ၀င်၊ ထွက် ပြုလုပ်လို့ရသတဲ့၊ အဲဒါနဲ့ ကျိုင်းကောင်တွေက တစ်ခါကို ကျိုင်းကောင်တစ်ကောင်ပဲ ၀င်ထွက်ဖို့ဆုံးဖြတ်လိုက် ကြပြီး အစာရိက္ခာတွေကို စတင်သယ်ကြသတဲ့ ...

ပထမ ဦးစွာ ကျိုင်းကောင်တစ်ကောင်ဝင်သွားပြီး အစာကို ချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင် ၀င်ပြီး ၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင်ဝင်ပြန်တယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်ထပ်တစ်ကောင် ၀င်ပြန်တယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်၊ နောက်တစ်ကောင်ဝင်တယ်၊ အစာကို ချီပြီးပြန်ထွက်လာတယ်။

ပုံပြင်ပြောအဖိုးအိုဟာ ပုံပြင်ကြိုက်တဲ့ဘုရင်ကြီးကို အထက်ပါအကြောင်းအရာကို ပြောပြနေလိုက်တာ ရက်သတ္တ နှစ်ပတ်ကြာပါသတဲ့၊ ဘုရင်ကြီးဟာလည်း ဒီကျိုင်းကောင်တွေ အစာကို ၀င်ချီပြန်ထွက်တာကိုလည်း စိတ်ရှည် လက်ရှည်နားထောင်နေပါသတဲ့၊ သူ့စိတ်ထဲမှာတော့ ဘယ်ကျိုင်းကောင်အလှည့်မှာ ဘာထူးခြားမလည်းဆိုတဲ့ စိတ်ဝင်စားမှုနဲ့ပါ၊ ဒါပေမယ့် သူစိတ်ရှည်လက်ရှည် နားထောင်နေရင်းနဲ့ ကျိုင်းကောင်များ အစာဝင်ရောက် ချီနေပုံက နှစ်လနီးပါးကြာလာတယ်...။

ပုံပြင်ပြောအဖိုးအိုဟာလည်း ကျိုင်းကောင်းတွေ တစ်ကောင်ပြီးတစ်ကောင် ၀င်ရောက် အစာချီနေပုံကို အသေး စိတ်ပြောပြနေပါသေးတယ်၊ ဒီလိုနဲ့ ခြောက်လကြာလာတဲ့အခါ ... ဘုရင်ကြီးလည်း သည်းမခံနိုင်တော့ပဲ ပုံပြင် ပြောအဖိုးအိုကို အခုလို ပြောပါသတဲ့ ...

“မောင်မင်း... မောင်မင်းရဲ့ ပုံပြင်ကို ရှေ့ဆက်ပြောပါဦးတော့လား ... တစ်နေ့လာလည်း ဒီကျိုင်းကောင်တွေ အစာချီသွင်း၊ ချီထုတ်၊ တစ်နေ့လာလည်း အစာချီသွင်း၊ ချီထုတ်၊ ဒါချည်းပါပဲကလား ... ရှေ့ဆက်ပြီးနားထောင် ချင်လှပါပြီ... ”

အဲအခါမှာ ပုံပြင်ပြောအဖိုးအိုက “အရှင်မင်းကြီး ... စိတ်တော်မလောပါနဲ့ ဒီကျိုင်းကောင်တွေ အစာချီသွင်း၊ ချီထုတ်လုပ်နေတာ မကုန်သေးပါ၊ ဒီကျိုင်းကောင်များ အကုန်လုံးအစာချီသွင်းချီထုတ်လုပ်ပြီးမှ ကျွန်တော်မျိုးရဲ့ ပုံပြင်ဟာလည်း ရှေ့ကိုဆက်ပြီးပြောလို့ဖြစ်မှာပါဘုရား ”လို့ လျှောက်တင်သတဲ့... ပြီးတဲနောက်မှာ ... အဖိုးအို က ..“ ကျိုင်းကောင်တစ်ကောင်အစာကိုချီလို့ ထွက်လာတဲ့အခါ၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်က အထဲ ကိုဝင်သွားပြီး အစာကို ချီထုတ်လာတယ်၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်ဝင်သွားပြန်သတဲ့၊ အစာကိုချီပြီး ပြန်ထုတ်လာတယ်၊ နောက်ထပ်ကျိုင်းကောင်တစ်ကောင်ဝင်သွားတယ်၊ အစာကိုချီပြီး ပြန်ထွက်လာတယ်... ” ရယ်လို့ ပုံပြင်ကြိုက်တဲ့ မင်းကြီးကို စိတ်ရှည်လက်ရှည် လျှောက်တင်ပြောပြနေသတဲ့...။

ပုံပြင်ကြိုက်တဲ့ မင်းကြီးအဖို့မှာတော့ တစ်နေ့ မိုးလင်းလာသော်လည်း ပုံပြင်မှာ အနှီကျိုင်းကောင်းများ အစာ ကိုချီသွင်းချီထုတ်၊ တစ်နေ့ နေဝင်လို့ မိုးချုပ်သွားသော်လည်း ထိုကျိုင်းကောင်များသာ အစာကိုချီသွင်း၊ ချီ ထုတ် ဤအကြောင်းအရာများကိုသာ နားဆင်နေရတော့တယ်။ ပုံပြင်ကလည်း မပြီးဆုံးသေးတဲ့အတွက် ဘယ် လိုမှ အကြောင်းပြပြီး ပုံပြင်ဆရာအဖိုးအိုကို အပြစ်ပေးလို့မရပဲ အခက်တွေ့နေတယ်...။ ဒီလိုနဲ့ ပုံပြင်ပြော ဆရာအဖိုးအိုရဲ့ ကျိုင်းကောင်များ အစာချီနေပုံဟာ တစ်စတစ်စ တစ်နှစ်ကာလကျော်လို့ နှစ်နှစ်နီးပါး ဖြစ်လာ တယ်။ စိတ်မရှည်လို့ ဘုရင်ကြီး ပုံပြင်ကို ဆက်ပြောဖို့ အကြိမ်ကြိမ်ပြောခဲ့တိုင်းမှာ ပုံပြင်ဆရာအဖိုးအိုဟာ လည်း သူ့ရဲ့ ကျိုင်းကောင်အုပ်ကြီး အစာကို အကုန်ချီပြီးသွားတဲ့အထိ စောင့်ဆိုင်းဖို့ အကြိမ်ကြိမ်နားချခဲ့သတဲ့။

နောက်ဆုံးမှာတော့ ပုံပြင်ကြိုက်တဲ့ မင်းကြီးဟာ လုံးဝသည်းခံနိုင်စွမ်းမရှိတော့တဲ့အပြင်၊ ပုံပြင်ကို အဆုံးထိ နား ထောင်နိုင်စွမ်းလည်းမရှိတော့သလို အလွန်အမင်းလည်း စိတ်ဓါတ်ကျလာသတဲ့၊ သူ့ဘေးမှာ ထိုကျိုင်းကောင် များ ၀င်ထွက်နေပုံကို တက်ကြွစိတ်ရှည်စွာ ပြောပြနေတဲ့ ပုံပြင်ပြောအဖိုးအိုကိုလည်း ကြည့်ပြီး ပြောစရာစကား ကိုလည်း ရှာမရဖြစ်နေပါသတဲ့။ ထိုမဆုံးသတ်နိုင်တဲ့ ပုံပြင်ကို နားထောင်မိတဲ့အချိန်ကစပြီး အခြားသော ပုံပြင် များကိုလည်း နားဆင်ခွင့်လည်း ဆုံးရှုံးနေပါသတဲ့... အဆုံးတစ်နေ့မှာတော့ ပုံပြင်ကြိုက်တဲ့ ဘုရင်ကြီးဟာ အခု လိုမိန့်ကြားတော့သတဲ့ ...

“အို ... ပုံပြောဆရာ အဖိုးအို... အကျွနု်ပ်သင့်ကို အဆုံးမရှိတဲ့ပုံပြင်ကို ပြောစေခဲ့တယ်၊ သင်ဟာလည်း အဆုံးမရှိ တဲ့ပုံပြင်ကို ပြောနေခဲ့ပါတယ်၊ သို့သော်လည်း အသင်ရဲ့ ကျိုင်းကောင်များဟာ ပမာဏများပြားလွန်းပြီး ကုန်နိုင် ဖွယ်မရှိတဲ့အတွက် အကျွန်ုပ်သည်းခံနိုင်စွမ်းသည်သာကုန်ပြီး သင်ရဲ့ ကျိုင်းကောင်များကတော့ မကုန်နိုင်သေး ပါ။ အသင့်စကားအရ ဤကျိုင်းကောင်များ ကုန်မှသာ သင်၏ပုံပြင်ကို ရှေ့ဆက်တက်ပြောဆိုနိုင်မည်ဆိုက အသင်၏ပုံုပြင်အား ရပ်တန့်လိုက်ပါတော့လေ၊ အကျွနု်ပ်၏ သမီးတော်ကို လည်း အသင်လက်ဆက်လိုက်ပါ တော့၊ အကျွန်ုပ်သည်လည်း သင်ကို အိမ်ရှေ့အရာ အပ်နှင်းချီးမြှင့်ပါတော့မည်။ သင်၏ အဆုံးသတ်မရှိသော ပုံပြင်ကိုလည်း အမှန်တကယ်အဆုံးသတ်မရှိသော ပုံပြင်အဖြစ်အကျွန်ုပ်လက်ခံလိုက်ပါပြီ။ အသင့်ဤပုံပြောခြင်း အမှုကို ယခုပင်ရပ်တန့်ပါလေတော့ မောင်မင်း၊ အကျွန်ုပ်သင်၏ ကျိုင်းကောင်များကို စိတ်ကုန်ခြင်း ရှိလှပါပြီ ”

ထိုအခါတွင် ပုံပြင်ပြောအဖိုးအိုသည် အဓိပ္ပါယ်ရှိလှသော အပြံုးကို ပြံုးလေ၏၊ ထို အဖိုးအို၏ အပြံုးသည် အောင် နိုင်သော သူ၏အပြံုးမျိုးဖြစ်သည်ကို ပုံပြင်ကြိုက်သော ဘုရင်ကြီး သတိထားမိလေသတဲ့။ အဖိုးအိုက ဘုရင်ကြီး ၏ ပခုံးထက်တွင် လက်တင်၍ အလွန်တရာ ကြင်နာသော အမူအယာဖြင့် ဤသို့ပြောလေသည်။

“အရှင်မင်းကြီး ... အရှင်မင်းကြီး၏ စည်းစိမ်များနှင့် အရှင်မင်းကြီး၏ သမီးတော်ကို ရယူလိုခြင်းအဖို့ အကျွန်ုပ် ဤပုံပြင်ကို လာရောက်ပြောကြားခြင်းမဟုတ်ပါ၊ အရှင်မင်းကြီး၏ ၀ါသနာအပေါ်တွင် အရှင်မင်းကြီး ရပ်တည် နိုင်ပါသည်။ သို့သော် အရှင်မင်းကြီး၏ ၀ါသနာသည် အခြားသော ပြည်သူများ၊ တိုင်းသူပြည်သားများအပေါ် တွင် ထိခိုက်စေမှု၊ နစ်နာမှု မဖြစ်အောင် ဤသို့ အကျွနု်ပ်လာရောက် သတိပေးခြင်းပင်ဖြစ်ပါသည် မင်းကြီး။ အကျွန်ုပ်သည်ကား အခြားသူမဟုတ် သင်တို့သိထားကိုးကွယ်ကြသော ဇုဒ်နတ်မင်းပင်ဖြစ်သည်။ အရှင်မင်းကြီး
လူသားတို့တွင် အဆုံးမရှိသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ အသင်မင်းကြီးသည်လည်း ထိုနည်းနှယ်ပင် ဖြစ်သည်။ ထိုဆန္ဒများ၏ အလိုသို့ အဆုံးမဲ့စွာ လိုက်လျောနေမည်ဆိုပါက အရာရာသည်အချည်းနှီးပင် ကုန်ဆုံး ပေလိမ့်မည်။ အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမည်မဟုတ်သည်ကို အကျွန်ုပ်သိမြင်၍ ဤကဲ့သို့လာရောက် ဆုံးမ သတိပေးခြင်းပင် ဖြစ်ပါသည်”

ဤကဲ့သို့ စကား၏အဆုံးတွင် ပုံပြင်ပြောအဖိုးအိုအသွင် ဆောင်ထားသော ဇုဒ်နတ်မင်းသည် ပျောက်ကွယ်၍ သွားလေတော့၏။ ပုံပြင်ကြိုက်သော ဘုရင်ကြီးသည်လည်း အသိတရားတစ်ခုရရှိလိုက်သကဲ့သို့ ပြံုးရွှင်စွာဖြင့် သူ၏ အဆောင်တော်အတွင်းသို့ ၀င်သွားလေသည်။ သူ၏ အဆုံးသတ်စေချင်သော ပုံပြင်သည် အဆုံးသတ်ခဲ့ လေပြီ၊ သူ၏ ပုံပြင်များကို အဆုံးမဲ့ နားဆင်ချင်သော ဆန္ဒနှင့် အတ္တစိတ်ကို ဇုဒ်နတ်မင်း၏ ကျိုင်းကောင်များက ချီထုတ်သွားခဲ့လေပြီဖြစ်သည်။

ကျွန်တော်ပြောချင်မိသော ပုံပြင်လေး ပြီးဆုံးပါပြီ၊ သို့ပါသော်လည်း ကျွန်တော်၏အတွေးလေးများ အဆုံးမ သတ်သေးသည်မှာ သေချာလှပါသည်။ ယခုပုံပြင်ကို နားဆင်နေသော သင်၏ အတွေးလေးများ မည်သို့ အဆုံးသတ်မည်ကို သိလိုသော ဆန္ဒများဖြင့် အဆုံးမသတ်နိုင်ခြင်းပင် ဖြစ်ပါတော့သည်။

ပျော်ရွှင်ခြင်းဖြင့် ဘဝတွင် ရပ်တည်နိုင်ပါစေ ...


အိပ်မက်ရှင်
Notice -
Written in Myanmar3 unicode font. If you want to know with about unicode font download and installation, please click here for more informations.