Notice -

Written in Myanmar3 unicode font. If you want to know about the unicode download and installation, please click on here for more detail informations.

Sunday, October 30, 2011

ကြယ်စင်သူရဲကောင်း


သို့
ကြယ်စင်ချစ်သူ။

ငါ...
ကြယ်စင်ပါ
မင်းတို့ ချစ်သူတွေအတွက် ငါ စတေးပါ့မယ်၊
(ဒါပေမဲ့)
တုံ့ပြန်မှုတွေ မလိုပါဘူး။

ငါ...
ကြယ်စင်ပါ
မင်းတို့ဘဝတွေ အတွက် ငါ လည်စင်းပါ့မယ်၊
(ဒါပေမဲ့)
ပေးဆပ်မှုတွေ မလိုပါဘူး။

(တကယ်တော့)
ငါ...
ကြယ်စင်ပါ ချစ်သူ၊
ခန္ဓာမဆဲခင်မှာ မှာခဲ့ချင်တယ်
ချစ်ခြင်းတရားရဲ့ ဆုံဆည်းခွင့်ဟာ
ကြယ်စင်သူရဲကောင်းတွေရဲ့
ထာဝရ ထွက်သက်တွေပါဘဲ။

(၁)

အိပ်တန်းပြန် ငှက်တို့က အုပ်စုဖွဲ့ ပျံသန်းနေကြပြီ။ သူတို့ကို ငေးမောကြည့်ရင်း လွတ်လပ်မှုအရသာကို ကျွန်တော် တမ်းတနေမိသည်။ သူတို့လို လွတ်လပ်ပေါ့ပါးသော ကိုယ်ဖြင့် အနှောင်အတွယ်မဲ့စွာ ပျံသန်းချင်နေမိသည်။ သူတို့မှာ အတောင်ပံ တစ်စုံမှလွဲ၍ ဘာပိုင်ဆိုင်မှုမျှ မရှိ၊ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ လူတို့မှာသာ လောဘ၊ ဒေါသ၊ မောဟ စသည့် အရာတို့တွင် စီးမြော လိုက်ပါရင်း ဥစ္စာပစ္စည်းတို့ကို အလူးအလဲ ရှာဖွေနေကြသည်ဘဲ။

"ဟင်း... "

သက်ပြင်းရှည် တစ်ခုကို အမှတ်မထင် ချမိသည်။ အိပ်တန်းပြန် ငှက်တို့နှင့်အတူ လိုက်ပါသွားခဲ့သော အတွေးတို့က ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရီပျိုးတော့မှ ပြန်ရောက်လာကြသည်။ ဆည်းဆာအချိန်သည် တိတ်ဆိတ်လျှက်ပင်ဖြစ်သည်။ နေ့အခါက အာဏာအရှိန်အဝါကို အစွမ်းကုန် အသုံးချကာ ထွန်းလင်းဝံ့ကြွားခဲ့သော သူရိန်နေမင်းသည် ယခုအခါ တောင်စွယ်တွင် ညှိုးငယ်စွာ တိမ်းဝပ်နေရပြီ။ မှောင်ရိပ်သန်းသော ကောင်းကင်ပြင်တွင် တောင်ပသောကြယ်တို့က ဟိုတစ်စ၊ ဒီတစ်စ ထွက်ပေါ်စ ပြုနေသည်။ ပူလောင်ခြောက်သွေ့သော လေတို့၏ နေရာတွင် စိမ့်သက်အေးမြသော လေပြည်တို့က အစားထိုး ဝင်ရောက်လာနေပြီ။ တစ်လောကလုံး အလင်းရောင် ပျောက်သွားသော်လည်း လမင်းသည် ပေါ်ထွက်မလာသေး၊ လနတ်သမီး အိပ်ယာထ နောက်နေပြီ ထင်၏။

"သား... သား ဘာတွေ တွေးနေတာလဲ"

အဘက ကျွန်တော့်၏ အတွေးတို့ကို တချို့တဝက် ပိုင်ဆိုင်ချင်သော မျက်နှာအမူအယာဖြင့် တီးတိုးညင်သာစွာ မေးလေ၏။ အဘကို ကျွန်တော် မော့ကြည့်လိုက်သည်။ အဘ၏ မျက်နှာသည် အိုမင်းမှု၊ ဇရာ၏ မညှာမတာ ကုတ်ခြစ်မှုတို့ကြောင့် အရေးအကြောင်းတို့ဖြင့် သိသာထင်ရှားစွာ နွမ်းလျနေသည်။ သို့သော်လည်း ထိုအရေးအကြောင်းတို့ အကြားတွင် လျှို့ဝှက်သော အပြုံးတစ်ခုက ရီးလေခိုနေသည်ကို ကျွန်တော် သိလိုက်သည်။ အဘက ကျွန်တော့်ကို ရီဝေစွာ ငေးစိုက်ကြည့်နေပြန်တော့သည်။

"ဒီညက လမိုက်ညနော်..."

အဘက ပြောသည်။ ကျွန်တော့် အသိစိတ် ခံစားမှုနယ်ပယ်တွင် တစ်စုံတရာကို လက်လွှတ်ဆုံးရှုံး ရတော့မည့်အလား ခံစားလိုက်ရသည်။ ဒီညအဖို့ရာ လနတ်သမိး၏ မျက်နှာဝင်းပပကို မြင်ရဖို့ အခွင့်အလမ်း မရှိတော့။ ညှိုးငယ်သွားသော ကျွန်တော့်မျက်နှာကို အဘက မြင်လိုက်ပုံ ရပါသည်။

"ဒီ့အတွက် အားမငယ်ပါနဲ့ကွာ၊ လမင်း မရှိပေမဲ့ ဟောဟိုက ကြယ်ကလေးတွေ ရှိနေတာဘဲ..."

အဘက နှစ်သိမ့်စကား ဆိုပါသည်။ လမိုက်ညတို့၏ ထုံးစံအတိုင်း ကြယ်စင်များက စုံညီစွာ လင်းလက်နေကြသည်။ ကြယ်တွေက လင်းလက်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နဲ့။ တချို့သော ကြယ်တွေက မှိတ်တုတ်မှိတ်တုတ် မဟုတ်မူဘဲ တစ်သတ်မှတ်တည်း လင်းလက်တောက်ပနေကြသည်။ ကျွန်တော့် စိတ်ထဲတွင် မေးခွန်းတစ်ခုက ရုတ်ချည်းဆိုသလို ဝင်ရောက်လာသည်။ အဘကို ကြည့်လိုက်ပြန်တော့ အဘက ကြယ်တွေကို ရေတွက်နေပုံ ရသည်။

"အဘ ကြယ်တွေက တမျိုးဘဲနော်၊ တချို့ ကြယ်ကလေးတွေကျ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြပြီး၊ တချို့ကြယ်တွေကျတော့ တစ်သတ်မှတ်တည်း လင်းလက်နေကြတယ်၊ အဲဒါ ဘာဖြစ်လို့လဲဟင် အဘ"

"ဟားဟား"

အဘက လွတ်လပ်ပွင့်လင်းစွာ ရယ်မောလိုက်သည်။ လှောင်ပြောင်လိုသော သဘောနှင့် ရယ်မောခြင်း မဟုတ်မှန်း ကျွန်တော် သိသည်။ အဘသည် လှောင်ပြောင် ရယ်မောတတ်သူ တစ်ယောက်မဟုတ်မှန်း ကျွန်တော် သိပါသည်။ အဘက ကျွန်တော့်ကို ကလေးတစ်ယောက်လို ကြင်နာစွာ ကြည့်ပြန်၏။ အဘ၏ လက်တစ်ဖက်က ကျွန်တော့် ပခုံးကို နွေးထွေးစွာ လာဖက်သည်။ နုနယ် ပျိုမျစ်ခြင်းတို့သည် အဘ၏ ခန္ဓာကိုယ်ဆီမှ နှုတ်ဆက်လက်ပြကာ ထွက်ခွာသွားခဲ့သည့်မှာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပြီဘဲ။ သို့သော် အသိဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝမှု တို့ကတော့ အဘ၏ မီးဖိုချောင် ကျဉ်းကျဉ်းကလေး၏ ထောင့်တစ်နေရာတွင် အမြဲနေရာယူထားလေ့ ရှိသော ကျပ်ခိုးတို့ကဲ့သို့ အထပ်လိုက် အလွှားလိုက် ရှိနေကြပေလိမ့်မည်။

"ဒီလို ဖြစ်ရတာ ကြယ်တွေကြောင့် မဟုတ်ဘူး သား"

အဘ၏ လျော့တွဲကျနေသော နှုတ်ခမ်းတစ်စုံထက်မှ ထွက်ကျလာမည့် စကားစတို့ကို ကျွန်တော် နားစွင့်နေမိသည်။ အဘသည် ကျွန်တော့်အား ကြင်နာသော အားဖြင့် "သား" ဟူ၍ ခေါ်ဝေါ်သုံးနှုံးတတ်ပါသည်။ တကယ်တော့ လောက အလယ်တွင် တစ်ကောင်ကြွက်၊ တစ်မျက်နှာ ဖြစ်နေရသည့် ကျွန်တော့်ကို အဘက မွေးစား၍ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဘဲ။ အဘတွင် သားသမီး မရှိခဲ့၊ ယခု အချိန်တွင် အဘက "သား" ဟုဆိုစဉ်၌ ကျွန်တော့် နှလုံးသားထက်တွင် ဖော်မပြနိုင်သော နွေးထွေးမှုတို့က စီးဝင်လာခဲ့ကြသည်။ အဘက ဆက်ပြောသည်။

"အခု သား ရှုရှိုက်နေတဲ့ လေထုကြောင့်ဘဲ၊ လေတွေဟာ အပူအအေးပေါ် မူတည်ပြီး ပြောင်းလဲတတ်တယ် သားရဲ့၊ အေး ပူတဲ့ လေတွေက အထက်ကို ဆန်ထက်ပြီး အေးတဲ့ လေတွေကတော့ အောက်ကို စုန်ဆင်းလာတတ်ကြတယ်။

တို့ အခု မြင်နေရတဲ့ ကြယ်တွေရဲ့ အလင်းဟာ အင်မတန်ကွာဝေးလှတဲ့ ဟိုးအဝေးကြီးကနေ ဒီကမ္ဘာထိ ရောက်အောင် လာခဲ့ကြရတယ်။ သူတို့ရဲ့ အလင်းဟာ စုန်ချည်၊ ဆန်ချည် လှုပ်ရှားနေတဲ့ လေထုကြီက တဆင့် ဖြတ်သန်း လာကြရတယ်၊ ဒီတော့ကာ... "

ပြောလက်စ စကားကို အဘက ခဏရပ်လိုက်သည်။ အဘ အနည်းငယ် မောသွားဟန် တူသည်။ ကျွန်တော်က ကြိမ်နှင့် ရစ်ပတ်ထားသော ကိုင်းတပ် ရေနွေးကရားကို ယူ၍ ရေနွေးတချို့တဝက်ကို ခွက်ထဲသို့ အလိုက်တသိဖြင့် ငှဲ့ပေး လိုက်သည်။ မွှေးပျံ့သော လက်ဖက်ခြောက်အနံ့ သင်းသင်းကလေးက အဘပြောသော လေထုထဲတွင် သင်းပျံ့နေသည်။ အဖန်ရည်ကို တဂွပ်ဂွပ်နှင့် အားပါးတရ မော့သောက်နေသော အဘကို ကျွန်တော် ငေးမော ကြည့်နေမိသည်။ လည်ချောင်း ရှင်းသွားသော အခါ အဘက ပြောလက်စ စကားကို ပြန်လည် ကောက်ယူသည်။ ကျွန်တော် ပြံုးလိုက်မိပါသည်။ အဘ၏ လှုပ်ရှားပုံတို့က တီဗွီအစီအစဉ်တစ်ခု အကြားတွင် ဝင်ထိုးသော ကြော်ငြာ တစ်ခုပမာဖြစ်သည်ဟု ကျွန်တော် တွေးမိသောကြောင့် ဖြစ်သည်။ အဘက ဆက်ပြောနေသည်။

"ဒီတော့ လေထုထဲမှာ ခဲ၊ သလဲ၊ ဖုံမှုန့်တွေ၊ အစိုင်အခဲ အမှုံအမွှားတွေက လေစီးကြောင်းနဲ့ အတူ လိုက်ပါလို့ အထက်ကို တက်လိုက်၊ အောက်ကို ဆင်းလိုက်နဲ့ ဖြစ်နေပြီး ကြယ်တွေဆီက လာတဲ့ အလင်းတန်းကို အနှောက်အယှက် ပေးတော့တယ် သား။ အဲ အလင်းအားကောင်းတဲ့ ကြယ်တွေကိုတော့ မနှောက်ယှက်နိုင်ပေမဲ့ အလင်းအား သိမ်ငယ်တဲ့ ကြယ်ကလေးတွေကိုတော့ မှိတ်တုတ်မှိတ်တုတ် ဖြစ်စေတာပေါ့ကွယ်။ ဒါကြောင့်မို့ အဘတို့ ကြည့်တဲ့ အခါ တချို့သော ကြယ်တွေက တသတ်မှတ်တည်း လင်းလက်နေကြပြီး၊ တချို့သော ကြယ်တွေကတော့ ဒီလို အမှုံအမွှားတွေကြောင့် ပေါ်ချည်တခါ ပျောက်ချည်တလှည့်နဲ့ မှေးမှိန်နေကြရတာပေါ့။ ဒါပေမဲ့ ကောင်းကင်မှာ လင်းလက်နေတိုင်း ကြယ်လို့ မသတ်မှတ်တတ်ကြပြန်ဘူး။ တသတ်မှတ်တည်း လင်းနေတဲ့ အလင်းပိုင်ရှင်တွေကိုတော့ ဂြိုလ်လို့ ခေါ်ကြပြီး မှိတ်တုတ်မှိတ်တုတ် မျက်စပစ်နေကြတဲ့ အလင်းပိုင်ရှင်တွေကိုတော့ ကြယ်လို့ ခေါ်သတဲ့"

အဘက ရှည်လျားစွာ ရှင်းပြပြီး နောက်ထပ် အဖန်ရည်ကို ငှဲ့ကာ တစ်ကျိုက်မော့ လိုက်တော့၏။ ကျွန်တော်က အတွေးစတို့ကို ဆက်စပ်နေတဲ့ ခဏမှာ အဘကတော့ ထန်းလျက်ခဲကို ကိုက်လိုက်၊ အဖန်ရည်ကို မော့လိုက်နှင့် အမောဖြေ နေတော့သည်။ ကြယ်စင်တို့သည် အလွန်တရာ ဝေးကွာသော အရပ်ဒေသတို့မှ ဤကမ္ဘာဖြေသို့ မည်သည့် အကြောင်းကြောင့် လာရပါသနည်း။ အဘကို မမေးမိတော့ပါ။ ထိုအဖြေကို ကျွန်တော့်လည်း သိနေနိုင်သည်ဟု မရဲတရဲ တွေးနေမိရင်း အဘကိုသာ ငေးမောကြည့်နေမိတော့သည်။ ကြယ်စင်များသည် အဖော်မဲ့ ဘဝဖြင့် တစ်ကိုယ်ရည် ဖြစ်နေသော ကျွန်တော့်ကို အားပေးနှစ်သိမ့် နွေးထွေးစေဖို့ အတွက် ရောက်လာကြခြင်း ဖြစ်မည်ဟု စိတ်တွင်း ယုံကြည်လိုက်တော့သည်။

(၂)

ယခုလို ညတွင် လနတ်သမီးသည် နှစ်ခြိုက်စွာ အိပ်မောကျနေတတ်သည် ဖြစ်၍ ကြယ်စင်တို့ကို ကျွန်တော် ပိုမို ကျေးဇူးတင်နေမိသည်။ ထိုကြယ်ကလေးများတွင် ကိုယ်ပိုင်အလင်းရောင် ရှိသည်/ မရှိသည်ကို ကျွန်တော် စိတ်မဝင်စား၊ သိလည်း မသိချင်ပါ။ တကယ်တမ်းတွင် ကိုယ်ပိုင်အလင်းရောင် ရှိသော နေမင်း၏ ပူလောင်မှုဒဏ်ကို ခံစားနားလည်ခဲ့ရသော ကျွန်တော်သည် ကျွန်တော် ချစ်သော ကြယ်စင်ကလေးများကို ကိုယ်ပိုင်အလင်းရောင် မရှိစေချင်။ ထို့ကြောင့်ပင်လား မသိ ကိုယ်ပိုင်အလင်းရောင် မရှိရှာသော လနတ်သမီးကို ကျွန်တော် ခင်မင်နေမိခြင်း ဖြစ်သည်။

တချိန်က လနတ်သမီးသည် ကျွန်တော့်ကို ခင်မင်ခွင့်ရရန် ကမ်းလှမ်းခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် လနတ်သမီး၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် လနတ်သမိးသည် နေမင်းထံမှ အလင်းရောင်ဖြင့် တဖန် ထွန်းလင်းတောက်ပရသူ ဖြစ်နေသောကြောင်ပင်။ အလွန်ဝေးကွာသော အရပ်ဒေသမှ ကြယ်စင်များ၏ ကမ်းလှမ်းမှုကိုတော့ ကျွန်တော် ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုခဲ့မိသည်။ လနတ်သမီး၏ ပွဲတော်နေ့ ဆိုလျှင် ကြယ်စင်များမှာ သိသိသာသာပင် အားနည်း သိမ်ငယ်နေတတ်ကြသည်ကို ကျွန်တော် ကိုယ်ချင်းစာမိသည်။ လနတ်သမီးက သူ့ကိုယ်ရောင်ကိုယ်ဝါကို ပစ်ချစွန့်ပယ်ကာ သူမ၌ ကိုယ်ပိုင်အလင်းရောင် မရှိပါဟု ဝပ်တွား တောင်းပန်လာစဉ်မှာတော့ ဂရုဏာသက်စွာ လက်ခံပါရန် ကြယ်စင်ကလေးများက ကျွန်တော့်ကို တိုက်တွန်းလာခဲ့ကြသည်။ ဤနည်းနှယ်ဖြင့် ကျွန်တော်နှင့် လနတ်သမီးသည် ခင်မင်ရင်းနှီးခဲ့ကြပေသည်။

မည်သို့ ဆိုစေ ယခုည၌ လနတ်သမီးမှာ ကျွန်တော်နှင့် စကားမဆိုနိုင်အောင်ပင် အိပ်မောကျနေပြီ ဖြစ်သည်။ ကျွန်တော့် ကြယ်စင်များက လနတ်သမီးလောက် မထည်ဝါ၊ မကြီးမား၊ မတောက်ပ၊ သို့ပါသော်လည်း သူတို့ မအိပ်စက် တတ်ကြပေ။ ကျွန်တော် အိပ်စက်သည့်တိုင် သူတို့ မအိပ်စက်နိုင်ပဲ ဂရုဏာသက်စွာဖြင့် အရိပ်တကြည့်ကြည့် စောင့်ရှောက်တတ်ကြသည်။ သို့ပါသော်လည်း အရုဏ်ချိန်ရောက်၍ ကိုယ်ပိုင်အလင်းရောင်ရှင် နေမင်းသူရိန် ရောက်ရှိလာလျှင်မူ ကြင်နာသနားတတ်သော ကြယ်စင်များ တပ်ပျက်ရရှာသည်။ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ရရှာတော့သည်။ သူတို့ ဘယ်ဆီကို ရှောင်ပုန်းနေသလဲ ကျွန်တော် မသိရ။ နေမင်း စိုးမိုးမင်းမူသည့် နေ့ကာလတွင် ကျွန်တော်သည် အဖော်မဲ့စွာ တစ်ကိုယ်တည်း အားငယ်နေခဲ့ရရှာသည်။ ထိုအချိန်တွင် လနတ်သမီးသည်လည်း ပျောက်ကွယ်နေခဲ့ပြီ။

ကျွန်တော် အတွေးနယ် ကျွံနေရပြန်သည်။ ဘာကြောင့်ရယ် မသိ ကျွန်တော့်တွင် အိပ်စက်ရန်ပင် ခွန်အား မရှိ။ အိပ်စက်ရန်ပင် ခွန်အားလိုပါသလားဟု မေးခဲ့သည် ရှိသော် ကျွန်တော် ဖြေနိုင်အံ့မထင်။ တချို့သော လူများကတော့ အိပ်စက်မှ ခွန်အားကို ရသည်ဟု ပြောတတ်ကြသည်။ လက်ရှိညတွင်မူ ကျွန်တော့်တွင် အဖော်ဟူ၍ အဘနှင့် ကြယ်ကလေးများသာ ရှိပါသည်။ ကျွန်တော် အိပ်စက်လိုက်လျှင် ကျွန်တော် မတမ်းတသော ကိုယ်ပိုင် အလင်းရောင်ရှင်နှင့် ဆုံဆည်းရဦးမည်။ ကျွန်တော့် အားပေးဖော် ကြယ်ကလေးများ ထွက်ပြေးကြဦးမည်။ အဘသည်လည်း ဝမ်းရေးအတွက် ဂျာနယ်အတိုအထွာကလေးများကို ရောင်းဖို့ စျေးကလေးသို့ သွားပေလိမ့်မည်။ သေးငယ်သော တဲအိမ်ကလေးထဲတွင် ပြင်းထန်သော အရေပြားရောဂါ ဝေဒနာတစ်ရပ်ကို ခံစားနေရသော ကျွန်တော် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ရလိမ့်ဦးမည်။ ကျွန်တော် မအိပ်စက်နိုင်ပါ။ ကျွန်တော် မအိပ်စက်ရဲပါ။

"အိပ်ကြစို့ သားရယ်..."

"ကျွန်တော် ကြယ်တွေကို ချစ်တယ် အဘ၊ ကြယ်တွေဟာ ကျွန်တော့်ဘဝရဲ့ အားပေးဖော်တွေလို့ ကျွန်တော့် စိတ်ထဲ ခံစားနေရတယ်၊ အဘလိုပေါ့။ အဲလို ခံစားနေမိတာ ကျွန်တော် မှားများနေသလား"

အမေးနှင့် အဖြေက လွဲမှားနေသည်မို့ အဘ၏ မျက်နှာတွင် အံသြရိပ်များ ယှက်သမ်းသွားတော့သည်။ ကျွန်တော့် မျက်နှာကို အောက်စိုက်ချထားပေလင့်ကစား ကျွန်တော့်ကို ကြင်နာစွာ စိုက်ကြည့်နေသော မျက်ဝန်းများကို မြင်နေရဆဲ ဖြစ်ပါသည်။

"သား... ဒီကြယ်တွေ၊ နက္ခတ်တွေဟာ လူတွေရဲ့ ကံကြမ္မာတွေနဲ့ ပတ်သက်သက်ဆိုင်နေတတ်တယ်လို့ ယုံကြည်ကြတာ သား ကြားဖူးလား"

ပြဿနာတစ်ရပ်၏ မျက်နှာစာကို ထုဆစ်ဖွင့်လှစ်လိုက်သလို ညင်သာသိမ်မွေ့လွန်းသော အသံဖြင့် အဘက ပြောသည်။ ထိုစကားကြောင့် ကျွန်တော့် မျက်နှာတွင် မည်သို့သော အရိပ်အငွေ့ယှက်သမ်းသွားမည်ကို သိလိုသော သဘောဖြင့် အဘက လှမ်းအကဲခတ်သည်။ အဘက မည်သို့ပင် အကဲခတ်သော်လည်း အဝေးတစ်နေရာမှာ ကြယ်စင်တစ်စုံဆီသို့သာ ကျွန်တော် မျက်နှာလွှဲနေလိုက်မိသည်။ ကျွန်တော့် မျက်နှာကို အဘမြင်ခွင့် ရမည် မဟုတ်ပါ။ ထိုအမူအယာကိုပင် အဘက မသိကျိုးကျွံပြု၍ ပြောလက်စ စကားကို ဆက်ပြောသည်။ အဘရှေ့တွင် ငှဲ့ထားသော ရေနွေးအဖန်ရည်သည် မြောက်ပိုင်းအတ္တလန်တိတ် သမုဒ္ဒရာမှ ပင်လယ်ရေများလို အေးစက်နေခဲ့ကြသည်မှာ ကြာခဲ့ပြီ။

"သား မင်းချစ်တဲ့ ကြယ်တွေဟာ လူတွေရဲ့ ကံကြမ္မာကို ဖတ်ရှုဖို့ မာတိကာ စာအုပ်တစ်အုပ်လို ဖြစ်ခဲ့ဖူးတယ်၊ နောက်ပြီး ဟိုးရှေးခေတ်က ပင်လယ်ရေကြောင်း သွားလာ အသက်မွေးတဲ့သူတွေအတွက် အဖိုးဖြတ်မရ အင်မတန် တိကျတဲ့ လမ်းပြမြေပုံ တစ်ခုဘဲ၊ နောက်ပြီး ကြယ်စင်တွေဟာ အဘအတွက်တော့ အနစ်နာခံသူတွေပါဘဲ... ဟုတ်တယ် ကြယ်စင်တွေဟာ လူတွေရဲ့ ခံစားချက်ကို နားလည်ကြတယ်၊ အထူးသဖြင့် အဘရဲ့ ခံစားချက်ကိုပေါ့..."

ရုတ်တရက် အဘကို ကျွန်တော် လှည့်ကြည့်မိသည် အထိ ကျွန်တော် အံသြသွားခဲ့သည်။ ကျွန်တော် ချစ်သော ကြယ်တွေနှင့် ကျွန်တော် ချစ်သော အဘတို့ မည်သို့ ပတ်သက်မှု ရှိသနည်း။ အဘ၏ မျက်နှာတွင် ဆွေးမြေ့မှု၊ ကြည်နူးမှု၊ အံသြတကြီး ဖြစ်မှု စသော ခံစားမှုအရိပ်အယောင်တို့က ရောပြွှမ်းယှက်သမ်း၍ ပြေးလွှားနေကြသည်။ ဆွေးမြေ့မှုများသည် ကြယ်စင်များအတွက်လား။ ကြည်နူးမှုများသည် ကြယ်စင်များ အတွက်လား အဘတစ်ယောက်တည်းသာ သိနိုင်ပါလိမ့်မည်။

(၃)

တုန်ရီအက်ထနေသော အသံဖြင့် အဘက ဆက်ပြောသည်။ ကျွန်တော့် နှလုံးသားသည် တုန်ရင်နေသော အဘ၏ စကားသံထဲတွင် နစ်ပါစီးမြော၍ ပျောက်ကွယ်စ ပြုနေပေတော့သည်။

"အဘ ပြောပြမယ် သား၊ အဘငယ်ငယ်က ကြယ်စင်တွေ စုံလင်တဲ့ ညတစ်ညမှာ ဆုတောင်းခဲ့ဖူးတယ်၊ အဲဒီ့အချိန်မှာ အဘဟာ အဘချစ်တဲ့ ချစ်သူနဲ့ ကွေကွင်းနေရတဲ့ အချိန်ပေါ့။ ဒီလို ညလိုမျိုး လမိုက်တစ်ညမှာ အလင်းရောင်ဟာ ကြယ်စင်တွေရဲ့ အလင်းရောင်နဲ့ပဲ အသက်ဆက်နေရတယ်၊ တိုင်တည်စရာ လမင်း မရှိခဲ့ဘူး၊ အောင်သွယ်စရာ ငွေစန္ဒာ ကင်းမဲ့တဲ့ ညပေါ့ သားရယ်၊ အားငယ်နေတဲ့ အဘဟာ ကြယ်စင်တွေကို သက်သေထားပြီး ချစ်သောသူနဲ့ ဆုံဆည်းရပါစေလို့ ဘုရားမှာ ဆုတောင်းလိုက်မိတယ်၊ ကြယ်စင်တွေကို ချစ်သူရှိရာဆီ လမ်းပြပါလို့ ဆုတောင်းလိုက်တဲ့ အချိန်မှာ ကြယ်စင်တစ်လုံးက ဖျတ်ကနဲ ကြွေဆင်းသွားခဲ့တယ်၊ အဘ စိတ်မကောင်း ဖြစ်လိုက်ရတာ သားရယ်၊ ကြယ်စင်ပွင့်က သူ့ ခန္ဓာကိုယ်ကို စတေးပြီး သက်သေတည် လမ်းပြခဲ့တယ်။ ဒီလိုနဲ့ ကြယ်စင်လေး ကြွေဆင်းပြသွားတဲ့ဘက်ကို ဦးတည်ပြီး အဘချစ်သူနောက်ကို လိုက်ခဲ့တယ်။ တကယ်ပါ အဘဟာ အဘချစ်သူကို အဲဒီအရပ်မှာပဲ တွေ့ခဲ့တယ်။ ချစ်သူဟာ သူတပါးရဲ့ အနှောင်အဖွဲ့မှာ ကွန်မှာ မိတဲ့ ငါးကလေးလို ငြိတွယ်နေခဲ့တယ်။ ဒီလို အခက်အခဲတွေ ကြားက ချစ်သူကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ တဖက်လူတွေက အဘရဲ့ ကြိုးစားမှုကို သိရှိသွားကြတယ်။ သူတို့ဆိုတာကတော့ အဘချစ်သူရဲ့ မိဘအသိုင်းအဝိုင်းပဲပေါ့ သား၊ ချစ်သူကို တွေ့တဲ့အခါ အဘလည်း ဘာမှ မတတ်နိုင်ဘူးသား၊ ကြယ်စင်တွေကိုလည်း မျက်နှာမပြရဲတော့ဘူး၊ အဘ အသုံးမကျတော့ဘူးလေ။ အဲသည့် အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ချစ်သူရဲ့ အသိုင်းအဝိုင်းဖက်က စကားစ ဆိုလာတယ်။ သူတို့က ဒီလမိုက်ည ညဉ့်သန်းခေါင်အချိန်မှာ ငွေကြယ်တစ်ပွင့် ကြွေခဲ့လို့ ရှိရင် အဘတို့ ချစ်သူနှစ်ဦးကို သဘောတူမယ်ဆိုတဲ့ စကားကို ဆိုလာတယ်။ ကြယ်တစ်လုံးဟာ ဘယ်အချိန်မှာ ကြွေမယ်၊ ဘယ်အချိန်မှာ မကြွေဘူးဆိုတာ ဘယ်သူမှ အတိအကျ မခန့်မှန်းနိုင်ဘူးသား၊ မတိမကျလည်း မခန့်မှန်းနိုင်သလို၊ အတိအကျလည်း မခန့်မှန်းနိုင်ဘူး။ အခုလို သူတို့ဖက်က တစ်ဖက်စောင်းနင်း ပြောတာကို အဘလည်း ဘာမှ မတတ်နိုင်တော့ဘူး၊ သူတို့က ဆိုသေးရဲ့ တကယ်လို့ ကြယ်မကြွေခဲ့ရင် ချစ်သူကို စွန့်လွှတ်ပေးဖို့၊ တခြားသူတို့ စီစဉ်သူရဲ့လက်ထဲ ထိုးအပ်တာကို လက်ခံပေးဖို့ တောင်းဆိုသေးတယ်။ သား စဉ်းစားကြည့်ပါ အဘရင်မှာ ဘယ်လောက် ခံစားရမလဲ။ အဘရဲ့ ချစ်သူဆိုရင် ဒီတစ်သက်တော့ ရှင်ကွဲ ကွဲလို့ ဝေးကြရပါပြီ ဆိုပြီး ငိုကြွေးလို့သာ နေတာပါဘဲ"

အဘ အသံက ဆိုနင့်လို့ နေသည်။ မျက်ရည်စတို့က အဘ၏ မျက်ဝန်းဖျော့ဖျော့တို့ထက်တွင် ပြည့်လျှံနေသည်ဘဲ။ အဘက သူ့အကြောင်း ဆက်ပြောသည်။ ကျွန်တော့် ခံစားမှုများကတော့ စကြာဝဠာကြီး အတွင်းလို့ မြောလွှင့်နေတော့သည်ပေါ့။

"ဒီလိုနဲ့ ဘအတို့ဟာ စည်းချက်မမှန်တဲ့ ရင်ခုန်သံတွေကို ပိုက်ထွေးပြီး အဲဒီ့လမိုက်ညရဲ့ ညဉ့်ယံကို စောင်းဆိုင်းနေကြရတယ်။ ဒီလို စောင့်စားရတာဟာ ကွပ်မျက်ခံရတော့မယ့် ရာဇဝတ်သားဟာ တောင်စွယ်နေကွယ်ချိန်ကို စောင့်နေသလိုပါဘဲ။ အဘက ကြယ်တွေကို မော့ကြည့်လိုက်တော့ အဘတို့ အဖြစ်အပျက်ဆိုးကို သူတို့ မသိကြသေးဘူး။ ကြယ်တွေဟာ ကောင်းကင်မှာ ပျော်ရွှင်နေတယ် သား။ သူတို့ဟာ အဘတို့ နှစ်ယောက်ရဲ့ ခံစားချက်ဝေဒနာတွေကို ညဉ့်အလယ် မကုန်ဆုံးခင်အထိ မသိကြသေးဘူး။ အဘချစ်သူရဲ့ ငိုရှိုက်သံဟာ တိုးမသွားပဲ ပိုလို့ ပိုလို့သာ ကျယ်လာတယ်။ အဘလည်း ဒီတစ်သက် ဝေးကြရပြီ ဆိုပြီး အံကို ကြိတ်လို့ မျက်ရည် ဝိုင်းနေမိတယ်။"

အဘ အသံက တိတ်ဆိတ်သွားသည်။ ထိုအခါ၌မှသာ ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကျွန်တော် သတိထားမိသည်။ ကျွန်တော်ကိုယ်တိုင် အဖြစ်အပျက်၏ အင်အားကြောင့် လေဟုန်စီးနေရသူ တစ်ယောက်လိုပင် ခံစားနေရသည်။ ကြယ်စင်တို့သည် မည်သို့ ရှိကြမည်နည်း။

"အဲသည့် အချိန်မှာ သား၊ ကြယ်စင်တွေဟာ အဘတို့ ချစ်သူနှစ်ဦးရဲ့ ငိုရှိုက်သံကို ကြားသွားကြတယ်။ ကြယ်စင်တွေဟာ အဘရဲ့ သက်သေစကားကို အလေးထားခဲ့ကြသူတွေ ဖြစ်တယ်။ ဒီကမ္ဘာမြေပေါ်က ချစ်သူနှစ်ဦးရဲ့ ဆုံဆည်းမှု အတွက် သူတို့ ပေါင်းကူးပေးချင်ကြတယ်။ ဒါပေမဲ့ သား သူတို့ စတေးကြရမှာ။ ကြယ်စင်တွေရဲ့ ပွဲတော်ဟာ ရုတ်ချည်း တိတ်ဆိတ်သွားတာကို အဘ သတိပြုလိုက်မိတယ်။ အဲဒီ့အချိန်မှာ သားရယ် ကောင်းကင်ကို မော့ကြည့်မိတော့ ထင်မှတ်မထားပဲ ဗြုန်းဆို ကြယ်စင်တွေ ထိုးဆင်းနေလိုက်တာ... ထိုးဆင်းနေလိုက်ကြတာဟာ အပြိုင်းအရိုင်းပဲ၊ အဲလို ထိုးဆင်းနေတုန်း နာကျင်တဲ့ ဝေဒနာကို ကြယ်စင်တွေ ကြိတ်မှိတ်ခံစားရင်း နှုတ်ဆက်သွားတဲ့ စကားတစ်ခွန်းကို အဘ ကြားလိုက်မိတယ်၊ အဲသည့် စကားက ...."

"ဒီလောကမှာ ချစ်သူတွေ ဆုံဆည်းကြဖို့ ငါတို့ဘဝကို စတေးပါတယ်၊ ဒီအတွက် ဘယ်လိုတုံ့ပြန်မှုမျိုးမှ မပေးပါနဲ့၊ ဒါပေမဲ့ ဒီလို ပေးဆပ်ခဲ့တဲ့ ဘဝတွေ ရှိတယ်ဆိုတာ ကြယ်စင်ချစ်သူတွေကို ပြောကြားပေးပါ.... တဲ့"

"အဘဟာ ထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့် ရူးမတတ် ဖြစ်ရတယ်၊ ကြယ်စင်တွေရဲ့ အနစ်နာခံမှုကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုလိုက်မိတယ်၊ ကြယ်စင်တွေအတွက် ဆွေးမြေ့ကြေကွဲရင်းနဲ့ တစ်ဖက်က ချစ်သူနဲ့ ဆုံဆည်းခွင့် ရတဲ့အတွက် ကြည်နူးနေမိတယ်၊ အဘရဲ့ ဘဝမှာ ဒီတစ်ခါတည်း ခံစားချက် နှစ်ရပ်ကို တစ်ပြိုင်နက် ခံစားခဲ့ရဖူးတော့တယ် သား၊ ဒါကြောင့် အဘ နားလည်မိတယ်၊ သဘောပေါက် မိတယ်။ ကြယ်စင်တွေဟာ လူသားတွေရဲ့ ခံစားချက်ကို နားလည်တယ်၊ ကိုယ်တိုင် ခံစားနိုင်တယ်၊ ထိတွေ့နိုင်တယ်၊ အနစ်နာခံနိုင်တယ်၊ နောက်ဆုံး အဘအတွက်တော့ ကြယ်စင်တွေဟာ အချစ်ရဲ့ သူရဲကောင်းတွေပါဘဲ"

ရှည်လျားလှသော စကားစုတို့ကို အဘက ရပ်တန့်လိုက်တော့သည်။ ထိုအကြောင်းကို အတိုင်းသား ကြားနေရသော ကြယ်စင်များက ငိုကြွေးနေကြလေသည်။ ကျွန်တော့်ကို အားပေးနှစ်သိမ့်တတ်လေသော ကြယ်စင်များ ငိုကြွေးလေသော အခါ ကျွန်တော်ပါ လိုက်ပါ ငိုကြွေးမိတော့၏။ အဘသည် ဝမ်းနည်းမှုနှင့် တစ်ဆို့နေသော ချောင်းသံကို ပြုသည်။ ကျွန်တော်နှင့် အဘတို့ မတိုင်ပင်မိပဲ ငိုကြွေးသံတို့ဖြင့် ပြည့်လျှံနေသော ကောင်းကင်ပြင်ကို ပြိုင်တူ မော့ကြည့်လိုက်မိသည်။

ဖျတ်ကနဲ ကြယ်စင်တစ်လုံး ကြွေကျသွားသည်။ ကြွေကျသွားသော ကြယ်စင်သည် လက်ပြနှုတ်ဆက်ကာ သူ့ ဆန္ဒကို တီးတိုးရွတ်ဆိုသွားလေ၏။ အသံသည် မည်မျှပင် တိုးညင်သာပါစေ ကျွန်တော်နှင့် အဘတို့ ကောင်းစွာ ကြားလိုက်ပေသည်။

"ကျေးဇူးတင်ပါတယ် ကြယ်စင်ချစ်သူတို့၊ ငါတို့ ကြယ်စင်တွေဟာ ခံစားချက် အပြည့်နဲ့ပါ၊ ဟိုးဝေးကွာတဲ့ အရပ်က လာရပေမဲ့ ငါတို့ မမောကြပါဘူး၊ ရေကြည်တစ်ပေါက် တိုက်ကျွေးမယ့်သူ မရှိပေမဲ့ ငါတို့ ပြံုးနေနိုင်ပါတယ်၊ ဒါဟာ ဘာဖြစ်လို့လည်း၊ ဒီကမ္ဘာကြီးပေါ်က ချစ်သူတွေရဲ့ ဆုံဆည်းမှုကို ငါတို့ ဖန်တီးပေးဆပ်နိုင်ခဲ့လို့ပါဘဲ၊ ငါတို့ဟာ ကြယ်စင်ချစ်သူတွေဖက်က ထာဝရရပ်တည်မယ့် ကြယ်စင်သူရဲကောင်းတွေပါကွယ်"

(၄)

အဘသည် အိပ်စက်သွားပြီ ဖြစ်သည်။ ကျွန်တော်သည်လည်း အိပ်ယာထက်ဆီသို့ ဦးတည်လိုက်သည်။ ကျွန်တော် ကောင်းမွန်စွာ အိပ်စက်ရမည်။ သို့မှသာ ကျွန်တော် ချစ်သော ကြယ်စင်များထံသို့ အရောက် သွားနိုင်မည်။ သူတို့၏ ပေးဆပ်မှုကို အသိအမှတ်ပြုရလိမ့်ဦးမည်။ ကျွန်တော် အိပ်စက်လိုက်ပါသည်။

အိပ်မက်ထဲတွင် ကျွန်တော်သည် ကြယ်စင်များထံသို့ ခရီးနှင်နေပါသည်။ ကြယ်စင်များကလည်း ဝမ်းသာအဲလဲ လက်ကမ်းကြိုနေကြသည်။ ကျွန်တော် ဤကမ္ဘာမြေကို နှုတ်ဆက်၍ ကြယ်စင်များထံသို့ ငြိမ်းချမ်းစွာ ထာဝရ ထွက်ခွာသွားပါတော့မည်။ ။


အိပ်မက်ရှင်
4:05 am
12 March 2000

No comments:

Post a Comment

Notice -
Written in Myanmar3 unicode font. If you want to know with about unicode font download and installation, please click here for more informations.